ဝါးခယ်မ ဧပြီ ၂၂
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တွင် မြေဆီလွှာအာဟာရဓာတ်ခွဲ စစ်ဆေးမှုမှတ်တမ်းနှင့် သစ်စိမ်း မြေသြဇာ(ပိုက်ဆံ လျှော်)မျိုးစေ့ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် သဲကုန်းကျေးရွာ တောင်သူနည်းပညာပေး စခန်း၌ ကျင်းပသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းတို့က ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စိုက်ပျိုးရေး ဝန်ထမ်းများ၏ ကွင်းဆင်း၍ ဆောင်ရွက်ထားရှိသော မြေဆီလွှာ ဓာတ်ခွဲစမ်းသပ် ချက်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်မှ စိုက်ပျိုးရေး ဝန်ထမ်းများ၊ ကြာဖြူ ကျေးရွာ၊ သဲကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာတို့မှ တောင်သူလယ်သမားများနှင့် တွေ့ဆုံကာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးချက်များဖြင့် ဒေသခံတောင်သူ လယ်သမားများ၏ သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ကို အထောက်အကူပြုပေး သွားရန်နှင့် စိုက်ပျိုးရေးဝန်ထမ်းများအနေဖြင့် ကျေးရွာများ အရောက် စိုက်ပျိုးရေး အသိပညာ ကောင်းများဖြန့်ဝေပေးသွားကြရန် လိုအပ်ကြောင်း၊ တောင်သူလယ်သမားများ အနေဖြင့် မိမိတို့၏ စိုက်ပျိုး သီးနှံများအတွက် အာဟာရ ပြည့်ဝသောမြေဆီလွှာရရှိစေရေးနှင့် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်း လာစေရေး အတွက် ကြိုးစားဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများက မြေဆီလွှာအာဟာရ ဓာတ်ခွဲစစ် ဆေးမှု မှတ်တမ်းနှင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များကို တောင်သူများထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။
အဆိုပါ သစ်စိမ်းမြေသြဇာစိုက်ပျိုး အသုံးပြုခြင်းဖြင့် လယ်မြေတစ်ဧကအတွက် သစ်စိမ်းမြေသြဇာ (bio mass) ပမာဏ ၅ တန်ခန့် ရရှိနိုင်ပြီး နိုက်ထရိုဂျင်ဓာတ် ပါဝင်မှုမှာလည်း ပုလဲမြေသြဇာ တစ်အိတ်နှုန်းခန့်နှင့် ညီမျှကြောင်း၊ အပင် အတွက်လိုအပ်သော အခြားအာဟာရ ဓာတ်များလည်း ရရှိနိုင်ပြီး ဓာတ်မြေသြဇာလျော့နည်း သုံးစွဲရသဖြင့် မြေဆီလွှာ ထိခိုက်မှုကို လျှော့ချနိုင်ကြောင်း၊ ကန်သင်းပေါင်များပေါ်တွင် ပိုက်ဆံလျှော်များ စိုက်ပျိုးထားခြင်းဖြင့် အဝါရောင်အပွင့်များမှ မိတ်ဆွေပိုးများဖြစ်သည့် ပျားနှင့် နကျယ်များကို ဆွဲဆောင်သဖြင့် စိုက်ခင်းအတွင်း ပိုးမွှား ကျရောက်မှု သက်သာကြောင်း၊ ဓာတုအဆိပ်များ ကင်းလွတ်၍ ဈေးကွက်ဝေစုနှင့် သီးနှံဈေးနှုန်းများလည်း ပိုမိုမြင့် တက်ရရှိလာနိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment