ရန်ကုန် မတ် ၃
အများပြည်သူရုံးပိတ်ရက် (တတိယနေ့)ဖြစ်သော ယနေ့တွင် ပဲခူးတိုင်းဒေသကြီး ဝင်္ဂဘော် ကျေးရွာရှိ ဝင်္ဂဘော်ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းအတွင်း ပြည်တွင်း၊ ပြည်ပမှ လာရောက် လေ့လာအပန်းဖြေသူများ စည်ကားလျက်ရှိသည်။
ဝင်္ဂဘော်ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသည် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း ဘုရားကြီးလမ်းဆုံနှင့် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၃၉)သို့ ဆက်သွယ်သည့် ကွန်ကရစ် လမ်းပေါ်တွင် တည်ရှိသည်။ ယခုလက်ရှိတွင် မိဘမဲ့ဆင်ကလေး ခြောက်ကောင် ပါဝင်သော ဆင်ကလေး ၁ဝ ကောင်နှင့် ဆင်ကြီးရှစ်ကောင် စုစုပေါင်း ၁၈ ကောင်ကို ထိန်းသိမ်းစောင့်ရှောက် ထားလျက်ရှိသည်။
အဆိုပါ ဆင်စခန်းတွင် နေ့စဉ် နံနက် ၇ နာရီမှစတင်၍ ဆင်များ၏ သရုပ်ပြမှုများကို ကြည့်ရှုခြင်း၊ ဆင်များနှင့်အတူ ချောင်းအတွင်း ရင်းနှီးစွာ ကိုယ်တိုင်ရေချိုးပေးခြင်း၊ ဆင်ကလေး များကို အခမဲ့ နို့တိုက်ခြင်း၊ ဆင်စာကျွေးခြင်း၊ ဆင်စီးခြင်း၊ တောတွင်းဆင်စားကျက်အတွင်း လေ့လာခြင်း၊ ဆင်များနှင့် အမှတ်တရဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းတို့ ပြုလုပ်ရင်း ပျော်ရွှင်စွာ လာရောက်လေ့လာအပန်းဖြေနိုင်ကြောင်း သိရသည်။သတင်းနှင့်ဓာတ်ပုံ-ဒေါက်တာလင်းလင်းဦး(ကြေးမှုံ)
No comments:
Post a Comment