Latest News

Monday, March 19, 2018

မောင်တောဒေသ၌ ကုန်ပစ္စည်းများ ပုံမှန်ရောင်းချလျက်ရှိ

မောင်တောဒေသ၌ ကုန်ပစ္စည်းများ ပုံမှန်ရောင်းချလျက်ရှိ

မောင်တော  မတ်  ၁၉

မောင်တောဒေသ၌   အကြမ်းဖက်မှု ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက်ပိုင်း အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ စားသောက်ကုန်နှင့် လူသုံးကုန်ဈေးနှုန်းများမြင့်တက်ခဲ့ရာမှ ယခု အခါတွင် ရောင်းဝယ်ဖောက်ကားမှုများ ပုံမှန် ဖြစ်လာ၍ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ စားသောက်ကုန်နှင့် လူသုံးကုန်ဈေးနှုန်းများ ပုံမှန်ဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချလျက် ရှိကြောင်း   မောင်တောမြို့   အသားငါးနှင့် အသီးအရွက်ဈေးမှ သိရသည်။

''အကြမ်းဖက်ဖြစ်စဉ်တွေ ဖြစ်ပွားနေတဲ့ အချိန် ကုန်ပစ္စည်းတွေ ပြတ်လပ်သွားတာရယ်၊ အရောင်းအဝယ် မလုပ်တော့ဘဲ  ပိတ်ထားတဲ့ ဆိုင်တွေများတဲ့အတွက် ဈေးနှုန်းက အဆ မတန်တက်သွားတယ်၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့်လည်း  ကုန်ဈေးနှုန်း တက်တာဖြစ်ပါတယ်၊ အသား၊ ငါးနဲ့ အသီး အရွက်ဈေးနှုန်းတွေ တက်လာတယ်၊ စားသုံး ကုန်နဲ့  လူသုံးကုန်ဆိုရင်  ဖြစ်စဉ်တွေဖြစ်နေတဲ့ အခြေအနေမှာ စားသုံးကုန်က ပိုပြီးလိုအပ် တယ်လို့ ထင်ပါတယ်၊   ဒါကြောင့်   အခြေခံ စားသောက်ကုန်တွေ ဈေးတက်ရတာ ဖြစ်ပါ တယ်၊  ဒီမှာ  နယ်စပ်ကဝင်တဲ့ပစ္စည်းတွေက လည်း  
ဈေးနှုန်း သက်သက်သာသာနဲ့ ရောင်းချတာတွေရှိပါတယ်၊ နာရီအမျိုးအစား များစွာနဲ့ မျက်မှန်နဲ့အခြား အဝတ် အထည်၊ စောင် စတာတွေက ဈေးနှုန်းသက်သာပါတယ်၊ အကြမ်းဖက်မှုဖြစ်နေစဉ်အတွင်း ရောင်းဝယ်ဖောက်ကား မှုတွေ အခက်အခဲအချို့ရှိခဲ့ပေမယ့် အခုချိန်မှာ  အေးအေး ချမ်းချမ်းနဲ့   အားလုံးပုံမှန်အနေအထားဖြစ်နေပါပြီ''ဟု မောင်တောမြို့မဈေးမှ ဆိုင်ရှင်တစ်ဦးက ပြောသည်။

မောင်တောမြို့ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက် ဈေးကို နံနက် ၆ နာရီမှ ၁၁ နာရီထိ ရောင်းချလျက်ရှိပြီး ရောင်းဝယ်ဖောက်ကားသူများနှင့် စည်ကားလျက်ရှိ ကြောင်း၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ လည်း ပုံမှန်ဈေးနှုန်းသာရှိကြောင်း၊ ဝက်သားတစ်ပိဿာ ကျပ် ၁၄ဝဝဝ၊ အမဲသားတစ်ပိဿာ ကျပ် ၁၄ဝဝဝ၊ ကြက်သား တစ်ပိဿာ ကျပ် ၁၈ဝဝဝ၊ ဂေါ်ဖီတစ်ထုပ် ကျပ် ၅ဝဝ၊ အာလူးတစ်ပိဿာ ကျပ် ၁ဝဝဝ၊ ကြက်သွန်အနီ တစ်ပိဿာ ကျပ် ၁၆ဝဝ နှင့် အခြားဟင်းသီးဟင်းရွက် ဈေးနှုန်းများမှာလည်း ဝယ်ယူစားသုံးသူများအတွက် ပုံမှန် ဈေးနှုန်းများဖြင့်သာ ရောင်းချလျက်ရှိကြောင်း ဟင်းသီး ဟင်းရွက် ရောင်းဝယ်သူတစ်ဦးထံမှ သိရသည်။

မောင်တောမြို့မဈေးသည် အင်္ဂါနေ့မှ တနင်္ဂနွေနေ့ အထိ ရောင်းချလျက်ရှိကြောင်း၊ တနင်္လာနေ့တစ်ရက်ကို ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်ဈေးသည် ပိတ်ရက်မရှိ နေ့စဉ် ရောင်းချ လျက်ရှိကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-ကျော်သူဝင်း၊ အေးမင်းသူ

No comments:

Post a Comment