Latest News

Wednesday, April 25, 2018

ကိုယ့်မီးကိုယ်ငြှိမ်း

ကိုယ့်မီးကိုယ်ငြှိမ်း

"အပူဟပ်တယ်" ဆိုတဲ့စကား ပြောဖူးမှာပေါ့။ မီးနားကပ်ရင် အပူဟပ်တတ်တယ်ဆိုတာ ကလေးက အစနားလည်ထားတယ်။ ဒါပေမဲ့လည်း တစ်ခါတစ်ရံကြတော့ ပူမှန်းသိရက်နဲ့ မီးနဲ့အလုပ်လုပ်နေကြရတာတွေ ရှိပြန်ရော။ ဥပမာ ပန်းဘဲလုပ်ငန်းပေါ့။ ပူတော့ပူတာပေါ့။ ဒါပေမဲ့ သူ့အသက်မွေးမှုက မီးနဲ့မှဖြစ်တာကိုး။ သူ့ရဲ့အသက်မွေးမှု ရွေးချယ်ထားတာကိုက ပူစေတဲ့အသက်မွေးမှုပေါ့။ မီးနဲ့အလုပ်လုပ်ပေမဲ့ မီးမလောင်အောင်တော့ သတိထားနေရတာပါပဲ။ ဘယ်လောက်ကျွမ်းကျင်နေပါစေ မီးဆိုတာ ပေါ့ဆမိတာနဲ့ လောင်တတ်တာကိုး။ အသက်ပါ ဆုံးရှုံးရင် ဆုံးရှုံးရတတ်တာပဲ။

လူ့လောက ဆက်ဆံရေးမှာလည်း မီးနဲ့တူတဲ့ အပူသည်တွေအများကြီး။ ကိုယ်တိုင်ပူရင်ပူ မပူရင် သူများကြောင့်ပူနေကြရတာပါ။ ဘုရားဟောတဲ့ မီး (၁၁) ပါးကို နားလည်ရင် မီးကဘာတွေလဲ သိနိုင်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ ဆိုပြီး မီး (၁၁) ပါးရှိကြောင်း ဘုရားရှင်ဟောကြားထားတော်မူပါတယ်။ လူတွေလောင်နေတာ အဲဒီမီးတွေပဲ။ တစ်ချို့သောလူစားမျိုးက အဲဒီမီးတွေကိုယ်တိုင်မွှေး၊ ကိုယ်တိုင်လောင်နေကြတာ။ သူ့ကိုသူ မသိဘူး။ သိလည်း သတိမ၀င်ဘူး။ လောင်နေမှန်းတော့သိတယ်။ မထူးဇာတ်ခင်းနေကြတာ။ နေ့လည်းလောင် ညလည်းလောင်နဲ့ စိတ်ညစ်စရာဘ၀တွေပါ။

ကိုယ့်စိတ်ကို အသိနဲ့ သတိနဲ့ ထိန်းသင့်တာကို သဘောမပေါက်ဘူး။ နေမြဲတိုင်းနေ၊ မိုက်မြဲတိုင်းဆက်မိုက်နေပြီး ဒုက္ခတော်တော်များပါတယ်။ မိသားစုအရေးကိုတောင် လောဘ၊ ဒေါသတွေ ထူပြောစွာနဲ့ ဖြေရှင်းနေတာမျိုးတွေ။ မိသားစုထဲမှာ အတ္တမီးတွေလောင်၊ မာနမီးတွေလောင်နဲ့ပေါ့။ ဒီအတ္တမီးတွေ၊ မာနမီးတွေကတော့ မောဟမီးက စတာပါ။ မိုက်မဲလွန်းအားကြီးတော့ ကိုယ်ကျိုးပဲသိ၊ ကိုယ်ကျိုးပဲကြည့်တတ်တာမျိုးပါ။ ဥပမာ သားသမီးက သူလိုချင်တာသာသိပြီး မိဘကိုနားမလည်ပေးတာမျိုးတွေပေါ့။ လိုတာမရရင် မွေးတုန်းကမွေးထားပြီးတော့၊ တာဝန်ယူရမှာပေါ့၊ လိုတာဖြည့်ဆည်းပေးရမှာပေါ့လို့ အရိုင်းစိတ်ဓာတ်နဲ့တွေးတတ်ကြပါတယ်။ ကိုယ်ကျိုးပဲသိတတ်ပြီး မိဘကို တစ်စက်ကလေးမှာ နားလည်မှုမပေးတဲ့ သားသမီးတွေ အများကြီးရှိပါတယ်။

မိဘရဲ့ သွန်သင်မှုညံ့ဖျင်းတာလည်းပါပါတယ်။ ငယ်ငယ်က အလိုတစ်အားလိုက်ပြီး စိတ်ဓာတ်ဖျက်ဆီးပစ်လိုက်တာလေ။ ဘယ်သူ့ကြောင့်မှမဟုတ်ဘူး။ မိဘကိုယ်တိုင်ပဲ။ အလိုပဲလိုက်တတ်ပြီး ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ချောက်နေပြီပေါ့။ သားသမီးပူဆိုတာ အဲဒါပါပဲ။ သားသမီးကလည်း အမွေခံဆိုးသားသမီးမျိုးဖြစ်နေပြီ။ ဘယ်တော့မှ ပြန်နားမလည်ပေးဘူး။ သူလိုချင်တာတွေချည်းပဲ တွေးနေတတ်တာ။ မသိခြင်း မောဟမီးလောင်နေတာပေါ့။ သူ့မောဟမီးက ပတ်ဝန်းကျင်ကိုပါလောင်နေပြီ။ သွန်သင်မှုကောင်းတဲ့မိဘရဲ့ သားသမီးတွေတောင်မှ မွေးရာပါဗီဇညံ့ဖျင်းရင် ဘယ်လောက်ဆုံးမဆုံးမ ယောင်းမမြင်းစီးထွက်တဲ့ အကျင့်တွေရှိနေတတ်တယ်။ မိဘစိတ်ဆင်းရဲရတာပေါ့။ သူကိုယ်တိုင်ကလည်း မသိခြင်းတွေထူပြောနေတော့ အမှားပြီးရင်း၊ အမှားတွေထပ်နေတော့ ဆင်းရဲတွေထပ်နေတော့တာပါပဲ။ မောဟမီးရဲ့ ဆိုးကျိုးတွေပါ။

တစ်ချို့ရဲ့နေ့စဉ်ဘ၀ရပ်တည်မှုတွေဟာ အတော်ပူလောင်တာကိုတွေ့ရတယ်။ အဓိကအချက်က စရိုက်ကြမ်းတာ။ သူ့ကိုကြမ်းတယ်ပြောရင် ပြန်ရန်တွေ့လိမ့်မယ်။ သွားမထိနဲ့ ဝေးဝေးသာနေလိုက်။ အေးချမ်းလိမ့်မယ်။ သူကကိုယ်တိုင်လည်းလောင်လို့အားမရလို့ ဘေးမှာတွေ့သမျှလိုက်လောင်တတ်တဲ့ လူစားမျိုး။ ဒေါသကြီးတယ်။ အဲဒီဒေါသမီးက အကျိုးအကြောင်းဘာမှ မစဉ်းစားတတ်အောင် လူကိုရူးသွပ်စေတတ်တယ်။ ရိုင်းတယ်ဆိုတဲ့စကားထက်ပြင်းတာရှိရင် အဲဒီစကားလုံးနဲ့ သုံးသင့်လောက်အောင် ဆိုးသွမ်းတယ်။ ပြောတဲ့စကားတွေထဲမှာ တစ်ချက်မှ နားဝင်ချိုတာမပါဘူး။ ဒါပေမဲ့ သူတို့လောကမှာ အဆင်ပြေတယ်။ သို့သော်လူအများနဲ့တော့ အဆင်မပြေတတ်ဘူး။ သူ့ရဲ့ဒေါသကြောင့် မိသားစုထဲမှာလည်း နေ့စဉ်ပြဿနာနဲ့၊ ရန်ပွဲနဲ့၊ ငိုပွဲနဲ့။ ပတ်ဝန်းကျင်မှာလည်း ပြဿနာနဲ့၊ အမှုမျိုးစုံနဲ့ပေါ့။

ဒေါသမီးကြောင့် သူလောင်နေတာတောင် ဆက်ပြီးမီးမွှေးနေတတ်ပါသေးတယ်။ တရားနာဖို့လား။ အဲဒါကတော့ သူ့အတွက် ပြက်လုံးတစ်ခုရယ်သာပါ။ ဘုရားတောင်ရှိခိုးတာမဟုတ်ဘူး။ အိမ်မှာတော့ ဘုရားစင်ရှိတယ်။ ဘယ်လိုမှ သူ့ကိုသူအမှန်အတိုင်းမမြင်တတ်တော့ပါဘူး။ သူအမြဲမှန်နေတတ်ပါတယ်။ တွေးခေါ်ပုံကိုက အမြဲအများနဲ့ ဆန့်ကျင်ဘက်။ ကြောက်စရာအကောင်းဆုံးမီးလောင်ခံနေရတာပါ။ ဒေါသကြောင့်ဖြစ်တဲ့ ဒုက္ခတွေ၊ ပြဿနာတွေလည်း မရိုးနိုင်အောင်များလှပြီ။ ဒါပေမဲ့ ပြဿနာဆက်ရှာနေဆဲပါပဲ။ သူ့မျက်လုံးထဲမှာ မြင်သမျှ ၀မ်းသာစရာတစ်ခါမှမရှိဘူး။ စော်ကားချင်စရာတွေချည်းပဲ။ အဲဒါ ဒေါသမီးလောင်နေသူရဲ့ ပုံရိပ်ပဲ။

လောဘကြီးတဲ့သူကတော့ရော။ မာယာတွေများတယ်။ စကားပေါတယ်။ စကားများတယ်။ အညာအလှိုင်းတွေ တစ်အားသုံးတယ်။ သူကလိုချင်စိတ်များတယ်လေ။ ဒီတော့ သူ့ရှေ့ကဖြတ်သွားတဲ့သူမှန်သမျှ သူ့ရဲ့သားကောင်တွေလို့ သဘောထားတယ်။ ဂုဏ်ကမက်၊ ငွေကမက်၊ ပကာသနကမက်။ အကုန်မက်တာပါ။ အို …. ကောင်းတာမှန်သမျှ အကုန်မက်တယ်။ လောဘမီးလောင်နေတာလေ။ သူ့စိတ်ကို မထိန်းတတ်တော့ဘူး။ ရလေလိုလေ အိုတစ္ဆေပါပဲ။ လောဘ အတောကိုမသတ်တော့ဘူး။ လူတွေကို ငွေတွေလိုပဲမြင်နေတတ်တယ်။ မေတ္တာတွေ ကိုယ်ချင်းစာတရားတွေ လာမဟောနဲ့။ နားညည်းလွန်းလို့။ ကိုယ်ရဖို့ပဲသိတယ်။ ကိုယ်ရဖို့အတွက်ဆို အကုန်တရားတယ်။ ကြောက်စရာသရဲကြီးလိုပါပဲ။ ဒါပေမဲ့ သူ့ကိုသူ သရဲနဲ့တူနေမှန်းသူမသိဘူး။ လောင်လိုက်တဲ့မီး။ လောဘကြီးလွန်းတဲ့အတွက် ဒုက္ခတွေလည်းခဏခဏရောက်လှပြီ။ ဒါလည်း မမှတ်သေးဘူး။

လူတွေသူ့ကိုရွံနေတာ သူမသိဘူး။ သေရင်တောင် သူ့ကိုစေတနာမပါကြတော့ဘူး။ သူ့နာရေးတောင် လူတွေမလိုက်ချင်ကြဘူး။ သူ့မိသားစုတစ်စုလုံးလည်း သူ့ကြောင့်လူမုန်းများတယ်။ ဒီလိုလူမျိုးတွေ နောက်ဆုံးတော့ အပါယ်ပဲရောက်ကုန်ကြတာပေါ့။ ဒါပေမဲ့ သူကြောက်သလား။ မကြောက်ပါဘူး။ ဒီလူတွေက သေတဲ့အထိ၊ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေကို ဖဲမွှေ့ယာ၊ ရွှေကော်ဇောလို ခင်းအိပ်သွားကြဦးမှာ။

ဒီလိုပူလောင်လွန်းတဲ့ဘ၀တွေကိုမြင်ရင် သံဝေဂယူစေချင်ပါတယ်။ အေးတယ်ဆိုတာ ကိုယ့်စိတ်နဲ့ပဲဆိုင်တာကိုး။ ပူတဲ့လူဆို ဝေးဝေးရှောင်ရမှာ ကိုယ့်တာဝန်။ ပူတဲ့လူနဲ့ တုမဖြစ်တာ ကိုယ့်တာဝန်။ ပူတဲ့လူရဲ့ ပတ်ဝန်းကျင်မှာ မနေတာကိုယ့်တာဝန်။ ကိုယ့်မှာ ဒီအပူတွေရှိရင်လည်း မြန်မြန်သတိဝင်ပါ။ နောက်ကျသွားရင် ကိုယ်လည်း အရှင်လတ်လတ် သရဲ၊ ငရဲဘ၀ကို ရောက်နေဦးမယ်။ တစ်နေ့ဆင်ခြင် တစ်နေ့အေးပါလိမ့်မယ်။ နေ့တိုင်းဆင်ခြင်ရင် အေးသထက်အေးလာတာ တွေ့ရမှာပါ။ ဘုရားရှင်ရဲ့တရားတော်တွေက အခုကျင့်ရင် အခုအကျိုးပေးတယ်။ အခုမေတ္တာစိတ်ထား အခုအေးပါတယ်။ အခု ဥပေက္ခာထား အခုအေးပါတယ်။ အပူထုပ်တွေ ခေါင်းပေါ်မတင်ပါနဲ့။ ပူမယ်ထင်တာနဲ့ ပစ်ချလိုက်နိုင်အောင် ကြိုးစားပါ။ စိတ်လေ့ကျင့်ခန်းများများလုပ်ပါ။ ဘာကြောင့်ပူလည်း အကြောင်းရှာပါ။ နောင်တစ်ခါ အဲဒီအကြောင်းမျိုးထပ်မလုပ်မိအောင် ရှောင်ပါ။ ကိုယ့်ကိုယ်ကို ပျိုးထောင်ပါ။ စောင့်ရှောက်ပါ။ ထိန်းသိမ်းပါ။ အေးလာပါလိမ့်မယ်။ ကိုယ့်မှာရှိနေတဲ့ မီးတွေလည်း တစ်ဖြည်းဖြည်းငြိမ်းလာပါလိမ့်မယ်။

အားလုံးအေးချမ်းကြပါစေ။
အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်။
၂၅-၄-၂၀၁၈ (ည ၁၁း၃၃ နာရီ) တွင်ရေးပြီးသည်။

No comments:

Post a Comment