Latest News

Monday, March 19, 2018

ဝယ်လိုအားများပြီး အရောင်းအဝယ်သွက်နေသော ရန်ကုန် ရွှေဈေးကွက်

ဝယ်လိုအားများပြီး အရောင်းအဝယ်သွက်နေသော ရန်ကုန် ရွှေဈေးကွက်

ရန်ကုန် မတ် ၁၈

ရန်ကုန်မြို့၏ ရွှေဈေးကွက်အတွင်း ယခုရက်ပိုင်း ဝယ်လိုအားများနေပြီး အရောင်းအဝယ် သွက်လာကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။ ပြီးခဲ့သောနှစ်အတွင်းက စံချိန်တင် မြင့်တက်ခဲ့သော မြန်မာ့ရွှေဈေးမှာ ယခုနှစ် ဇန်နဝါရီလအတွင်း ငွေကျပ် ၉၄ဝဝဝဝ ဝန်းကျင်အောက်သို့ ရောက်ခဲ့ပြီး ငွေကျပ်တစ်သောင်းမှ နှစ်သောင်းကြား ဈေးအတက်အကျများလာခဲ့သော ရက်များရှိလာခဲ့သည်။

မတ်လနှင့် ဧပြီလတို့တွင် တောင် သူများသီးနှံပေါ်ချိန်ဖြစ်သည့်အတွက် နှစ်စဉ်ရွှေဝယ်လိုအား ကောင်းလေ့ရှိသောကြောင့် ယင်းကာလတွင် ရွှေဈေးနှုန်းများမှာ တစ်ကျပ်သားလျှင် ငွေကျပ် ကိုးသိန်းခွဲ အထက်သို့ ကျော်လွန်လာမည်ဟု ရွှေကုန်သည် များက ဖေဖော်ဝါရီလတွင် ခန့်မှန်းထားခဲ့ကြသည်။

ထို့ကြောင့် ဈေးမြင့်ချိန်တွင် ပြန်ရောင်းရန် မျှော်မှန်းကာ ဈေးလျော့နည်းနေချိန်တွင်ဝယ်ယူလာခဲ့ကြသည့်အတွက် ဖေဖော်ဝါရီလအတွင်း အရောင်းအဝယ် ပြန်လည် သွက်လာပြီး ရောင်းလိုအားထက် ဝယ်လိုအား များလာခဲ့သည်။ သို့ရာတွင် ဖေဖော်ဝါရီလအတွင်းက ဝယ်လိုအား ကောင်းခဲ့သော အခြေအနေမှာ မတ်လတွင်လည်း ရွှေဈေး နှုန်းကောင်းနေခဲ့သည်။

 ''ကုန်သည်အများစုက တက်မယ်လို့ မှန်းထားပြီး လက်တွေ့မှာလွဲသွားတော့ ငွေမြုပ် နေကြတာတွေလည်း ရှိပါတယ်''ဟုရွှေကုန်သည် ကိုလှစိုးကပြောသည်။ ထိုသို့ဖြစ်ရခြင်းမှာ ကမ္ဘာ့ရွှေဈေး နှုန်းနှင့် အမေရိကန် ဒေါ်လာ ငွေလဲလှယ်မှုနှုန်းများကြောင့်ဖြစ်ပြီး အမေရိကန် ဒေါ်လာငွေ လဲလှယ် မှုနှုန်းမှာလည်း အပြောင်းအလဲ ကြီးကြီးမားမား မဖြစ်ခဲ့သကဲ့သို့ ကမ္ဘာ့ရွှေဈေးနှုန်းများ ကျဆင်းနေသည့်အတွက် မြန်မာ့ရွှေဈေးနှုန်းများလည်း ကျဆင်းသော အခြေအနေမျိုး ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ် ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်ထံမှ သိရသည်။

''အရင်နှစ်တွေက ဒီအချိန်ဈေးတက် တတ်တယ်။ ဝယ်လိုအားများပြီး ရောင်းမယ့်သူ နည်းရင်လည်း ဈေးတက်တတ်တယ်။ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကလည်း ငြိမ်နေတော့ ဈေးဆက်တက်ဖို့ ရှိမှာမဟုတ်သေးဘူး'' ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း တွဲဖက်ပြန်ကြားရေးမှူး ဦးအေးချိုက ပြောသည်။

ကမ္ဘာ့ေ ရွှဈေးကွက်တွင် ဖေဖော်ဝါရီလဆန်းက တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၃၄၄ ဒေါ်လာရှိခဲ့ရာမှ ဖေဖော် ဝါရီလလယ်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၁၃၆ဝ ဒေါ်လာခန့်အထိ မြင့်တက်လာခဲ့ပြီး ဖေဖော်ဝါရီလ ကုန်ပိုင်း နှင့် မတ်လဆန်းပိုင်းတို့တွင် အမေရိကန်ဒေါ်လာ ၁၃၂၅ မှ ၁၃၂၈ ဒေါ်လာ အတွင်းသာ အတက်အကျ ဖြစ်ကြောင်း၊ မတ် ၁၂ ရက်က ဈေးဖွင့်ချိန်တွင် ကမ္ဘာ့ ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၂၄ ဒေါ်လာ၊ မြန်မာ့ရွှေဈေး အကယ်ဒမီ မီးလင်းအခေါက် ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၉၃၉၅ဝဝ ရှိခဲ့ရာမှမတ် ၁၄ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ အမေရိကန်ဒေါ်လာ ၁၃၂၅ ဒေါ်လာ၊ မြန်မာ့ရွှေဈေးငွေကျပ် ၉၄ဝ၅ဝဝ သို့လည်းကောင်း၊ မတ် ၁၅ ရက်တွင် ကမ္ဘာ့ ရွှေဈေး အမေရိကန်ဒေါ်လာ ၁၃၂၇ ဒေါ်လာသို့ မြင့်တက်ခဲ့ရာ မြန်မာ့ရွှေဈေး ငွေကျပ် ၉၄၁ဝဝဝ သို့လည်းကောင်း၊ မတ် ၁၆ ရက်တွင် ကမ္ဘာ့ ရွှေဈေး အမေရိ ကန်ဒေါ်လာ ၁၃၁၅ ဒေါ်လာသို့ အနည်းငယ်ပြန်ကျလာခဲ့ပြီး မြန်မာ့ရွှေဈေးမှာ ငွေကျပ် ၉၃၈၅ဝဝ သို့လည်းကောင်း၊ မတ် ၁၇ ရက် ဈေးပိတ်ချိန်တွင် ကမ္ဘာ့ရွှေဈေး အမေရိကန်ဒေါ်လာ ၁၃၁၅ ဒေါ်လာဖြစ်ခဲ့ပြီး မြန်မာ့ေ ရွှဈေးမှာ ငွေကျပ် ၉၃၆ဝဝဝ ဖြင့်တစ်ပတ်တာ ဈေးကွက်ပိတ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment