Latest News

Saturday, April 7, 2018

မန္တလေးမြို့တော်မဟာသင်္ကြန်တွင် ရတနာပုံခေတ် သင်္ကြန် အမိန့်တော်ပြန်တမ်း အစီအစဉ်ကို ဖော်ထုတ်ပြသမည်

မန္တလေးမြို့တော်မဟာသင်္ကြန်တွင် ရတနာပုံခေတ် သင်္ကြန်
အမိန့်တော်ပြန်တမ်း အစီအစဉ်ကို ဖော်ထုတ်ပြသမည်

မန္တလေး  ဧပြီ  ၇

အစဉ်အလာကြီးမားသော မန္တလေးသင်္ကြန်၏ ရေသောက်မြစ်ဖြစ်သည့် ရတနာပုံခေတ် သင်္ကြန်အမိန့်တော်ပြန်တမ်းအစီအစဉ်ကို စနစ်မှန် မူမှန် ပြန်လည်ဖော်ထုတ်သည့် အနေဖြင့် မန္တလေးမြို့တော် မဟာသင်္ကြန် ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန်အစီအစဉ်များ၌ ရတနာပုံခတ်သင်္ကြန်အမိန့်တော်ပြန်တမ်း အစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှေးမြန်မာဘုရင်များ လက်ထက်တော် အခါက အခါကြီးရက်ကြီးနေ့ရက်များတွင် နန်းတွင်းမှ ဘုရင့်အမိန့်တော်ကို အရပ်လေးမျက်နှာသို့ မောင်းကြေးနင်းခတ်ကာ တိုင်းသူပြည်သားတို့အား ပြန်ကြားသည့် အလေ့ရှိရာမဟာသင်္ကြန်တော်အခါတွင်လည်း သင်္ကြန်ပွဲတော် ကျရောက်မည့် နေ့ရက်အချိန်တို့ကို အရပ်လေးမျက်နှာ လေးပြင်လေးရပ်သို့ ကြေညာမောင်းခတ်လေ့ရှိရာ ယင်းဓလေ့ထုံးစံသည် မြန်မာဘုရင် ပါတော်မူချိန်မှစ၍ ကွယ်ပခဲ့ရသဖြင့် ပညာရှင်များ၏ လမ်းညွှန်မှုကိုခံယူပြီး စာအုပ်စာတမ်းအကိုးအကားများကို အထောက်အထားပြု၍ ယခုနှစ်မဟာသင်္ကြန်ကာလတွင် အဆိုပါဓလေ့ထုံးစံကို ပြန်လည်ဖော်ထုတ်ပြသရန်ရွေးချယ်ထားကြောင်း မြန်မာ့ဓလေ့ထုံးစံများကို ပြန်လည် ဦးမော့လာစေရန် ဆောင်ရွက်လိုသည့် ဆန္ဒဖြင့် ဆောင်ရွက်ကြမည့် အစီအစဉ်တွင်ပါဝင်သည့် အဖွဲ့ဝင်လူငယ် ကိုဆိုင်မွန်ထူးသန့်မှ ပြောကြားသည်။

အဆိုပါအစီအစဉ်တွင် ယင်းအစီစဉ်တွင် အမိန့်တော်ဖတ်ကြားမည့် သံတော်ဆင့်ဝန် တစ်ဦး၊ သိုင်းကိုင် နှစ်ဦး ၊ တကောင်းကိုင် တစ်ဦး ၊ နောက်ပါ လူပျိုတော်သား နှစ်ဦး ၊ စည်တီး အမှုထမ်း ရှစ်ဦး ၊ အရံ လူပျိုတော်သား ခြောက်ဦး ၊ မောင်းတီးအမှုထမ်း နှစ်ဦးတို့ ပါဝင်ဖွဲ့စည်းထားပြီး ပါဝင်သူများအတွက်  ဝတ်စုံနှင့် ပစ္စည်းများကို ရိုးရာဓလေ့ထုံးစံများနှင့် ထပ်တူနီးပါးဖြစ်အောင် သေချာပြင်ဆင်ထားကြောင်း သိရသည်။

သရုပ်ပြမည့်အစီအစဉ်မှာ သင်္ကြန်အကြိုနေ့ ဖွင့်ပွဲကျင်းပမည့် နံနက်တွင် မင်္ဂလာတံတားအရှ့တွင် နေရာယူထားပြီး သတ်မှတ်ထားသောအချိန်တွင် မင်္ဂလာတံတားပေါ်မှ ဖြတ်သန်းကာ ဗဟိုမဏ္ဍပ်ရှေ့၌ ထီးမူနန်းရာအတိုင်း အမိန့်ပြန်တမ်းကို ဖတ်ကြားမည် ဖြစ်ကာ ကျန်ရက်များတွင် လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန်များ၌ သရုပ်ပြခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းအစီအစဉ်များသည် မန္တလေးယဉ်ကျေးမှုကို မြန်မာ့ယဉ်ကျေးမှုအဖြစ် အထူးလေးစားတန်ဖိုးထားပြီး မူမှန်အတိုင်း ဖော်ထုတ်တင်ပြ မှတ်တမ်းတင်လိုသဖြင့် ပါဝင်ဆင်ဆက်သူများ၏ ချွေးနည်းစာအနည်းငယ်နဖြင့်သာ အချိန်ယူ ပြင်ဆင်တင်ဆက်ရခြင်းဖြစ်ကာ အကယ်၍ အစီအစဉ်ကုန်ကျစရိတ်များအတွက် အကူအညီများရရှိခဲ့ပါက ထပ်မံတိုးချဲ့ တင်ဆက်နိုင်မည့် အစီအစဉ်များလည်း အသင့်ရှိကြောင်း သိရသည်။

တင်မောင်-မန်းကိုယ်ပွား

No comments:

Post a Comment