Latest News

Tuesday, April 17, 2018

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏
နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား


ပြည်ထောင်စုသမ္မတ    မြန်မာနိုင်ငံတော်အတွင်း  မှီတင်း နေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ပြည်ပ ရောက် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး မြန်မာနှစ်သစ် ကူး အခါသမယမှာ အေးချမ်းပျော်ရွှင်စွာဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သ အပ်ပါတယ်။

ယခုလို နှစ်သစ်ကူးအခါသမယမှာ နိုင်ငံသူ နိုင်ငံသားများ အနေဖြင့်လည်း နှစ်ဟောင်းက မိမိတို့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲအကျပ်အတည်းများ၊ အားနည်းချက်၊ အားသာ ချက်တို့နဲ့ စိန်ခေါ်မှုအမျိုးမျိုးတို့ကို သင်ခန်းစာအဖြစ် မှတ်ယူပြီး ကူးပြောင်းလာတဲ့ နှစ်သစ်မှာ စိတ်သစ်လူသစ် အားမာန်သစ် များဖြင့် ပိုမိုကောင်းမွန်တဲ့အနာဂတ်နဲ့ အောင်မြင်မှု အခွင့် အလမ်းသစ်များကို ရရှိပိုင်ဆိုင်နိုင်ဖို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတူတကွ စည်းလုံးချစ်ခင်စွာဖြင့် ကြိုးစားဆောင် ရွက်သွားကြရမှာပဲ ဖြစ်ပါတယ်။

လွှတ်တော်များအနေနဲ့ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုး ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးတို့ကို ဖော်ဆောင်ပေးမယ့် ဥပဒေများရေးဆွဲပြဋ္ဌာန်းခြင်း၊ ခေတ်စနစ်နဲ့ မလျော်ညီတော့တဲ့ ဥပဒေများ ပြင်ဆင်ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်း၊ အသစ်ရေးဆွဲ ပြဋ္ဌာန်းခြင်းတို့ကိုလည်း ပြည်သူများအကျိုးကို ရည်မျှော်ပြီး ဆက်လက်ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ရဲ့ ဥပဒေပြု ရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်များဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ နိုင်ငံတော်၏ အုပ်ချုပ်ရေးနှင့် တရားစီရင် ရေးကဏ္ဍများကို တတ်နိုင်သမျှ စိစစ်ထိန်းညှိကာ တစ်နှစ်ထက် တစ်နှစ် ပိုမိုအားကောင်းထိရောက်ပြီး ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသော လွှတ်တော်ဖြစ်စေရေး၊ နိုင်ငံတော်နှင့် ပြည်သူ လူထုအကျိုးစီးပွားအတွက်     အားကိုးအားထားပြုရတဲ့ လွှတ်တော်ဖြစ်စေရေးတို့အတွက် အစွမ်းကုန် ကြိုးစားဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြု ပြောကြားလိုပါတယ်။
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ စုပေါင်းအင်အားဖြင့် ဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်နိုင်ကြပါ စေကြောင်းနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး နှစ်သစ် မှာ သာယာချမ်းမြေ့သောဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ၊ သံသယအမုန်းတရားများ ကင်းစင်ကြပါစေ၊ အတ္တမာနများ စွန့်ပယ်နိုင်ကြပါစေ၊ ဘာသာတရားတိုင်းရဲ့ အဆုံးအမများကို အစဉ်နှလုံးသွင်းဆောင်ရွက်နိုင်သူများ ဖြစ်ကြပါစေလို့ ဆန္ဒပြု ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း

No comments:

Post a Comment