Latest News

Sunday, April 22, 2018

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနား ကျင်းပ

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနား ကျင်းပ

မန္တလေး   ဧပြီ   ၂၂

မန္တလေးမြို့တွင် ကိန်းဝပ်စံပယ်တော်မူသည့်  မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား  ဗန်းမော်ဆရာတော်ကြီးနှင့် တကွ သြဝါဒါစရိယဆရာတော်ကြီး  ၅၂ ပါး အပါအဝင် သံဃာတော်အပါး   ၁ဝ၈ဝ  တို့ဖြင့်   ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားကို  ဧပြီ ၂၂ ရက် နံနက် ၇ နာရီတွင် ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ          အနေကဇာတင်အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး သံဃာတော်အရှင်သူမြတ်အပါး ၁ဝ၈ဝ တို့က စောင်းတန်း လေးဖက်တွင် အသီးသီးသီတင်းသုံးနေရာယူတော်မူကြ ကာ   ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူပြီးနောက် မင်္ဂလသုတ်နှင့်   မေတ္တသုတ်ပရိတ်တော်များ  ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ် အပါး ၁ဝ၈ဝ တို့အား နဝကမ္မဝတ္ထုငွေနှင့်   လှူဖွယ်ဝတ္ထုအစုစုတို့ကို တန်ဖိုးငွေကျပ်သိန်း  ၁၈ဝဝ ကျော်   ဆက်ကပ်လှူဒါန်းခဲ့ပြီး မိုးကောင်းဓမ္မာရုံ၌ လှူဒါန်းမှုအစုစုတို့အတွက် မစိုးရိမ် ဆရာတော်ကြီးက ရေစက်ချတရားဟောကြားချီးမြှင့်ကာ အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ၍ အခမ်းအနားရုပ်သိမ်းခဲ့သည်။

ဗုဒ္ဓါဘိသေကအနေကဇာတင်    ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ မဟာမုနိဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးစိုးလင်း က ''လွန်ခဲ့တဲ့  ၁ဝ  လလောက်ကစပြီး  မီးပူဇော်တာတွေ၊ ဂန္ဓကုဋိတိုက်အတွင်း  ရွှေချတာတွေနဲ့  ကျောင်းတော်ကြီး ဘုံခုနစ်ဆင့်ကို ရွှေစင်ရွှေပြားတွေ အသစ်ကပ်လှူပူဇော် တာတွေ၊  စိန်ဖူးတော်၊   ထီးတော်၊  ငှက်မြတ်နားတော်တွေကို ရောင်တော်ဖွင့်တာတွေ ဆောင်ရွက်ခဲ့တယ်၊ ဒါတွေပြီးစီး သွားလို့   အနေကဇာတင်အခမ်းအနားပြုလုပ်တာ  ဖြစ်ပါ တယ်''ဟု ပြောသည်။

ဂန္ဓကုဋိတိုက်တော်အတွင်း    ခန်းလုံးပြည့်    မွမ်းမံ ပြင်ဆင်ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်း၊ မဟာသုဝဏ္ဏပါသာဒ ပြာသာဒ်တော်ကြီးအပေါ်ပိုင်းကိုလည်း ရွှေချိန် ၂၁ ပိဿာ ကျော်နှင့်၊ ပြာသာဒ်တော်ကြီး  သဇင်ပန်းခွေဘုံသုံးဆင့် စေတီရံကိုလည်း ရွှေချိန်ရှစ်ပိဿာကျော်ဆက်ကပ်ပူဇော် လှူဒါန်းခဲ့ကြောင်း၊ လျှပ်စစ်အန္တရာယ်မရှိစေရန် ထောင့် လေးထောင့်မှ  မီးတိုင်ကြီးလေးတိုင်စိုက်ထူကာ   ပြာသာဒ် တော်ကြီးတစ်ခုလုံးနှင့် ရင်ပြင်တော်တစ်ခုလုံး မီးပူဇော်ခြင်း၊ ကျောင်းတော်ကြီး မိုးယိုစိမ့်မှုမှ  ကာကွယ်ရန်   ဓာတု အလွှာပါးတစ်လွှာ ထပ်ပိုးခင်းခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထို့ပြင်    ဘုရားပရိဝုဏ်အတွင်းရှိ   အဆင့်မြှင့်တင် မွမ်းမံပြင်ဆင်ခဲ့သည့်  ကြေးရုပ်ပြတိုက်၊  မြန်မာ့အနုပညာ ပစ္စည်းများပြခန်း၊  သမိုင်းပန်းချီပြခန်းတို့  ဖွင့်လှစ်သည့် အခမ်းအနားပြုလုပ်ခဲ့ပြီး  အခမ်းအနားသို့  တက်ရောက် လာကြသည့်   မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ၊     တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များက   ပြခန်းများအတွင်းလှည့်လည် ကြည့်ရှုခဲ့ကြသည်။

မဟာမုနိရုပ်ရှင်တော်မြတ်ကြီး မန္တလေးမြို့တွင် သီတင်းသုံးတော်မူသည့်နှစ်ပေါင်း ၂ဝဝ ကျော်အတွင်း ယခုကဲ့သို့ ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာ ကျင်းပခဲ့ သည်မှာ တတိယအကြိမ်မြောက်ဖြစ်ကြောင်းနှင့် ယနေ့ အခမ်းအနားတွင် လာရောက်ကြည်ညိုကြသူများနှင့်  ဘုရားဖူးများအား   စတုဒိသာမဏ္ဍပ်ကြီးများဖြင့် အာဟာရ ဒါနကျွေးမွေးလှူဒါန်းကြကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)၊ အေးမြ(မန္တလေး)

No comments:

Post a Comment