Latest News

Saturday, April 7, 2018

သင်္ကြန်ပွဲတော်ကာလအတွင်းဒလမြို့နယ်၌ ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ထား

သင်္ကြန်ပွဲတော်ကာလအတွင်းဒလမြို့နယ်၌ ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ထား

ရန်ကုန် ဧပြီ ၇

 မဟာသင်္ကြန်ပွဲတော်ကာလအတွင်းရန်ကုန်တိုင်းဒေသကြီးဒလမြို့နယ်၌ ဆိုင်ကယ်စီးနင်းခြင်းကိုတားမြစ်ကန့်သတ်ထားမည်ဖြစ်ကြောင်း၊ မြို့နယ်မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီ၏ တာဝန်ချ ထားသောလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများကိုသာ သွားလာရေးအဆင်ပြေစေရန် စီးနင်းခွင့် စတေကာ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ၄င်းတို့အနေဖြင့် ဆိုင်ကယ်စီးနင်းလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းစေဖို့နှင့် သတ်မှတ် ထားသောလူဦးရေထက်ပိုမတင်စီးကြဖို့အတွက် သတိပေးပြောကြားထားကြောင်း၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 သင်္ကြန်ပွဲတော်ကာလအတွင်းဒလမြို့နယ် ရပ်ကွက်/ကျေးရွာအသီးသီးရှိလမ်းဆုံ၊  လမ်းခွများနှင့် ဒလ-တွံတေးကားလမ်းမကြီးတစ်လျှောက်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များကို လုံခြုံရေးတာဝန်ချထားခြင်းကိုစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းပါဝင်သော ဒလမြို့နယ်နှင့် ဆိတ်ကြီးခနောင်တို မြို့နယ်တို့တွင် တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ပြုထားသော်လည်းသင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများမော်တော်ဆိုင်ကယ်စီးနင်းခြင်းကြောင့် ယာဉ်မတော်တဆမှုများနှင့် အသက်အန္တရာယ်ရှိနိုင်သည့်အတွက် ဒေသခံပြည်သူများကိုဆိုင်ကယ်စီးနင်းခြင်းကိုကန့်သတ်တားမြစ်သတိပေးထားကြောင်းသိရသည်။

 ဒလမြို့နယ် မဟာသင်္ကြန်ပွဲတော် ရေကစားမေဏ္ဍပ်ကိုဗိုလ်ရန်ပြေရပ်ကွက် ဒလကားဝန်း ဂိတ်အတွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရပ်ကွက်/ကျေးရွာများအလိုက်ဖျော်ဖြေရေးယိမ်းအဖွဲ့(၁၆)ဖွဲ့နှင့် ခေတ်ပေါ်သံစုံသီဝိုင်းများ တီးခတ်၍ တေးသီးချင်းများဖြင့် ဒေသခံပြည်သူများနှင့် ရေပက်ခံထွက်သူများအားဖျော်ဖြေပေးသွားမည်ဖြစ်ရာမည်သူမဆိုပျော်ရွှင်စေရန် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)

No comments:

Post a Comment