Latest News

Monday, March 5, 2018

ငရဲပြည်ရောက်ခဲ့သော ၄၅၄ ရက်


🌟ငရဲပြည်ရောက်ခဲ့သော ၄၅၄ ရက်🌟

ဒီအကြောင်းကို ဆွေးနွေးမိကြလျှင်.. ပြောမိသူ... ကြားရသူ... အားလုံး မျက်ရည်တွေကျရသည်...။

ရင်ဘတ်တစ်ခုလုံး အဆုတ်အဖြဲ ခံရသကဲ့သို့...ဒီဇာတ်လမ်းဆုံးသွားလျှင် ငေးကြောင် ဆွံ့အသွားကြသည့်သူများ မရေမတွက်နိုင်တော့ပါ...။

သို့သော် ဒီအကြောင်းကိုသိသောသူများက မသိသေးသောသူများအား ဆက်လက်ပြောကြသည်...။

အဘယ်ကြောင့်နည်း..?

*************************************

🌟အပိုင်း-၁

၂၀၁၃ ခုနှစ် ၁၁လပိုင်း ၃၀ ရက်

သမီးနာမည် ဟန်ဆိုးလီပါ...။
သမီး အသက် ၁၂ နှစ်...။
၅ တန်းကျောင်းသူ...။

ဒါပေမဲ့ သမီးကျောင်းတက်ခွင့်မရတော့ဘူး...။ သမီး ထောင်ကျနေတာပါ..။

စိတ္တဇဆေးရုံထောင်ပေါ့..။

သမီး ညီမလေးကို သတ်ပစ်မိခဲ့တဲ့အပြစ်နဲ့ပေါ့...။

*************************************

ညီမလေး သေသွားပြီး ၃ ရက်ကြာတော့ သမီးကိုခေါ်ပြီး အမှောင်ခန်းထဲမှာ ဦးဦးရဲကြီးကမေးခွန်းတွေမေးတယ်...။

"သေသွားတဲ့ညီမလေးရဲ့ တကိုယ်လုံး အညိုအမည်းစွဲနေတယ်... ဘာလို့လဲ သမီးသိလား..?

" အမေ့စကား နားမထောင်လို့ သမီး ကိုယ်တိုင် ညီမလေးကိုဆုံးမခဲ့တာပါ..."

"သမီးရဲ့ ညီမလေး ဟန်ဆိုးဝမ် ဘာလို့ ဗိုက်နာနေခဲ့သလဲ..သမီးသိလား..?"

"သမီးက ညီမလေး ဗိုက်ကို လက်သီးနဲ့ထိုးတယ်... ခြေထောက်နဲ့ ကန်တယ်..."

"ဘယ်လိုပုံစံ ထိုးလဲ..?"

သမီး အမူအရာလုပ်ပြလိုက်တယ်...။

"ဒီလို...,ဒီလို...၅ ခါလောက်ထိုးတယ်.."

"ပြီးတော့ရော...?"

"ခြေထောက်နဲ့ကန်တယ်..."

"ဘယ်နေရာကို..?"

"ဗိုက်ကို..."

"ဒါနဲ့... သမီးကို အိုက်စ် ခရင်မ် ထပ်ကျွေးပါလား.."

ဗိုက်ဆာလွန်းလို့ အိုက်စ် ခရင်မ် တောင်းမိတယ်...။

သမီး အိုက်စ် ခရင်မ် မစားရတာ ကြာပြီလေ...။

:::::::::::::::::::

ဒီနေ့ ပိန်ချုံးပြီး အရိုးပေါ်အရေတင်နေတဲ့ ညီမလေး အလောင်းကို သမီးတွေ့နေရတယ်...။ ညီမလေး ဟန် ဆိုးဝမ်က အသက် ၉ နှစ်ပါ...။

ညီမလေး လက်တွေ ခြေတွေဟာ ကွေးကောက်နေတယ်...။

ညီမလေးတစ်ကိုယ်လုံး အညိုအမည်း စွဲလို့နေပါတယ်....။

ညီမလေးရဲ့ မေးစေ့အောက်က အနာက အချွန်နဲ့ထိုးထားသလို ဟောင်းလောင်းပေါက်ကြီး..။

ဒီနေ့ ညီမလေးအလောင်းကို မီးရှို့မယ့်နေ့တဲ့...။ သမီး...မငိုဘူး...။

"ညီမလေးကို နောက်ဆုံးနှုတ်ဆက်လိုက်..."
တစ်ယောက်ယောက်က သမီးကိုပြောလိုက်တယ်...။

သမီး ညီမလေးအနားတိုးကပ်လိုက်တယ်..။

"ညီမလေး မမနဲ့ တူတူပုန်းတမ်း ကစားမလား..?"

ဘယ်သူမှ မကြားအောင် သမီးတိုးတိုးမေးလိုက်တယ်...။ ညီမလေးကမဖြေ...။

ညီမလေး အလောင်းကို ဦးလေးကြီးတွေက သယ်သွားကြတယ်...။

ညီမလေးကို ထပ်မတွေ့ရတော့ဘူးဆိုတာလည်း သမီးသိနေပါတယ်..။ ဒါပေမဲ့ သမီးမငိုခဲ့ပါ...။

:::::::::::::::::::

ဦးဦးရဲကြီးကပြောတယ်....။

သမီးက ညီမလေးကို ခြေထောက်နဲ့ကန် ... လက်သီးနဲ့ထိုးလို့ ညီမလေး အူတွေအပိုင်းပိုင်းပြတ်နေပြီး အစာတွေ အူအပြင်ဘက်ကို ရောက်ကုန်တယ်တဲ့...။

အစာသစ်.., အစာဟောင်းတွေ ပြီးတော့...အူအပြတ်တွေ....အကုန်ရောသွားတာကြောင့် ပိုးဝင်သွားပြီး သေဆုံးသွားတယ်တဲ့...။

လူကြီးတစ်ယောက်တောင် ဒီလိုဖြစ်ရင် တစ်ရက်နဲ့ သေတတ်တာ.. ညီမလေးက ၂ ရက်တောင် အသက်ရှင်နေခဲ့တာ အတော် နာကျင်ခဲ့မှာပဲတဲ့....။

ဟုတ်ပါတယ်... ညီမလေးဟာ အဖျားတွေတက်...နာလွန်းလို့ ခြေထောက်တွေလက်တွေ တဆတ်ဆတ်တုန်ပြီး ကွေးကောက်နေခဲ့တာ...။

သမီး ညီမလေးကို ကြည့်နေခဲ့တယ်...။

ဒါပေမယ့်.. ဦးဦးရဲကြီးကို သမီးပြောမပြဘူး..။

:::::::::::::::::::

ဦးဦးရဲကြီးတွေက သမီးဖြေပြီးသား မေးခွန်းတွေကို အထပ်ထပ်မေးတယ်...။ သမီးစိတ်ပျက်တယ်..။

"အမေ့ကို လွမ်းလှပြီ... အမေ့ဆီပြန်ပို့ပေးပါလား ဦးဦးရဲကြီး...!"

“ဘယ်အမေကို ပြောတာလဲ?”

“ အမေ အသစ်ကိုပြောတာပါရှင့်...အမေအဟောင်းကို သမီးမှတ်တောင် မမှတ်မိတော့ဘူး"

"သမီး အမေအသစ် အချုပ်ထဲမှာလေ ....သမီးသိတယ် မဟုတ်လား..?"

" သမီးအမေ သနားပါတယ်... သမီး ကြောင့် အချုပ်ထဲမှာနေရတာ...ညီမလေးက သမီးကြောင့်သေရတာ...."

"သမီး... ဘာလို့ ညာပြောနေတာလဲ...?"

"ဟင့်အင်း ညာမပြောပါဘူး ဦးဦးရဲ့ ...အမေ့ကို သမီးချစ်တယ်..."

အချုပ်ထဲက သမီးရဲ့ အမေ အသစ်ဆီက မနေ့ကစာရတယ်...။

သမီး....
အမေ သမီးကိုလွမ်းလှပြီ...
အရင်ကလို ပျော်ပျော်ရွှင်ရွှင် ပြန်နေချင်တယ်...၊
သမီးအနားမှာ အခု မနေနိုင်တာ အမေ့ကိုခွင့်လွှတ်ပါ သမီး....တဲ့

ခွင့်လွှတ်ပါတယ် အမေ....

သမီးဘဝမှာ ညီမလေးလဲမရှိတော့ဘူး... အမေကလွဲပြီး ဘယ်သူမှမရှိတော့ဘူး...။

*************************************
*************************************

🌟အပိုင်း-၂

ရဲထောက်လှမ်းရေးတို့က အိမ်နီးချင်းများထံ စုံစမ်းကြတော့သည်။

"ဟုတ်တယ်...ကလေးတွေက အမြဲ ဒါဏ်ရာရ ဖူးယောင်နေတာပဲ..... ဘာဖြစ်တာလဲမေးကြည့်တော့ ညီအမ အချင်းချင်းရန်ဖြစ်တာတဲ့...ဟန်ဆိုးလီက အဲလိုပြောနေတာ့ ကျွန်မတို့က ဘယ်လိုကူညီမလဲ..? ကလေးရန်ဖြစ်တာကို ရဲတိုင်လို့မရဘူးလေ.."

ရဲ- "သူတို့ အိမ်ဘက်က အော်သံ ဟစ်သံတွေ ကြားရလား..?"

" ကလေးမလေးတွေရဲ့ အဖေနဲ့မိထွေး အိမ်ပြောင်းလာကစတုန်းကတော့ ရန်ဖြစ်သံတွေ ကြားမိတယ်.. မေးကြည့်တော့ သူတို့ညီအမ အချင်းရန်ဖြစ်လို့ မိထွေးက ဆူနေတာတဲ့.."

"နောက်ပိုင်းမကြားမိတော့ပါဘူး.... မိထွေးလို့သာပြောတယ်... ကလေးမလေးတွေကို သိပ်ချစ်တာ..."

:::::::::::::::::::

ရဲ- "အခြား ဘာများကြားမိသေးလဲ ခင်ဗျ.."

"ကျွန်မ ကြားတာတော့ ကလေးမလေးတွေရဲ့အစ်ကို တစ်ဝမ်းကွဲက ကလေးမလေးတွေကို မတရားကျင့်တယ်လို့ ရပ်ကွက်ထဲမှာပြောနေကြတယ်..."

ရဲ- " အဖေဘက်ကတော်တဲ့ အစ်ကို ဝမ်းကွဲလား ခင်ဗျ..?"

" ဟုတ်တယ်..သူတို့မိသားစု အခုနေတဲ့အိမ်က ကလေးမလေး နှစ်ယောက်ရဲ့ ကြီးတော်အိမ်ပါ...။ ကလေးမလေးတွေရဲ့ အဖေနဲ့ အမေနဲ့ကွဲသွားကြလို့ ကြီးတော်က ခေါ်မွေးစားတယ်ပြောတာပဲ... ။ ကြီးတော်မှာ သားအရင်း တစ်ယောက်ရှိတယ်လေ..ကလေးမလေးတွေရဲ့ အစ်ကိုဝမ်းကွဲပေါ့"

" ဟုတ်တယ်.. ဟုတ်တယ် လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်တုန်းက ကလေးမလေးတွေ အဖေက နောက်အိမ်ထောင်ထပ်ပြုပြီး အဲဒီအိမ်ကို ပြောင်းလာတာ... "

:::::::::::::::::::

"ကလေးမလေးရဲ့ ကြီးတော် မိသားစုက အိမ်ကိုဖယ်ပေးပြီး တခြားတစ်နေရာကို ပြောင်းသွားကြတယ်...သူတို့သားက ကလေးတွေကို မုဒိမ်းကျင့် စော်ကားလို့ ပြောင်းပြေးတာဖြစ်မှာပေါ့...”

"ကျွန်မကတော့ ဘယ်သူက ဘယ်သူ့ကို စော်ကားတာလဲ မသိပါဘူး ဒါပေမယ့် သူတို့အိမ်ရေသုံးကြမ်းတယ်...စိတ်ပျက်စရာကြီး..ကလေးမလေးတွေရဲ့ ကြီးတော်နေတုန်းက ရေသိပ်ချွေတာကြတာ...."

ထိုခေတ်က ရေအခွန်ခသည် အဆောက်အဦ တစ်ခုလုံး မျှပေးရသောခေတ်ဖြစ်သည်။

ရဲထောက်လှမ်းရေးတို့က ဟန်ဆိုးလီ၊ ဟန်ဆိုးဝမ် ညီမနှစ်ယောက်၏ ကြီးတော်အိမ်သို့ သွားကြသည်..။

ကလေးတို့ကို မတရားကျင့်ခဲ့သည်ဆိုသော ကလေးမတို့၏ အစ်ကိုတစ်ဝမ်းကွဲဖြစ်သူ.... ကြီးတော်၏ တစ်ဦးတည်းသောသားအား စစ်ဆေးရမည်..။

*************************************

ကြီးတော်က ငိုကြီးချက်မဖြင့် အားကိုးတကြီးတိုင်သည်...။ သားနှင့်ပေးမတွေ့...။

ဟန်ဆိုးလီက ဟန်ဆိုးဝမ်ကို သတ်ပစ်တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
ဟန်ဆိုးလီက ညီမလေးကို သိပ်ချစ်တာ.. အမေတစ်ယောက်လိုပဲ...။

အသက် ၁၂ နှစ်အရွယ်ကလေးမက ဒီလောက် အားရှိပါ့မလားရှင်..။ ဆရာဝန်ကြီးတွေက ကားတိုက်မိသလို ပြင်းထန်တဲ့ ဒါဏ်ရာလို့ ဆေးစစ်တမ်းထဲမှာ ရေးထားပါတယ်...။

ကျွန်မမောင်ဟာ မိန်းမနဲ့ကွဲပြီး ကလေးစရိတ်ထောက်ရမှာစိုးလို့ ကလေးတွေခေါ်လာတယ်... ။သမီးလေးတွေ ၂ ယောက်ကို ပစ်စလက်ခတ်ထားလို့ ကျွန်မတို့က ခေါ်ယူမွေးစားထားတာပါ...။

သမီးလေးနှစ်ယောက်ဟာ ကျွန်မတို့နဲ့ ၆ နှစ်ကြာ နေခဲ့တယ်...။ ကျွန်မ မောင်ဟာ သူ့သမီးနှစ်ယောက်ကို တစ်ခါဆို တစ်ခါမှ လာမကြည့်ခဲ့ပါဘူး..။

:::::::::::::::::::

ကလေးမလေးတွေရဲ့ အမေကတော့ ကျွန်မ တို့ကို ဆက်သွယ်ခဲ့တယ်..။ နောက်တော့ ကလေးအမေနဲ့လည်း ကလေးတွေကို ကျွန်မတို့ တွေ့ခွင့်မပေးတော့ဘူး..။ ကလေးတွေက သူတို့အမေနဲ့တွေ့ရင် အမေနဲ့အတူနေချင်လို့ ငိုကြတယ်... အတူနေဖို့လဲ ကျွန်မ မောင်ကသဘောမတူလို့ မဖြစ်နိုင်တာနဲ့ ကလေးတွေဟာ လင်မယားနှစ်ယောက် ကြားမှာ ဒုက္ခရောက်ကုန်တယ်။ ကလေးတွေ စိတ်ဝေဒနာခံစားရမှာစိုးလို့ ကလေးတို့အမေနဲ့ အဆက်အသွယ်ဖြတ်ခဲ့တယ်...။

:::::::::::::::::::

မနှစ်က ...၂၀၁၂ ခုနှစ် ၅ လပိုင်း
ပေါ့....။ ကျွန်မရဲ့ မောင်က တခုလပ် ကလေးအမေ တစ်ယောက်ကိုလက်ဆွဲပြီး ပေါ်လာတာပဲ...။

ကလေးတွေပြန်ပေးပါတဲ့...။ ကျွန်မတို့မပေးခဲ့ဘူး..။

ဒါပေမဲ့ မိထွေးက အရမ်း သဘောကောင်းတယ်..။ ကလေးတွေကို အမေတစ်ယောက်လို့ စောင့်ရှောက်တယ်..။ ကလေးတွေဆီ မကြာခဏလာလည်တယ်။

ဒါနဲ့ပဲ ဒီမိန်းမကို ကျွန်မ ယုံကြည်ခဲ့တယ်...။

ကလေးတွေကို အဲဒီမိန်းမက "အမေ" လို့ခေါ်ခွင့်ပေးတော့ အမေမဲ့ကလေးမလေး နှစ်ယောက်က တန်းတန်းစွဲဖြစ်သွားတော့တာ..။

ကျွန်မရဲ့ မောင်လစာက တစ်လ ၁၃ သိန်း ...မိန်းမကအလုပ်မရှိ... မိန်းမဖက်ကပါတဲ့ကလေးနဲ့ဆို သမီးချည်း ၃ ယောက် .. ဒုက္ခရောက်နေလို့ ကျွန်မတို့ နေတဲ့အိမ်မှာ သူတို့ကိုနေခိုင်းပြီး ကျွန်မတို့ အခြားတစ်အိမ်ရှိတာနဲ့ ပြောင်းသွားခဲ့တာ...။

:::::::::::::::::::

၆ လလောက်လဲကြာရော မိထွေးမက ကျွန်မသားကို တရားစွဲမယ်တဲ့.. ငွေညှစ်တယ်...။

သားက သူညီမလေးတွေကို မတရားကျင့်တယ်ဆိုပြီး ဒီကောင်မကပဲ ရပ်ကွက်ထဲ သတင်းလွှင့်ပါလေရော...

ကျွန်မသားက အခုမှ အလယ်တန်းကျောင်းသား.. လူပျိုပေါက်လေး....ရှက်လွန်းလို့ သေမတတ်ပဲ...။ သားက ငိုလိုက်တာ..ကျောင်းတောင် မတက်ရဲဘူး ။

ကျွန်မတို့လည်း ဒေါသဖြစ်ပြီး

"ဟဲ့... ငါ့သားက ငါ့တူမတွေ မတရားကျင့်တယ်ဆို ရဲစခန်းသွားကြရအောင်...လာ" ဆိုတော့ မလိုက်ရဲတော့ဘူး...။

"ကလေး အဖေက မတိုင်ရဘူးတဲ့ရှင့်.."
ဆိုပြီးလျှောချသွားတယ်...။

ထောက်လှမ်းရေး အရာရှိတို့ မယုံကြည်ရင် အချိန်မရွေး ကျွန်မတို့ ဖြေရှင်းရဲပါတယ်...။
ကျွန်မတို့ကို အဲဒီမိန်းမကို အသေရေဖျက်မှုနဲ့ တရားစွဲမလို့ပါ...။

" သိပါတယ်ဗျာ...ကျွန်တော်တို့ သေဆုံးသူညီမရဲ့ အလောင်းကိုရော .. အစ်မ ဟန်ဆိုးလီကိုပါ ဆေးစစ်ပြီးပါပြီ...။ မုဒိမ်း အကျင့် မခံထားရပါဘူး.."

ကြီးတော်က ငိုချလိုက်သည်။

ကျွန်မတူမကို သတ်ပစ်တာ မိထွေးပါရှင်..။ အမှန်တရားကိုဖော်ထုတ်ပေးကြပါ...။ ကလေးတွေမပြောနဲ့ ကျွန်မတို့တောင်ကြောက်တယ်..။

ဘာဆက်လုပ်ရမှန်းမသိတော့ပါဘူးရှင်..။

*************************************

ရဲထောက်လှမ်းရေးများက ဟန်ဆိုးလီနှင့် မိထွေးကို အတူခေါ်စစ်သည်။

ဟန်ဆိုးလီသည် မိထွေးကိုတွေ့သောအခါ ပြုံးရွှင်၍ မိထွေးအား အားကိုးတကြီးကြည့်သည်။ မိထွေးလက်ကို ကိုင်ရန်ကြိုးစားသည်ကိုတွေ့ရသည်..။

မိထွေးက ခဏ အကိုင်ခံလိုက်ပြီး သူမလက်ကို ပြန်ရုန်းလိုက်သည်။

စိတ်ပညာရှင်တို့က ထိုအမူအရာကို အဓိပ္ပါယ်ဖွင့်ဆိုကြသည်။

" သမီး အမေ့ကို ကူညီတယ်နော်... သမီးကိုချစ်ပါတော့...သမီးကို မရိုက်ပါနဲ့တော့" ဟူ၍ဖြစ်သည်။

အလွန်တရာ နှိပ်စက်ခံထားရသူ ဟန်ဆိုးလီသည် ထိုဘဝမှလွတ်မြောက်အောင် ဘာပဲလုပ်ရလုပ်ရဆိုသည့် အခြေအနေရှိနေသည်ဟု ခန့်မှန်းရသည်။

မိထွေးအား ပို၍ မယုံကြည်တော့......

*************************************

ကလေးများရဲ့ဆရာမများကို ဆက်လက်စစ်ဆေးကြသည်..။

ကလေးတွေက အမြဲဗိုက်ဆာနေတတ်တယ်..။ ထမင်းဆို သရဲစီးနေသလို စားကြတယ်..။

ဘယ်လောက်ပဲစားစား အမြဲဗိုက်ဆာနေတဲ့ကလေးတွေ...။

မျက်နှာတွေက အမြဲတမ်း ဖူးယောင်နေတာပဲ..။

ပထမပိုင်းတော့ မိထွေးကရိုက်တာလို့ပြောတယ်။ ကျွန်မက တိုင်တော့ ကလေးစောင့်ရှောက်ရေးအဖွဲ့က သွားစစ်တော့ မိထွေးကရှိနေတယ်...။ ကလေးမက အမှန်အတိုင်းမပြောရဲတော့ဘူး..။

" လိမ့်ကျတာပါ..."

"ညီအမ အချင်းချင်းရန်ဖြစ်တာပါ" နဲ့... လိမ်ပြောကြတယ်...။

ကျွန်မ ကလေးစောင့်ရှောက်ရေးကို တိုင်ခဲ့ပါတယ်...။ ဟန်ဆိုးလီက အမြဲတမ်းလိမ်နေတော့ ဘာမှဆက်လုပ်လို့မရဘူး...။

ဟန်ဆိုးဝမ် မသေဆုံးခင် ခြေထောက် ထော့နဲ့ ထော့နဲ့ ဖြစ်ပြီး ကျောင်းလာတယ်..။ မေးကြည့်တော့ လှေကားပေါ်ကလိမ့်ကျလို့တဲ့ ..။

ကျွန်မ သူတို့ကို စိတ်ပညာဆိုင်ရာ မေးခွန်းတွေဖြေခိုင်းတော့လည်း ကလေးတွေက သူ့မိထွေးကို အချစ်ဆုံးပါတဲ့...။

ကျွန်မတို့ ဘာမှမတတ်နိုင်ခဲ့ဘူး...။

စားစရာတစ်ခုရရင် ညီမလေးကိုပြေးပြီးကျွေးတဲ့ ကလေးက ညီမလေးကို သတ်ပစ်တယ်ဆိုတာ ...

ဒုက္ခပါပဲ ယုတ္တိရှိရှိ ဇာတ်လမ်းဆင်ကြပါဦး..။

*************************************

" ကလေးတွေ လှေကားကြောက်တတ်လို့ ကျွန်မက လှေကားပေါ်ကိုတက်ခိုင်းပြီး အနောက်က အနည်းငယ်တွန်းပေးရာမှ ပြုတ်ကျဖူးပါတယ်...စေတနာနဲ့ လေ့ကျင့်ပေးရာမှ ဖြစ်တာပါ..."

တရားခွင်တွင် မိထွေးက ထွက်ဆိုချက်တခုပြုတိုင်း ကြားနာနေသော ပရိတ်သတ်က ဒေါသဖြစ်စွာ ...နာကျည်းစွာ ဖြင့် ရယ်မောကြသည်။

" မရှက်ဖူးလားခင်ဗျာ..."

"ပြက်လုံးတွေ ထုတ်နေတာလားရှင့်.."

ဟန်ဆိုးလီအား အကြိမ်ကြိမ်မေးမြန်းသော်လည်း သူမကိုယ်တိုင် ညီမလေးကို နှိပ်စက်မိသဖြင့် သေဆုံးရသည်ဟု ပြောသဖြင့် မိထွေးဖြစ်သူ အမှုမှ ကွင်းလုံးကျွတ်သွားသည်။ ဥပဒေအရ ကလေးငယ်များအား မုသားဖော်စက် သုံးခွင့်မရှိပါ...။

ဟန်ဆိုးလီကတော့ စိတ္တဇဆေးရုံတွင် အကျယ်ချုပ်ဖြင့် ဆေးကုသမှုကို ခံယူနေရတော့သည်။

တောင်ကိုရီးယားပြည်သူများ လွန်စွာဒေါသဖြစ်၍ ဆန္ဒပြကြသည်။

"အမှုပြန်ဖွင့်ပေးပါ..."

*************************************
*************************************

🌟အပိုင်း-၃

အိပ်မက်ထဲကို ညီမလေးရောက်လာတယ်..။ အဲဒီ အိပ်မက်တွေကို သမီးကြောက်တယ်...။

အိပ်မက်တိုင်းမှာ သမီးနဲ့ သမီးရဲ့ညီမလေး တူတူပုန်းတမ်း ကစားကြတယ်...။

ပုန်းနေတဲ့ ညီမလေးကို ပြန်ရှာမတွေ့...။
သမီး ညီမလေးကို ပြန်မတွေ့မှာစိုးလို့ ကြောက်စိတ်နဲ့ ချွေးတွေပြန်လာတယ်...။

တစ်စုံတစ်ယောက်က ရောက်လာတယ်...သမီး ရင်ဘတ်ထဲက အသည်းနှလုံးကို ရက်ရက်စက်စက် ဆွဲထုတ်လိုက်တယ်..။

သမီး... သေ....သွား.... တယ်....။

သမီးရဲ့ ကြီးကြီးဆီမှာ ပြန်နေပါရစေ...။
စိတ္တဇဆေးရုံမှာ တစ်ယောက်တည်း အိပ်မက်မက်နေရတာ သမီးကြောက်တယ်...။

ကြီးကြီးကပြောတယ် သမီးအိပ်မက်ဆိုးတွေ ရပ်သွားအောင် ဆရာဝန်ကြီးတွေက ကူညီနိုင်မယ်တဲ့..။ ပြီးရင် အိမ်ပြန်လို့ရပြီတဲ့...။

သမီးကို ကယ်ပါ..။

:::::::::::::::::::

၂၀၁၄ခုနှစ်

သမီး စိတ္တဇ ဆေးရုံမှာ တနှစ်ကြာသွားတယ်..။ သမီးအသက် ၁၃ နှစ်ရှိပြီ.....။

သမီး အိပ်မက်တွေ မရပ်မနားမက်တုန်း..။

တစ်နေ့.....
သမီးလက်ကို သမီးကပ်ကြေးနဲ့ထိုးလိုက်တယ်... သမီးသေပါရစေ...။ ဆရာဝန်ကြီးတွေ အပြေးအလွှားရောက်လာတယ်..။

"ဆရာဝန်ကြီး သမီးကို သတ်ပေးပါ... သမီး သေချင်တယ်...သမီး အသက်ရှင်နေရတာ ခက်ခဲလို့ပါ.."

"အို... သမီးရယ် ဘယ်အရာမဆို အဖြေရှိပြီးသားပါ... အဲဒီအဖြေက "သေခြင်းတရား" မဟုတ်ပါဘူး..။

သမီးရင်ထဲက လေးလံတဲ့ ကြောက်စရာလျှို့ဝှက်ချက်ကို တစ်ဦးဦးကို ပြောပြလိုက်ရင် အိပ်မက်ဆိုးတွေ မမက်တော့ဘူး.."
လို့ ဆရာဝန်ကြီးကပြောတယ်...။

သမီး ရင်ထဲကပြောပြချင်တာတွေ အကုန်ပြောပြဖို့ ကြီးကြီးကလည်း အမြဲတိုက်တွန်းတယ်...။

သမီး အားရှိလာတယ်..။

နောက်ဆုံး အခုလို ရုပ်မြင်သံကြားကဦးဦးနဲ့ တွေ့ဖို့ သမီးဆုံးဖြတ်လိုက်တယ်...။

ကြင်နာတတ်တဲ့ ဦးဦးက

"သမီး စိတ်ထဲမှာရှိတာတွေ အကုန်ပြောပြပါ... ဦးဦး နားထောင်ပေးမယ်.. ဦးဦး ကူညီမယ်"...တဲ့....

:::::::::::::::

🌟 ငရဲပြည်ရောက်ခဲ့သော ၄၅၄ ရက် 🌟

အဖေခေါ်လာတဲ့ အန်တီက သမီးတို့ကို " အမေလို့ ခေါ်ပါလား သမီးတို့ရယ်.."တဲ့ ...

သမီးတို့ သိပ်ပျော်ခဲ့တယ်...။ သူငယ်ချင်းတွေကို ကြွားချင်တဲ့ ဆန္ဒပြည့်ဝခဲ့တယ်...။

"သမီးတို့မှာ အမေရှိပြီ..."

အမေ ကျောင်းလာကြိုတဲ့နေ့ အပျော်ဆုံးပဲ...။

အမေက အင်္ကျီအသစ်တွေလည်း ဝယ်ပေးတယ်..။

ကြီးကြီးကို အမေနဲ့အတူနေချင်တယ်လို့ သမီးတို့ ညီအစ်မ ပူဆာလွန်းတော့...ကြီးကြီးတို့က အိမ်ကဆင်းသွားပေးတယ်...။

အဖေနဲ့ အမေအသစ် အိမ်ကိုပြောင်းလာတယ်...။

:::::::::::::::

သမီး မိထွေးနဲ့နေခဲ့တာ ၄၅၄ ရက်...။
သမီးနေခဲ့ဖူးတဲ့ ငရဲပြည်အကြောင်းကိုပြောပြပါမယ်...။

အိမ်နားကအဒေါ်ကြီးတွေက "နင်တို့ ရေသုံးကြမ်းတယ်"တဲ့...။

ရေသုံးကြမ်းတာ အမေပါ...။

အမေနဲ့နေပြီး တပတ်လောက်အကြာ... ရေချိုးကန်ထဲရေဖြည့်... သမီးတို့နှစ်ယောက်ရဲ့ခေါင်းကို ရေထဲကိုနှစ်ပါတယ်..။

သမီးတို့ ဆံပင်ကိုဆွဲပြီး သမီးတို့ခေါင်းကို ရေချိုးကန်နံရံနဲ့ ရိုက်ပါတယ်...။

ညီမလေးက ငယ်တော့ နှာခေါင်းထဲ ပါးစပ်ထဲ ရေတွေဝင်ပြီး သတိမေ့သွားတယ်။ သမီးကတော့ အသက်အောင့်ထားတာ...။

သတိမေ့သွားတော့ ညီမလေးကို ရေချိုးခန်းကြမ်းပြင်ပေါ်ချလိုက်တယ်..။

၅ မိနစ်ကြာတော့ ညီမလေးသတိပြန်ရလာတယ်...။

မိထွေးက သမီးတို့ နှစ်ယောက်လုံးကို ရေထဲထပ်နှစ်တယ်...။

သမီးတို့ကို ရေထဲကို အကြိမ်ကြိမ်နှစ်ပစ်တယ်...။

ဒီလို မကြာခဏ လုပ်ပါတယ်....။

ဒါကြောင့် အမေက ရေသုံးကြမ်းတာပါ...။

:::::::::::::::

သမီးတို့ ကျောင်းပိတ်ရက်တွေကို ကြောက်တယ်..။

စနေ တနင်္ဂနွေ ဆို များသောအားဖြင့်...၂ ရက်လုံးလုံး ထမင်းမကျွေးဘူး..။ ရေတောင်သောက်ခွင့်မရှိဘူး..။

"ဗိုက်ဆာလား"

"ဟုတ်ကဲ့ အမေ..."

"ပါးစပ် အကျယ်ကြီးဟ ထားကြ .., အစာကျွေးမယ်.."

အမေက သမီးတို့ ညီအမနှစ်ယောက်ရဲ့ ပါးစပ်ထဲကို ချုန်းယမ်း ငြုတ်သီးအစပ် ၁၀ တောင့်လောက်ကို ထိုးထည့်ပြီး ဝါးခိုင်းပါတယ်...။

သမီးတို့ ညီအစ်မ လျှာတွေ ပြတ်ကုန်ပြီလို့ ထင်ရလောက်အောင် ပူလောင်လွန်းလှပါတယ်...။

(ချုန်းယန်းဟု အမည်ရသော ငြုတ်သီးသည် တစ်တောင့်စားရန်ပင်မလွယ် ၊ အလွန်စပ်ပါသည်..။)

:::::::::::::::

အမေ စိတ်မကြည်ရင် ကြိုးခုန်တဲ့ကြိုးနဲ့ ခြေဖဝါးနှစ်ခုကို ချည်ပြီး ခေါင်မိုး ထုတ်တန်းမှာ ဇောက်ထိုးဆွဲထားတယ်...။ သမီးတို့ ညီအမ နှစ်ယောက်ကို အဲလိုပုံစံနဲ့ အမြဲ အပြစ်ပေးတယ်..။

:::::::::::::::

အကြောက်ဆုံးကတော့ ခြေထောက်ကနေ ဇောက်ထိုးထားရုံမက ဟိုဘက်နံရံ ကနေ ဒီဘက်နံရံ လွှဲရိုက်ပစ်တာပဲ..။

သမီးတို့ မျက်နှာတွေ ခေါင်းတွေ စုတ်ပြတ်ကုန်ပြီး သွေးတွေထွက်လာတဲ့ အထိပေါ့...။

:::::::::::::::::

တစ်ခါတစ်လေ သမီးတို့ ကို ဇောက်ထိုးဆွဲထားပြီး ကျောကုန်းကို ရေနွေးပူနဲ့ ပက်ပါတယ်..။

:::::::::::::::::

သမီးတို့ကို အဝတ်လျှော်စက်ထဲ ထည့်လှည့်တယ်..။

:::::::::::::::::

သမီးတို့ ညီအမနှစ်ယောက် အမြဲလည်ပင်း အညှစ်ခံရတယ်...။

သမီးတို့မျက်လုံးသွေးကြောတွေပေါက်ပြီး နီရဲလာမှ လွှတ်ပေးတာ...။

ဆရာမက ဓာတ်ပုံရိုက်ထားပါတယ်.., ဆရာမဆီမှာ ဓာတ်ပုံရှိပါတယ်..။

:::::::::::::::::

သမီးတို့ ထပ်ခိုးပေါ်တက်တဲ့ အိမ်အတွင်းလှေကားရှိတယ်..။

သမီးတို့ကို လှေကား အပေါ်ဆုံး အထစ်မှာရပ်ခိုင်းပြီး အမေက တွန်းချတယ်...။

:::::::::::::::::

သမီးတို့ ကျောင်းမှာ အိမ်သာ အကုန်တက်ပြီးလာရပါတယ်..။ အိမ်မှာ အိမ်သာတက်ခွင့်မရှိဘူး..။

အိမ်မှာ အိမ်သာတက်ရင် ဒါမှမဟုတ် ဘောင်းဘီထဲ ဆီးတွေ ဝမ်းတွေထွက်ကျရင် သမီးတို့ အိမ်သာဘေးက ပုံးထဲက မစင်တွေပေနေတဲ့ တစ်ရူးတွေကို စားရပါတယ်...။

:::::::::::::::::

အမေက စိတ်မကြည်ရင် သမီးတို့ ပါးစပ်ကို သွေးထွက်လာတဲ့အထိ ဖြဲပါတယ်...။ ပြီးရင် ၂ လီတာရှိတဲ့ ရေတစ်ပုလင်းလုံး လောင်းထည့်ပါတယ်...။

:::::::::::::::::

ဆောင်းရာသီမှာ သမီးတို့ကို ဝရန်တာမှာ ထုတ်ပြီး အင်္ကျီချွတ်ထားတယ်...။ တစ်ညလုံးတံခါး မဖွင့်ပေးဘူး..။

:::::::::::::::::

၂၀၁၃ ခုနှစ် ၈ လပိုင်း ၁၄ ရက်နေ့

အဲဒီနေ့က ညီမလေးဗိုက် ကို မိထွေးက တက်နင်းတယ်..။ အားနဲ့ကန်တယ်...။

" အား... ဗိုက်အောင့်တယ် အမေ.. သမီးကို မရိုက်ပါနဲတော့..."

"ဘယ်နေရာလဲ..? ဒီနေရာကအောင့်တာလား..? "

ညီမလေး ဗိုက်ကို မိထွေးက လက်သီးနဲ့ထိုးပါတယ်..။

"ဗိုက်အောင့်ရင် အိမ်သာတက်.."

"တက်လို့မရဘူး အမေ..."

ညီမလေးဟာ နာလွန်းလို့ ခြေထောက်တွေ ကောက်ကွေး တွန့်လိမ်နေတယ်...။

ညီမလေးကို အဖေက ဆေးရုံမပို့ပေးဘူး...။
ပိုက်ဆံမရှိဘူးတဲ့...။

မတ်တပ်တောင်ရပ်ဖို့မလွယ်တဲ့ ညီမလေးကို မိထွေးက ထိုင်ထ ၁၀ မိနစ်လုပ်ခိုင်းတယ်...။
ညီမလေး လဲကျသွားတယ်။

ညီမလေး လက်တွေ ခြေထောက်တွေ အပြာရောင်သန်းလာရာကတဆင့် ညိုမည်းလာတယ်..။

ညီမလေး ကျွန်မကို အားငယ်စွာနဲ့ကြည့်နေတယ်... ညီမလေးမျက်နှာမှာ မျက်ရည်တွေနဲ့...။

"အဖေ..! အဖေ..! ညီမလေးကို ကယ်ပါ" သမီးတိုးတိုးလေးခေါ်လိုက်တယ်... အဖေ မကြားဘူး...ဖုန်း ဂိမ်းကစားနေတယ်...။

မိထွေးက သူ့သမီးကို ထမင်းကျွေးနေတယ်...။

ညီမလေး ချွေးသီးချွေးပေါက်တွေကျလာတယ်... ပြီးတော့ အံကြိတ်လိုက်တဲ့ အသံကြားရပြီး တုန်ရင်နေတဲ့ ခြေထောက်တွေ ငြိမ်ကျသွားတယ်...။

ဟင်..!?! ဒါဟာ သေဆုံးသွားတာလား..?
သမီး ကြည့်ပဲကြည့်နေတယ်..။

ခဏကြာတော့ ဂိမ်းကစားပြီးသွားတဲ့ အဖေရောက်လာတယ်...။ အဖေက...

"ဟင်! မိန်းမရေ လာပါဦးကွ..."

သူတို့ ၁၁၉ ကိုဖုန်းခေါ်တယ်...။

သူနာပြု ဦးဦးက ခေါင်းခါတယ်...။ ညီမလေးကို အရေးတကြီးပုံစံနဲ့ ဆေးရုံကိုခေါ်သွားကြတယ်...။

သမီး ဒါတွေကို ကြည့်နေရုံကလွဲပြီး ညီမလေးကို တစ်ခုမှ အကူအညီ မပေးနိုင်ခဲ့ဘူး...။

အဖေကပြောတယ်...

" ဟန်ဆိုးဝမ် သေပြီ.."

အဲဒီနေ့ကို သမီး သိပ်ကြောက်တယ်။

:::::::::::::::::

အဲဒီနေ့ကစပြီး အမေလို့ မခေါ်ချင်တော့ပါဘူး..။

မိထွေး...။
ဒါပေမယ့် သမီး မိထွေးရဲ့ အကြင်နာကိုတော့ လိုချင်သေးတယ်လို့ထင်ခဲ့တယ်..။

ဆရာဝန်တွေက ညီမလေးဟာ အသတ်ခံရတာ...ဆိုပြီး မိထွေးကို ဖမ်းသွားကြတယ်...။

အဖမ်းမခံရခင် မိထွေးက "နင် ဟန်ဆိုးဝမ်လို မသေချင်ရင် စကားနားထောင်.." တဲ့

အိမ်မှာ အဖေနဲ့သမီး နှစ်ယောက်တည်း ကျန်ခဲ့တယ်..။အဖေက ဦးဦးရဲကြီးတွေနဲ့တွေ့ရင် ဘယ်လိုပြောရမလဲဆိုတာ သင်ပေးတယ်..။

သမီး ညာပြောခဲ့တယ်...။
သမီး မိထွေးဆီမှာ မျက်နှာကောင်းရအောင်လို့ပေါ့....။
ဒါမှ မိထွေးက သမီးကို ကြင်ကြင်နာနာ ဖက်ထားတော့မယ်လေ....။

ဒါနဲ့ပဲ ...မိထွေး ထောင်ကလွတ်သွားတယ်...။

သမီးမျှော်လင့်သလို သမီးကို ကျေးဇူးတင်ပြီး ကြင်နာစွာနဲ့ ဖက်ထားတယ်....ဒါပေမဲ့ သမီးရင်ထဲမှာ အရင်ကလို မပျော်တော့ဘူး...။

ညီမလေး အသုဘမှာ မငိုရဘူးလို့ မှာထားလို့ မငိုရဲခဲ့သမျှသမီး အားရပါးရ ငိုချလိုက်တယ်...။

ဘယ်လိုပဲငိုငို ..သမီးလည်ချောင်း ထဲမှာ ဘောလုံးအကြီးကြီးတစ်ခု ဆို့နေသလိုပဲ...။ ရင်ထဲမှာလည်း ပူလောင်နေတယ်... အိုက်စ် ခရင်မ်စားလဲ အေးမလာတော့ဘူး...။

သမီး ဒီလိုလိမ်ပြောခဲ့တာကြောင့် ညီမလေးက သမီးကို မကျေနပ်ဘူးထင်တယ်...။ အိပ်မက်တွေခဏခဏ မက်နေတာဖြစ်မယ် ဦးဦး...။

:::::::::::::::::

သမီးကို ဒီလို နှိပ်စက်တာတောင် သမီး မိထွေးကို ဘာလို့ အကူအညီပေးခဲ့တာလဲ..?

**သမီး ကိုဒီလို နှိပ်စက်ပေမယ့် မိထွေးက သမီးတို့လိမ္မာရင် မုန့်ဝယ်ကျွေးတယ်... ကြင်နာတယ်.... သမီးတို့ဘဝမှာ မိထွေးပဲ အားကိုးရာရှိပါတယ်..အဖေက သမီးတို့ကို ကြည့်တောင် မကြည့်ဘူး..။

:::::::::::::::::

သမီးတို့ ဘယ်လိုအလုပ်မျိုးလုပ်ရင် လိမ္မာတယ်လို့ မိထွေးကပြောလဲ...?

** မိထွေးကို အချစ်ဆုံးလို့ ဆရာမတွေ အိမ်ဘေးက အန်တီကြီးတွေကိုပြောရင်ပေါ့...သမီးတို့ကို မိထွေးက ကြင်နာရင် အရိုက်ခံရတာတွေ အကုန်မေ့ပြီး အရမ်းပျော်ပါတယ်...။

:::::::::::::::::

သမီးတို့ ကြီးကြီးကို ဘာလို့ အားမကိုးတာလဲ..?

** ကြီးကြီးက မိထွေးနဲ့ရန်ဖြစ်တယ်..။ကျွန်မ အစ်ကိုကပါ ကျွန်မတို့ကို စကားမပြောတော့ဘူး။

:::::::::::::::::

သမီးရဲစခန်းတိုင်ဖူးလား..?

** သမီးရဲစခန်းလည်းတိုင်ဖူးတယ်...။
ဆရာမတွေလည်းပြောပြဘူးတယ်...။
သမီးကို ဘယ်သူမှ လာမကယ်ကြဘူး။

မိထွေးပြန်သိသွားပြီး ပိုအရိုက်ခံထိတာပဲ အဖတ်တင်တယ်... နောက်ဆုံးတော့ သမီး လူတွေကို မယုံတော့ဘူး...။

မိထွေး စကားနားထောင်ပြီး မိထွေးနဲ့ တည့်အောင်နေရမယ်လို့ သမီးတွေးလိုက်တယ်...။

မိထွေး ဘာပြောပြော သမီး ဘာမှပြန်မပြောရဲပဲ ခိုင်းတာအမြဲလုပ်ခဲ့ပါတယ်...။

ဒီလိုအနှိပ်စက်ခံရပေမဲ့ ဘေးအိမ်တွေကြားမှာစိုးလို့ အော်ပြီးမငိုရဲပါဘူး..။ သမီးတို့ နှစ်ယောက်ကြိတ်ငိုခဲ့ရပါတယ်..။

:::::::::::::::::

"သမီးအခု ဦးဦးကိုပြောတဲ့အတိုင်း တရားသူကြီးရှေ့မှာပြောရမယ်... ဒါဆိုရင် သမီးညီမလေး ကျေးဇူးတင်နေမှာ.."

"ဟုတ်ကဲ့.. သမီး ပြောရဲပါတယ်..."

*************************************

အမှုပြန်ဖွင့်ကြသည်..။

၂၀၁၄ ခုနှစ် ၁၂ လပိုင်း ၁၄ ရက် တွင် ထိုအမှုကို အမိန့်ချခဲ့ပါသည်။

သို့သော် မိထွေး လူသတ်မှုမဝင်ခဲ့ပါ...။

လူသေမှု....နှင့် အသက်ရှင်နေသူ ဟန်ဆိုးလီအား နှိပ်စက်မှု...ဟူ၍သာ...။

မိထွေးသည် အလုပ်ကြမ်းနှင့် ထောင်ဒါဏ် ၁၅ နှစ်သာကျခဲ့သည်..။

မိမိသမီးအသက်သေသွားသည်အထိ မိန်းမအား ကိုးကွယ်သော ထိုဖခင်ယုတ်အား ထောင်ဒါဏ် ၄ နှစ်...။

ထိုကဲ့သို့ တရားဥပဒေ၏ အားနည်းမှုကြောင့် တောင်ကိုရီးယားရှိ မိဘများ ဆန္ဒပြကြသည်။

" လူသတ်သမား မိထွေး!!! သတ်မိန့်"

:::::::::::::::::::

အငိုရဆုံးကတော့ ကလေးမလေး နှစ်ယောက်၏ မိခင်ဖြစ်သည်။ မိထွေးသည် ကလေးမနှစ်ယောက်အား ပြုစုစောင့်ရှောက်ရန် ငွေလိုသည်ဟု ကလေးမလေး နှစ်ယောက်၏ မိခင်ထံ မည်သူမှမသိအောင် ငွေညှစ်ခဲ့သည်။

မိခင်ကြီးမှာ မိထွေးကိုယုံ၍ ပင်ပန်းစွာအလုပ်လုပ်ပြီး ငွေများပို့ခဲ့လေသည်။ ယခုတော့ သူမ သမီးလေးသေဆုံးခဲ့လေပြီ...။

ယခုအခါ ဟန်ဆိုးလီအား ကြီးတော်ဖြစ်သူက တရားဝန်စာချုပ်စာတမ်းဖြင့်မွေးစားလိုက်ပြီး မိခင်နှင့် ပြန်လည်တွေ့ခွင့်ပေးလိုက်တော့သည်။

*************************************
*************************************

🌟 အပိုင်း-၎

ဤဆောင်းပါးတွင် ဟန်ဆိုးလီသည် မိထွေးအား အဘယ်ကြောင့် ကယ်တင်ခဲ့သနည်း...?

မြန်မာစကားပုံတို့တွင် " အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်သည်.." ဟုဆိုကြသည်။

ရှေးစကားပုံ တို့သည် အကျိုးအကြောင်းရှိ၍ ပေါ်ထွန်းခဲ့ခြင်းဖြစ်သည်။

အရိုးကွဲအောင်အရိုက်ခံရ၍ အသည်းစွဲအောင်ချစ်မိသော သူတို့သည် Stockholm syndrome ဟူသော စိတ်ဝေဒနာရနေသူများဖြစ်သည်။

ဦးနှောက်ကို အခြယ်အလှယ်ခံရခြင်း-ဘရိန်းဝါ့ရှင်း (Mind control/ brainwashing) ပြုလုပ်ခံရသူများခံစားရသော စိတ်ဝေဒနာကို Stockholm syndrome ဟုခေါ်သည်။

Stockholm syndrome အားအလွယ်တကူ နားလည်စေရန် စမ်းသပ်မှုတစ်ခုပြုလုပ်ကြသည်။

ဆရာ C သည် ကျောင်းသား ၁၀ ယောက်အား ၅ ယောက်စီ အုပ်စုနှစ်စုခွဲလိုက်သည်။ A အုပ်စု နှင့် Bအုပ်စု...။

:::::::::::::::::

A အုပ်စုကျောင်းသားများ

ဆရာ C ထံတွင် စာမေးပွဲမေးခွန်း ၅ ရွက်ရှိသည်။ ကျောင်းသားတို့က မေးခွန်း တစ်ရွက်ဖြေပြီးလျှင် သိမ်းဆည်း၍ နောက်တစ်ရွက် ထပ်ထုတ်ပေးသည်။

ဆရာသည် A ကျောင်းသားတို့အား ကြင်နာစွာဆက်ဆံသည်...။

"သားတို့ သမီးတို့ရေ မေးခွန်းနားမလည်တာရှိရင် မေးနော်..."

မေးသမျှကို စိတ်ရှည်စွာရှင်းပြသည်...။သင်္ချာ .. သမိုင်း အစရှိသည်ဖြင့် မေးခွန်း ၄ ရွက်ပြီးပြီ..။

"နောက်ဆုံး မေးခွန်းကို အမြန်ဖြေရပါမယ်...။ တစ်မိနစ်ပါ..."

A ကျောင်းသားများက မေးခွန်းကို ဖတ်လိုက်ပြီး တစ်ချက် ရယ်လိုက်ကြသည်..။

" အခန်းစောင့် ဆရာကို သင်ဘယ်လိုမြင်ပါသလဲ...? သင့်စိတ်ထဲယခုဖြစ်ပေါ်နေသည့် အတိုင်း ဖြေပါ.."

၁- ဆရာ သဘော အလွန်ကောင်းသည်..
၂- ပုံမှန် ဆရာကောင်းတစ်ယောက်...
၃- မကြိုက်ပါ..

:::::::::::::::::

B အုပ်စုကျောင်းသားများ

ဆရာ C က B အုပ်စု ကျောင်းသားတို့အား အစ ပထမတွင် မျက်နှာတင်းတင်းဖြင့် ဆက်ဆံသည်၊

မေးခွန်းများမေးလျှင် မကြားချင်ယောင်ဆောင်၍နေသည်..။

စာမေးပွဲတစ်ခါဖြေပြီးတိုင်း အဖြေလွှာကို ကြည့်၍ ဆူပူအပြစ်တင်သည်။

"ဒါတောင်မသိပဲ မူလတန်းဘယ်လိုရောက်လာကြသလဲ..?"

မေးခွန်း ၄ရွက်မြောက်တွင် ဆရာ C သည် ရုတ်တရက် အချိုးပြောင်းသွားသည်။

ကျောင်းသားများကို ပြုံးရွှင်သော မျက်နှာဖြင့် ချိုသာစွာကူညီလိုက်သည်။

"နောက်ဆုံး မေးခွန်း ၅ ရွက်မြောက်ကို အမြန်ဖြေရပါမယ်...။ တစ်မိနစ်ပါ..."

" အခန်းစောင့် ဆရာကို သင်ဘယ်လိုမြင်ပါသလဲ...? သင့်စိတ်ထဲယခုဖြစ်ပေါ်နေသည့် အတိုင်း ဖြေပါ.."

၁- ဆရာ သဘော အလွန်ကောင်းသည်..
၂- ပုံမှန် ဆရာကောင်းတစ်ယောက်...
၃- မကြိုက်ပါ..

:::::::::::::::::

A အုပ်စုနှင့် B အုပ်စု မည်သည့်အုပ်စုက ဆရာ C အားပို၍ ကောင်းသောမှတ်ချက်ပေးမည်နည်း...?

အဖြေမှာ B အုပ်စုဖြစ်သည်။

ကျောင်းသား A အုပ်စုက နံပါတ် (၂- ပုံမှန် ဆရာကောင်းတစ်ယောက်..)ကို အများဆုံးရွေးကြသည်။ အဘယ်ကြောင့်ဆိုသော် ဆရာ C သည်သူတို့ ပတ်ဝန်းကျင်၍ တွေ့ရသော ကြင်နာသည့်မိဘ ဆရာသမားများရှိနေ၍ဖြစ်သည်။

B အုပ်စုမှကျောင်းသားများကတော့ ပထမတွင် ဆရာအား စိတ်ပျက် ဝမ်းနည်း၍ ကြောက်ရွံ့နေရာမှ ရုတ်တရက် " ဪ.. ငါတို့ထင်သလို မဟုတ်ပါလား" ဟုတွေးမိသည်။

ဝမ်းနည်းရာမှ ပျော်ရွှင်သွားသည်။ ကျောင်းသားတို့အား ပြင်းထန်သော စိတ်ခံစားမှုအားပေးလိုက်ခြင်းဖြစ်သည်။ ထိုလှည့်ကွက်တွင် ထောင်ချောက်မိသွားသောသူများသည် Stockholm syndrome ဟူသော စိတ်ဝေဒနာရသွားခြင်းဖြစ်သည်။

ထို့ကြောင့် ဆရာ C သည် အလွန်ကြင်နာတတ်သည်ဟု တဒင်္ဂ ထင်မိသွားကြလေသည်။

:::::::::::::::::

၆ လကြာသွားသည်။

A အုပ်စုကျောင်းသားတို့သည် ဆရာအား ခင်မြဲခင်ကြသော်လည်း B အုပ်စုကျောင်းသားတို့ကတော့ ဆရာအား ခပ်တန်းတန်းဖြစ်နေသည်။

*************************************
*************************************

🌟နိဂုံး

ဦးဦးတရားသူကြီးရှင့်

သမီး မိထွေးကို ဒီလောကကြီးမှာ မရှိအောင်လုပ်ပေးပါ...။

၂၀၁၄ ခု ၃ လပိုင်း ၃၁ ရက်

(လိမ်ညာတဲ့နေ့ (April fool ) မရောက်ခင် တစ်ရက်အလိုတွင် ရေးပါသည်။)

ဟန်ဆိုးလီ

သို့သော် သူမဆန္ဒ မပြည့်ဝခဲ့ပါ...။

::::::::::::::::::::

ဒီအကြောင်းကို ဆွေးနွေးမိကြလျှင်.. ပြောမိသူ... ကြားရသူ... အားလုံး မျက်ရည်တွေကျရသည်...။

ရင်ဘတ်တစ်ခုလုံး အဆုတ်အဖြဲ ခံရသကဲ့သို့...ဒီဇာတ်လမ်းဆုံးသွားလျှင် ငေးကြောင် ဆွံ့အသွားကြသည့်သူများ မရေမတွက်နိုင်တော့ပါ...။

သို့သော် ဒီအကြောင်းကိုသိသောသူများက မသိသေးသောသူများအား ဆက်လက်ပြောကြသည်...။

အဘယ်ကြောင့်နည်း..?

::::::::::::::::::::

ယုတ်မာမိုက်မဲသော တာဝန်မဲ့သော အကြမ်းဖက် လူကြီးများကြောင့် အပြစ်မဲ့သော ကလေးငယ်များ မည်သို့ ဒုက္ခရောက်ခဲ့သည်ကို သိစေလို၍ဖြစ်သည်။

ထိုကဲ့သို့ ကလေးများအား နှိပ်စက်ညှင်းပန်းလျှင် ပြင်းထန်စွာအရေးယူနိုင်မည့် ဥပဒေသစ်ပြဠာန်းစေရန်ဖြစ်သည်။

သားသမီးတို့၏ အနာဂတ်ကို လုံခြုံစိတ်ချအောင် အတတ်နိုင်ဆုံး စီစဉ်ပြီးမှ မကွဲ၍ မဖြစ်သော အကျည်းတန်နေသည့် သင့်အိမ်ထောင်ရေးကို စွန့်လွှတ်သင့်သည်..။

သားသမီးများနှင့်ခွဲနေရလျှင်လည်း ရသည့်နည်းဖြင့် သူတို့အား အမြဲ ဂရုစိုက်ရပါမည်။

အမေ အဖေ ဟူသော လူသားနှစ်ဦး၏ အားပေးစကား တစ်ခွန်းသည်ပင်လျှင် ကလေးတစ်ယောက်၏ဘဝ၏အလွန်ကြီးမားသော အင်အားကို ဖြစ်စေသည်။

အချစ်သစ် .. အချစ်ဟောင်းတို့နှင့်ပျော်ချင်နေသော မိမိ၏ ဆန္ဒ ရမက်ကြောင့် သင့်သားသမီးများ၏ ဘဝများ မပျက်စီးပါစေနှင့်...,။

မရွှေမိုး ( ကိုရီးယား )
March 5th, 2018.

References
그것이 알고싶다 940회
그것이 알고싶다 919회
(너사세/범죄사건) 칠곡계모 아동학대 사망사건 - 악마보다 더한 인간 by 샨나엘









No comments:

Post a Comment