Latest News

Saturday, March 3, 2018

ဇလုံတောင်သို့ ဘုရားဖူး အများအပြား ဝင်ရောက်လာခြင်းကြောင့် ဘုရားမဖူးရဘဲ ပြန်ရသူများရှိ

ဇလုံတောင်သို့ ဘုရားဖူး အများအပြား ဝင်ရောက်လာခြင်းကြောင့် ဘုရားမဖူးရဘဲ ပြန်ရသူများရှိ

စစ်ကိုင်း မတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး  ဗန်းမောက်မြို့နယ် ဇလုံတောင်သို့ ဘုရားဖူး  အများအပြားဝင်ရောက်လာခြင်းကြောင့် ဘုရားမဖူးရဘဲ ပြန်ရသူများရှိကြောင်းသိရသည်။

''ကျွန်တော်တို့   တောင်တက်ကားအသင်းမှာ အစီးရေ ၈၃ စီးရှိပါတယ်၊ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ မတ် ၁  ၊ ၂ ၊  ၃ ရက်အထိ လာရောက် သူများပြားလာတဲ့အတွက်  တစ်ရက်ကို အစီး ၂ဝဝ ကျော်ပြေးဆွဲခဲ့ရပါတယ်၊ တစ်စီးကို ၁၅ ဦး တင်ပါတယ်၊ တစ်ဦးကို အတက် ကျပ် ၃ဝဝဝ နဲ့အဆင်း ကျပ် ၃ဝဝဝ ကောက်ခံပါတယ်''ဟု တောင်တက်ကားအသင်းဥက္ကဋ္ဌ ဦးမြင့်ဖုန်းက ပြောသည်။

''ကျွန်တော်တို့အဖွဲ့က ရန်ကုန်ကလာတာပါ၊ ဒီကား ဂိတ်ကိုရောက်တာ မနက် ၈ နာရီကတည်းကရောက်တယ်၊ မွန်းလွဲ ၁၂ နာရီကျော်ပြီ ကားမစီးရသေးဘူး၊ ကျွန်တော် တို့ထက် အရင်စာရင်းပေးထားတဲ့သူတွေက စာရွက် တစ်ရွက်စာ ရှေ့မှာရှိသေးတယ်ဆိုတော့ နယ်ဝေးက လာသူတွေ အခက်အခဲကြုံရပါတယ်''ဟု ရန်ကုန်မြို့မှ ဘုရားဖူးလာရောက်သူ ဦးမောင်ဟန်က ပြောသည်။

ထီးချိုင့်မြို့နေ ဦးမြင့်အောင်က ''ကျွန်တော်တို့အဖွဲ့က ခုနစ်ဦးအဖွဲ့ပါ၊  ဇလုံတောင်ပေါ်မှာ လူတွေကများနေပြီး တန်းစီစောင့်ဆိုင်းနေရတယ်၊  နေကလည်းပူ မွန်းလွဲ ၂ နာရီရှိပြီ၊ တောင်တက်ဖို့ မစောင့်နိုင်တာကြောင့် တောင် ပေါ်မတက်ဘဲ ပြန်လာတာပါ၊ ကျွန်တော်တို့လိုပဲ  နေ့ချင်း ပြန်တဲ့သူတွေ တချို့ပြန်ကြပါတယ်''ဟု ပြောသည်။

မတ် ၃ ရက် နံနက်ပိုင်းအထိ ဘုရားဖူး အများ အပြားဝင်ရောက်မှုရှိပြီး  ညနေပိုင်းတွင် ပုံမှန်အတိုင်း ပြေးဆွဲနေပြီဖြစ်ကြောင်း    တောင်တက်ကားအသင်းဥက္ကဋ္ဌ ဦးမြင့်ဖုန်းက ပြောသည်။

မောင်ချစ်လင်း (အင်းတော်)

No comments:

Post a Comment