Latest News

Tuesday, April 24, 2018

ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင်ကို မြို့ပြ အမွေအနှစ်အဖြစ် ထိန်းသိမ်းရန် အဆောက်အအုံများ စိစစ်

ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင်ကို မြို့ပြ အမွေအနှစ်အဖြစ် ထိန်းသိမ်းရန် အဆောက်အအုံများ စိစစ်

ရန်ကုန်     ဧပြီ    ၂၃

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင် တစ်ဝိုက်ကို မြို့ပြအမွေအနှစ် အဆောက်အအုံများ အဖြစ် ထိန်းသိမ်းနိုင်ရန်စိစစ်၍ စာရင်းကောက်ယူလျက်ရှိကြောင်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ ဒါရိုက်တာဒေါ်မိုးမိုးလွင် ထံမှ သိရသည်။

 ''ပထမစာရင်းကောက်တုန်းက အဆောက် အအုံပေါင်း ၁ဝဝဝဝ ကျော်လောက်ရှိတယ်။ အဲဒီထဲကနေ အရေးကြီးပြီး ထိန်းသိမ်းသင့်တဲ့ အဆောက်အအုံကို   ပြန်စိစစ်တဲ့အခါ အဆောက်အအုံပေါင်း ၅ဝဝဝ ဝန်းကျင် လောက်ရှိတယ်'' ဟု  ဒေါ်မိုးမိုးလွင်က  ပြောသည်။

ထိန်းသိမ်းသင့်သည့် အဆောက်အအုံများကို ပြန်လည်မွမ်းမံပြင်ဆင်ရာတွင် ရှေးမူလက်ရာ မပျောက်ပျက်စေရန် အရေးကြီးသကဲ့သို့ အသုံးပြုမည့် ဆေးအရောင် ရွေးချယ်ရာတွင်လည်း သင့်လျော်လျောက်ပတ်သည့် အခြေအနေမျိုးဖြစ်ရန် လိုအပ်ကြောင်း သိရသည်။

 ''ရန်ကုန်မြို့က   ရှေးဟောင်းလက်ရာ အဆောက်အအုံတွေ အများအပြားနဲ့ တကယ်ကို လှပပြီး စိတ်ဝင်စားစရာကောင်းပါတယ်။   ရန်ကုန်မြို့က ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေ လေ့လာကြည့်ရှုဖို့  ဆွဲဆောင်မှု အားကောင်းတဲ့ အခြေအနေမျိုးကို ပိုင်ဆိုင်ထားပါတယ်။ ဒါတွေကို ရေရှည်တည်တံ့အောင် စနစ်တကျပြုပြင် ထိန်းသိမ်းနိုင်ရင် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းအတွက်လည်း အထောက်အကူပြုစေပါတယ်။ အခုနောက်ပိုင်းလာတဲ့ ဧည့်သည်တွေဆိုရင် အဆောက်အအုံတွေကို စိတ်ဝင်တစားနဲ့ လေ့လာချင်လို့ လိုက်ပို့ခိုင်းတဲ့သူတွေ များလာတယ်'' ဟု ဧည့်လမ်းညွှန် ကိုစည်သူကပြောသည်။

တချို့ စနစ်မကျသည့်ပြုပြင် ထိန်းသိမ်းမှုများက အဆောက်အအုံ၏ အမြင်တင့်တယ်မှုကို  ထိခိုက်စေနိုင်သဖြင့် ရှေးလက်ရာများ ပျက်ယွင်းသည့် အခြေအနေများလည်း ရှိနေကြောင်းနှင့် လိုအပ်သော ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းစဉ်များအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ   တာဝန်ရှိသူများ၊ ဗိသုကာ ပညာရှင်များနှင့် ပူးပေါင်း၍ လိုအပ်သော လမ်းညွှန်မှုများကို ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ ဆောင်ရွက်လျက်ရှိသည်။

''မြို့ပြအမွေအနှစ်   ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းဆိုတာ အရေးကြီးပါတယ်။ ဥပမာပြောရရင်  ရွှေတိဂုံစေတီတော် စောင်းတန်းတစ်ဝိုက်လောက်သာ ကြပ်မတ်ဆောင်ရွက်နေပေမယ့်  အနည်းငယ်လောက် ဝေးတဲ့  နေရာလောက်ကို ဒီလိုထိန်းသိမ်း စောင့်ရှောက်ရမယ့် ဧရိယာလို့မထင်ကြဘူး။  ဟိုတစ်လောကပဲ ဗဟန်းကြားတောရလမ်းထဲမှာ    သုံးထပ် အဆောက်အအုံတစ်ခု  ဆောက်နေတာကို တွေ့ရတယ်။

အဲဒီလို ဆောက်ပြီးမှသိလို့   တားပြန်ရင်လည်း ဆောက်တဲ့သူတွေဘက်ကို နစ်နာစေပါတယ်။ ဒါကြောင့်  မဆောက်ခင် ကြိုပြီးသိထားတော့ ဆင်ခြင်လုပ်ကိုင်လို့ ရပါတယ်'' ဟု ဒေါ်မိုးမိုး လွင်ကပြောသည်။ မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်မှုသည် သတ်မှတ်ထားရှိရာ  နေရာတစ်ဝိုက်ရှိ အဆောက်အအုံ များသာမကပဲ   ရှေးဟောင်းဘုန်းကြီးကျောင်းများ၊ သက်တမ်းရင့်သစ်ပင်များ၊ ရေတွင်းရေ ကန်များ စသည်တို့လည်း  ပါဝင်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment