Latest News

Monday, March 12, 2018

လစ်ဗျား- ဆီးရီးယား -ဘင်္ဂလား အနောက်တံခါး နဲ့ အာ-တူး- ပီ ( ၂ )



ကျနော်တို့ ကမေ့လွယ်ပျောက်လွယ်နိုင်ကြလို့သာ။ အာတူးပီက မြန်မာပြည်ကို အရင်တခါကလဲ လာမလိုလို ဘာလိုလို- ဖြစ်သေးတယ်။ ၂၀၀၈ မေ- ဆိုင်ကလုံးနာဂစ် သဘာဝဘေးကြီးဆိုက်တုန်းကပေါ့။ အဲဒီတုန်းက အုပ်ချုပ်နေတဲ့ စစ်အစိုးရက သူ့နိုင်ငံသားတွေအကြီးအကျယ်ဒုက္ခရောက် အကြီးအကျယ်သေကြေပျက်စီးနေတာကို ကူညီကယ်ဆယ်ဖို့ နောက်နှေးတုံ့ဆိုင်းနေခဲ့တယ်။စစ်အစိုးရခေါင်းထဲ သူ့ဖွဲ့စည်းပုံကြီး ကို မြန်မြန်အတင်းအတည်ပြုချင်နေတဲ့အချိန်မှာ နာဂစ်က ၀င်မွှေတာကိုး ။ ဖွဲ့စည်းပုံ မြန်မြန်အတည်ြ့ပုပြီးဘို့ လူထုဆန္ဒခံယူပွဲလုပ်ဖို့အစိုးရက အာရုံရောက်နေတဲ့အချိန်မှာ နာဂစ်ကြောင့် လူတွေသိန်းချီ အသက်ဆုံး ။ရွာတွေထောင်ချီပျက်စီး။ အဲဒီသဘာဝကပ်ဆိုးကြီးကို လူထု က တနိုင် ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးတွေ သွားကြ။လာကြ မနိုင်မနင်းကြိုးစားနေရတဲ့ချိန်- နိုင်ငံတကာအသိုင်းအ၀ိုင်းကလဲ လူသားချင်းစာနာစိတ်နဲ့ အကူအညီပေးချင်ခဲ့တာကို အစိုးရ ဘက်က နိုင်ငံတကာကယ်ဆယ်ရေးတွေ ၀င်လာရင်အကုန်ရှုပ်ကုန်မယ်တွေးပုံရတယ်။ ဒါကြောင့် နိုင်ငံတကာ အကူအညီမလိုဘူး။ အ၀င်မခံဘူးလုပ်တယ်။ ဒီလိုဒီအကြောင်းတွေ ဖြစ်နေတော့ အာတူးပီ နဲ့ လှည့်ဝင်ရင် ၀င်လို့ရတယ် ပြောကြ၊အမှတ်၆ ရေတပ်မတော် သဘောင်္ကြီးတွေ လာနေ။ ပင်လယ်ဝအထိရောက်နေပြီဆိုတဲ့သတင်း။ နောက်မှ လှည့်ပြန်သွားတာလို့ ကောလာဟလတွေ လူတွေကြား ဖြစ်သေးတယ်။ အဲဒီတုန်းက ကျနော်တို့ပြည်သူတွေက ကုလကယ်ဆယ်ရေးတပ်တွေဝင်လာရင် ကောင်းမယ်။ ဒီမိုကရေစီ လည်း မြန်မြန်ရမယ် လို့ မျှော်ခဲ့ကြသေး။

-
၁၉၉၄ - ရ၀မ်ဒါဂျီနိုဆိုဒ်ပြီးသွားတော့ ကမ္ဘာကြီးမှာ လူသားတွေ အသိတရားဆိုက်သွားလားဆို- မဆိုက်ပါဘူး။ ယူဂိုစလားဗီးယားပြိုကွဲရာက ဖြစ်လာတဲ့ ၄နိုင်ငံ(ဆားဗီးယား-ဘော့စနီးယား ဟာဇီဂိုးဗီးနား-ခရိုအေးရှား-မွန်တေနီးဂရိုး )စစ်ပွဲတွေထဲ ၁၉၉၅ ဆဗရာနီကာ Srebrenica အရပ်မှာ ဆဗ်စစ်တပ်နဲ့ပြည်သူ့စစ်တွေက ယူအန်စောင့်ရှောက်ထားတဲ့ မူဆလင်အရပ်သား ၈၀၀၀ကျော်လောက်ကို သတ်ပစ်လိုက်တယ်။ဒုတိယကမ္ဘာစစ်အပြီး ဥရောပ တိုက် မှာ လူအသေဆုံး ရာဇ၀တ်မှုပေါ့။
- (အခု၂၀၁၇ မှာတော့ တာဝန်ရှိတဲ့ မလာဒစ် တသက်တကျွန်းအပြစ်ပေးတာကိုခံရ (On 22 November 2017, Ratko Mladić was convicted of various crimes at the UN tribunal, including genocide for his role at Srebrenica. He was sentenced to life imprisonment )

၁၉၉၅ ကိုဆိုဗို( Kosovo) အရပ် မှာလည်း အယ်ဗေးနီးယန်းတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ မီလိုစီဗစ်( Slobodan Milosevic )တာဝန်ရှိတယ်ဆိုပြီး တရားရင်ဆိုင်နေရတယ် ။ ဂျီနိုဆိုဒ် မဆိုဒ်လဲ အငြင်းပွါးနေကြ ။

၂၀၀၆ မှာ မြောက်ပိုင်းအာဖရိက က ဆူဒန်နိုင်ငံ ဒါဖာအရပ်မှာ အရပ်သား ၄၀၀၀၀လောက်အထိသေတဲ့ စစ်ဖြစ်တယ်။ အဲဒီစစ်မှာ တာဝန်ရှိသူက လက်ရှိဆူဒန်သမတ အိုမာဘာရှား( Omar al-Bashir, ) ။ သူ့ ကို အိုင်စီစီ နိုင်ငံတကာရာဇ၀တ်တရားရုံးက အလိုရှိနေပေမယ့် ဘာရှားက လက်ရှိသမတ ဆိုတော့ ပန်းပန်လျက်ပဲ။ အရှေ့ဆူဒန်နဲ့ စစ်ဆက်တိုက်နေတယ်။
-
၂၀၀၇-၂၀၀၈ ကင်ညာ( Kenya )ရွေးကောက်ပွဲမှာ လူမျိုးစုအချင်းချင်းသတ်လို့ ထောင်ချီပြီး သေကြေပျက်စီးတယ်။ဒေသဆိုင်ရာ အာဖရိကန်ကောင်စီ ကြားဝင်ပေးတယ်။ ပြေလည်သွားကြလေရဲ့။
-
၂၀၀၉ သီရိလကာင်္ Sri Lanka မှာ တမီလ်လူမျိုးတွေရဲ့ လွတ်မြောက်ရေးခွဲထွက်ရေးလှုပ်ရှားမှုတွေကို အစိုးရက ချေမှုန်းတယ်။( ၁၉၈၃ ကတည်းက စလာတဲ့ ပြည်တွင်းစစ်) တမီလ် သူပုန်တွေကို အမြစ်ဖြုတ်ချေမှုန်းတဲ့အခါ အရပ်သား ၄ သောင်းလောက်စစ်ကြားညပ်သွားပြီးအသတ်ခံရတယ်။ အဲဒီကိစ္စ ကမ္ဘာကအခု တော့ စိတ်သိတ်ဝင်စားပုံမပြကြဘူး။

အိုင်ဗရီကိုစ်( Ivory Coast )၂၀၁၁။
မာလီ Mali၂၀၁၂ ။
စင်ထရယ်အာဖရိကရီပတ်ပလစ် (Central Africa Republic (၂၀၁၂-၁၃ )
လစ်ဗျား၂၀၁၁ ။
ဘူရွန်ဒီ Burundi ယီမင် Yemen၂၀၁၁ ။
ဆီးရီးယား၂၀၁၁။
အီရတ်။ ဖြစ်လိုက်ကြတဲ့စစ်တွေ ။ သေလိုက်ရတဲ့လူတွေ ။ ပြေးလိုက်ရတဲ့ ဒုက္ခသည်တွေ။ သိန်းဂဏန်းသန်းဂဏန်းပါ။

အဲဒီစစ်ပွဲတွေအားလုံးဖြစ်နေတော့ ကုလသမဂ္ဂ ညီလာခံမှာ ဆွေးနွေး အဖြေရှာ ညှိနှိုင်းကြပါတယ်။ ဆုံးဖြတ်ချက်တွေ ချမှတ်ကြပါတယ်။ များသောအားဖြင့် အာတူးပီ နဲ့ တပ်တွေဝင်ရောက်ဖြေရှင်းရတဲ့ အဆင့် ကို မရောက်ခဲ့ပါဘူး။

စိတ်ဝင်စားစရာပုံစံကတော့ လစ်ဗျားနိုင်ငံကို ကုလက ဖြေရှင်းခဲ့တဲ့ ပုံစံပါ။ အဲဒီမှာ အာတူးပီကို သုံးပါတယ်။ လစ်ဗျား လူထု အုံကြွမှုတွေဖြစ်လာတော့ ကဒတ်ဖီက လူထုကိုခြေမှုန်းဘို့တပ်တွေ ဘင်ဂါဇီမြို့ကို လွှတ်တယ်။ကဒတ်ဖီကို တော်လှန်တဲ့လူထုက ဘင်ဂါဇီမြို့ကို အဓိက ခံတပ်လုပ် နေတဲ့အချိန်။ လူထုကို အကြမ်းဖက်မဖြေရှင်းဘို့ ကဒါဖီကို ကုလသမဂ္ဂက သတိပေး ။ တား။ ကဒါဖီက အရေးမစိုက်ဘူး ။ မိုက်လုံးကြီးတယ်။ ပထမတော့ ကဒတ်ဖီလေယာဉ်တွေ ပျံတက် ဗုံးမကြဲနိုင်အောင် နေတိုးက no fly zone တွေ သတ်မှတ်အမိန့်ပေးနေသေးတယ်။ ၃ပတ်အကြာ -မှာ ကဒတ်ဖီတင့်ကားတပ်တွေ ဘင်ဂါဇီကို ချီတက်လာ။ တအိမ်တက်ဆင်း တွေ့သမျှပိုးဟပ်တွေကို သုတ်သင်ပစ်လို့ ကဒတ်ဖီအမိန့်ပေးနေတာကို နေတိုးကြားရတယ်။ ဒီလိုနဲ့ NATO တပ်တွေ လစ်ဗျားကို ၀င်တိုက်တော့တာပဲ။အာရပ်လိဒ်ကလည်းအဲလိုအရေးယူတာကိုထောက်ခံတယ်။ တရုပ်ရုရှားကလည်း UNSC မှာဗီတိုမသုံး မဲမပေး ကြားနေ လိုက်တယ်။ ကဒတ်ဖီကြာကြာ မခံလိုက်ဘူးပေါ့။ ပြုတ်။ပြေး။ အသတ်ခံရတော့တယ်။

အဲဒီကိစ္စ အခု အင်တာနေရှင်နယ်Law ပိုင်တဲ့ ပညာရှင်တွေ ပြန်ဆွေးနွေးနေကြတာ ကုလလုပ်ပိုင်ခွင့် ( Mandate) ပေးချိန်မှာ အစိုးရကို အပြောင်းအလဲဖြစ်တဲ့အထိ လုပ်ခွင့် ပါတယ် မပါဘူး( regime change)ကိစ္စပဲ။ ကုလပဋိဏ်ဉာဏ်မှာ ပါတဲ့ အချက်တွေအရ နိုင်ငံတခုအချုပ်အခြာကိုဘယ်အထိ ထိပါး ဘယ်အထိ စွက်ဖက်နိုင်သလဲပေါ့။ နေတိုးဝင်တော့ အမေရိကန် အင်္ဂလိပ်နဲ့ ပြင်သစ်က ကဒတ်ဖီဖြုတ်ချဘို့အထိရည်ရွယ်လာပြီးသား။ ဦးဆောင်လုပ်ကိုင်သွားကြတာမျိုး။
အဲလို ကဒတ်ဖီကို ဖြုတ်ချလိုက်ကြတာဟာ အခု ဆီးရီးယားမှာ အာတူးပီ ၀င်မရဖြစ်နေစေတဲ့ အဓိက အကြောင်းရင်းလို့ပဲ ပြောနေကြပြန်ပါရော။

ဆက်ပါဦးမယ်

ခွန်ဆိုင်း ( ၁၃-၃-၂၀၁၈)

No comments:

Post a Comment