Latest News

Monday, April 30, 2018

တရုတ်ဝယ်လက်ကြောင့် သင်္ကြန်အပြီးတွင် မြန်မာ့ပဲပုပ်ဈေး တစ်ရှိန်ထိုးခုန်တက်

တရုတ်ဝယ်လက်ကြောင့် သင်္ကြန်အပြီးတွင် မြန်မာ့ပဲပုပ်ဈေး တစ်ရှိန်ထိုးခုန်တက်

မန္တလေး   ဧပြီ ၂၉

သင်္ကြန်မတိုင်မီကာလများက မ္တလေးဈေးကွက် အတွင်း ပဲပုပ်ဈေး ငြိမ်နေခဲ့သော်လည်း သင်္ကြန် အပြီးတွင် တရုတ်ဈေးကွက်မှ အဝယ်လိုက်လာ သဖြင့် ယခုတစ်ပတ်အတွင်း တစ်ရှိန်ထိုး ဈေးခုန် တက်လာပြီး  အမြင့်ဆုံးဈေးရရှိခဲ့ကာ  အတက် ဘက်တွင်သာ   ဆက်လက်တည်ရှိနေကြောင်း မ္တလေးမြို့ရှိ ပွဲရုံများမှ သိရသည်။

ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ''ပဲပုပ်က ဒီနှစ် အနေနဲ့ အထွက်က အသင့်အတင့်ရှိတယ်၊ ပဲပုပ် ဈေးအနေနဲ့    သင်္ကြန်မတိုင်ခင်   ဈေးကွက်က သုံးတင်းတစ်အိတ်ကို ကျပ် ၆၅ဝဝဝ ရှိတယ်၊ ဒီနေ့ မှာတော့ သုံးတင်းတစ်အိတ်ကို ကျပ် ၈ဝဝဝဝ ဈေး အထိ ခုန်တက်လာပါတယ်၊ သင်္ကြန်အပြီး ဈေး ကွက်စဖွင့်တာနဲ့   တရိပ်ရိပ်ခုန်တက်လာတာ အခု ဆို တစ်အိတ်ကို ကျပ် ၁၅ဝဝဝဝ အထိ ဈေးမြင့် လာတယ်၊ အဲဒါကလည်း အမေရိကန်ဘက်က သွင်းတဲ့ ပဲပုပ်ကို တရုတ်က ကုန်စည်ခွန်တိုးမြှင့် လိုက်ပြီး သွင်းကုန်ကန့်သတ်လိုက်လို့ ဟိုဘက်က အဝင်နည်းသွားတဲ့အခါကျ မြန်မာပြည်က ပဲပုပ် ကို လှိမ့်ဝယ်လာတယ်၊ ဒါကြောင့်မို့ ဈေးကွက်အရ အမေရိကန်-တရုတ်   ကုန်သွယ်ရေးစစ်ပွဲအခက် မြန်မာ့ပဲပုပ်ဈေးကွက်အချက်လို့   ပြောလို့ရပါ တယ်၊ ဈေးကတော့ အတက်ဘက်မှာပဲ ဆက်ပြီး ရှိနေနိုင်ပါတယ်''ဟု ပြောသည်။

ပဲပုပ်မှာ ဗမာပဲပုပ်နှင့် ရှမ်းပဲပုပ်ဟု နှစ်မျိုးရှိပြီး ဗမာပဲပုပ်မှာ အလုံးသေး၍ ရှမ်းပဲပုပ်မှာ အနည်း ငယ် အလုံးကြီးကြောင်း၊ မြန်မာပဲပုပ်ကို မြန်မာ ပြည်တစ်နံတစ်လျားတွင်  စိုက်ကြပြီး  မ္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စိုက်ပျိုး မှုအများဆုံးဖြစ်ကြောင်း   သိရသည်။   ပဲပုပ်၏ ပင်ကိုသဘာဝမှာ ပိုးမထိုးနိုင်သည့်အတွက် လွယ် လွယ်ကူကူလှောင်၍ရပြီး    လှောင်ကုန်အဖြစ် စုဆောင်းထားရန် အဆင်ပြေကြောင်း သိရသည်။ လွန်ခဲ့သည့် သုံးနှစ်ကာလအတွင်း မြန်မာ့ပဲပုပ် ဈေးကွက်မှာ တစ်အိတ်လျှင် ကျပ် ၄၅ဝဝဝ  မှ ၅၅ဝဝဝ အထိသာ ရှိခဲ့ဖူးပြီး ယခုနှစ်မှသာ မြန်မာ့ ပဲပုပ်ဈေးမှာ တဖြည်းဖြည်း တရိပ်ရိပ်တက်လာနေ ခြင်းဖြစ်ကြောင်း သိရသည်။

ပဲပုပ်သည် အာဟာရဓာတ်ြ<ွကယ်ဝသော သီးနှံ တစ်မျိုးဖြစ်သကဲ့သို့ စီးပွားရေးအရလည်း တွက် ခြေကိုက်သော သီးနှံတစ်မျိုးဖြစ်သည်။ ပဲပုပ်၏ မူရင်းပေါက်ရောက်ရာဒေသမှာ အရှေ့အာရှဖြစ်ပြီး ၂ဝ၁၄   ခုနှစ်စာရင်းအရ  ပဲပုပ်ကို  အများဆုံး စိုက်ပျိုးထုတ်လုပ်သော နိုင်ငံများမှာ အမေရိကန်၊ ဘရာဇီး၊ အာဂျင်တီးနားနှင့် တရုတ်နိုင်ငံတို့ ဖြစ် ကြကာ အထွက်နှုန်းကောင်းသောနိုင်ငံမှာ ထိုင်း နိုင်ငံဖြစ်ကြောင်း သိရသည်။

ပဲပုပ်ကို အများဆုံးတင်ပို့နေသော နိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု၊ ဘရာဇီး၊ အာဂျင် တီးနား၊ ကနေဒါနိုင်ငံများဖြစ်ပြီး ပဲပုပ်ကိုအများ ဆုံး တင်သွင်းနေသည့်  နိုင်ငံများမှာ  တရုတ်၊ အီးယူ၊ မက္ကဆီကို၊ ဂျပန်၊ ထိုင်း၊ အီဂျစ်၊ အင်ဒိုနီးရှား အစရှိသည့် နိုင်ငံများဖြစ်ကာ မြန်မာနိုင်ငံမှ ထွက် ရှိသော ပြည်ပပို့ကုန်ပဲပုပ်များ၏ ၈ဝ ရာခိုင်နှုန်းကို တရုတ်ပြည်သို့ တင်ပို့နေရကြောင်း ဦးစိုးဝင်းမြင့် က ဆက်ပြောသည်။
ပဲပုပ်ကို မြန်မာနိုင်ငံ ကုန်းမြင့်ပိုင်း တောင်ပေါ် ဒေသများ၌   မေလနှင့်  ဇွန်လများတွင်လည်း ကောင်း၊ မြေပြန့်ဒေသ၌ သြဂုတ်လနှင့် စက်တင် ဘာလများတွင်လည်းကောင်း၊  မြေနုကျွန်းများ၌ စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် လည်းကောင်း စိုက်ပျိုးကြသည်။ ပဲပုပ်ထွက်ရှိ သည့် ကာလများမှာ ကုန်းမြင့်ပိုင်း၌ စက်တင် ဘာလနှင့် အောက်တိုဘာလများတွင် ထွက်ရှိပြီး မြေပြန့်ပိုင်း၌ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ထွက်ရှိနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အများအားဖြင့် စိုက်ပျိုးနေကြ သော ပဲပုပ်မျိုးများမှာ ရေဆင်း-၅၊ ရေဆင်း-၆ နှင့် ရေဆင်း-၁၁  မျိုးများဖြစ်ပြီး  ဒေသအနှံ့ အပြား တွင်  စိုက်ပျိုးလျက်ရှိကာ  မျိုးလိုအပ်ချက်မှာ တစ်ဧကလျှင် မျိုးစေ့ ၁၂ ပြည်မှ ၁၆ ပြည်အထိ ရှိကြောင်း သိရသည်။ ပဲပုပ်ကို သက်တမ်းအလိုက် သက်လျင်မျိုး ၇၅ ရက်မှ ၈၄ ရက်၊ သက်လတ်မျိုး ၈၅ ရက်မှ ၉၄ ရက်နှင့် သက်ကြီးမျိုး ၉၅ ရက် အထက်ဟု သတ်မှတ်ထားသည်။

ပဲပုပ်စိုက်ပျိုးသည့်နှုန်းမှာ မ္တလေးတိုင်းဒေသ ကြီးတွင် ၂ဝ၁၇-၂ဝ၁၈ ခုနှစ်က မိုးပဲပုပ် ၄၄၆ ဧက၊ ဆောင်းပဲပုပ် ၃ဝ၅၂၂ ဧက၊ စုစုပေါင်း ၃ဝ၉၆၈ ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားခဲ့ပြီး တိုင်း ဒေသကြီးအတွင်း   ပဲပုပ်အများဆုံးစိုက်သည့် ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင်  ၁၂၆၄ဝ ဧက စိုက်ပျိုးရန်လျာထားကာ  ပြင်ဦးလွင်ခရိုင်တစ်ခု လုံးတွင် မိုး၊  ဆောင်း ပဲပုပ် ဧကပေါင်း ၁၅ဝဝဝ ကျော်ခန့် စိုက်ပျိုးရန် လျာထားကြောင်း၊ မြင်းခြံ ခရိုင်တွင်လည်း  ၂ဝ၁၅-၂ဝ၁၆   ခုနှစ်က  ဧက ၁၁၂ဝဝ ကျော်၊ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် ဧက ၁ဝ၆ဝဝ    ကျော်   စိုက်ပျိုးရိတ်သိမ်းခဲ့ပြီး  တစ် ဧကလျှင်  ၁၂ တင်းခန့် ထွက်ရှိခဲ့ကြောင်း သိရ သည်။

မြင်းခြံခရိုင်မှာ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် လျာ ထား စိုက်ဧက ၁၂၆ဝဝ ကျော်ရှိကာ စိုက်ပျိုးပြီး ဧက ၂၄ဝဝ  ကျော်ဖြစ်ကြောင်း၊  မြင်းခြံမြို့နယ် အနေဖြင့် စိုက်ဧက ၇၃ဝဝ ကျော် လျာထားသည့် အနက် ၂ဝ၁၇ ခုနှစ် အောက်တိုဘာလကုန်အထိ ၁၆၄၃ ဧက စိုက်ပျိုးပြီးဖြစ်၍ ယခုနှစ်တွင် အရင် နှစ်များကထက်  စိုက်ဧက ၂ဝဝဝ  ကျော် ပိုမို စိုက်ပျိုးထားနိုင်ကြောင်း သိရသည်။

ပဲပုပ်သီးနှံသည်   မြန်မာ့ရေမြေသဘာဝနှင့် ကိုက်ညီပြီး စီးပွားရေးအရ တွက်ခြေကိုက်သလို ကုန်ကျစရိတ်လည်းနည်းပြီး အကျိုးအမြတ်များ သည့် သီးနှံဖြစ်ခြင်းကြောင့် ဈေးကွက်အနေအထား အရ  အလားအလာကောင်းသဖြင့်   တောင်သူ များက တိုးချဲ့စိုက်ပျိုးလာကြကြောင်းလည်း ဦးစိုး ဝင်းမြင့်က ပြောသည်။ ဗမာပဲပုပ် တစ်ဧကစိုက် လျှင် ကုန်ကျစရိတ် ကျပ် ၁၁၅ဝဝဝ ခန့် ကုန်ကျပြီး တစ်ဧကလျှင် ကျပ်သုံးသိန်းခန့် အကျိုးအမြတ် ကျန်ရှိနိုင်ကြောင်း ပဲပုပ်စိုက်တောင်သူတစ်ဦးက ပြောသည်။

ပဲပုပ်ကို  မြင်းခြံခရိုင်အတွင်းရှိ  နွားထိုးကြီး မြို့နယ်တွင် ဒေသထွက်ကုန်အဖြစ် ကောက်ညှင်း ကို ပေါင်းပြီး ပဲပုပ်ကိုပြုတ်၍ စက်နှင့်ကြိတ်ပြီး ရောနယ်ထားသည့် ကောက်ညှင်းပဲပုပ်ခြောက် အဖြစ်လည်းကောင်း၊ ပဲပုပ်ငရုတ်သီးကြော်၊ ပဲပုပ် အသားတုကြော်၊ ဂျူးပဲပုပ်ကြော်ထုပ်အဖြစ်လည်း ကောင်း ထုတ်လုပ်၍ ရန်ကုန်၊ မ္တလေး၊ တောင် ကြီး၊ ကလော၊ အောင်ပန်း၊ ဝမ်းတွင်း၊ မိတ္ထီလာ အစရှိသည့် မြန်မာနိုင်ငံ ဒေသအနှံ့အပြားသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ပဲပုပ်ကိုကြိတ်၍    စားသုံးဆီ   (Vegetable Oil) အဖြစ် စားသုံးကြသလို လူသုံးကုန်ပစ္စည်း များဖြစ်သည့် ပိုးသတ်ဆေး၊ ဆပ်ပြာ၊ အိမ်သုတ် ဆေး၊ ပုံနှိပ်မင်၊ ဆေးဝါးထုတ်လုပ်မှု လုပ်ငန်း များတွင်လည်း အသုံးပြုကြကြောင်း၊  ထို့အပြင် စားသောက်ကုန်များဖြစ်သည့်    အသားတု၊ ပဲပင်ပေါက်၊  ပဲငံပြာရည်၊  ပဲပုပ်စေ့ကျော်၊ ပဲပုပ် ခြောက်ပြား၊ ပဲငါးပိတို့ဟူးတို့အပြင် ဆီထုတ်ပြီး ဖြစ်သည့် ပဲပုပ်ကိုလည်း တိရ္ဆာန်အစာအဖြစ် အသုံးပြုကြကြောင်း၊ ပဲပုပ်သည် ဈေးကွက် အလား အလာရှိသည့်(Potential Crop)အဖြစ် တိုးချဲ့ စိုက်ပျိုးသင့်သော သီးနှံဖြစ်ပြီး  ပဲစင်းငုံအစားထိုး သီးနှံအဖြစ်လည်း စိုက်ပျိုးသင့်ကြောင်း ကုန်သည် တစ်ဦးက သုံးသပ်ပြောကြားထားသည်။

ဇင်ဦး(မြန်မာ့အလင်း)ဓာတ်ပုံ - သီဟစည်သူ

No comments:

Post a Comment