Latest News

Monday, March 19, 2018

မောင်တောဒေသအတွင်း ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်

မောင်တောဒေသအတွင်း ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်


စစ်တွေ    မတ်    ၁၈

UEHRD     စီမံကိန်း ဒုတိယဥက္ကဋ္ဌ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး  ဦးသိန်းဆွေနှင့် ညှိနှိုင်း ရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်တို့ ဦးဆောင်သော အဖွဲ့သည် မတ် ၁၇ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ရောက်ရှိပြီး ရခိုင်ပြည်နယ် ပြည်နယ်အစိုးရ ရိပ်သာအစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့သည်။  

အဆိုပါအစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အတွင်းရေးမှူး တို့က မောင်တောဒေသအတွင်း ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့်   ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။

မတ် ၁၈ ရက် နံနက်ပိုင်းတွင် UEHRD  စီမံကိန်း ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဦးသိန်းဆွေ၊ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်း သက်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အတူ ရခိုင်ပြည်နယ်လွှတ်တော်၌ ကျင်းပသည့် ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် UEHRD  ဆိုင်ရာကိစ္စရပ်များဆောင်ရွက်နေမှု အခြေ အနေ ရှင်းလင်းပွဲသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက    နှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး    ဒေါက်တာဝင်းမြတ်အေးက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် များစွာကျန်ရှိနေပါ ကြောင်း၊  ယခုအစိုးရသစ်    တာဝန်ယူကတည်းက တိုင်းရင်းသားအရေးနှင့်    ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်နေပါကြောင်း၊ တိုင်းရင်းသားအရေး တွင်  ဖွံ့ဖြိုးမှုနောက်ကျသည့်နေရာများကို  ဦးစားပေး ဆောင်ရွက်ပေးနေပါကြောင်း၊   ရခိုင်ပြည်နယ်သည် သဘာဝဘေးအန္တရာယ်တွင်သာမက လူကြောင့်ဖြစ်သည့် ဘေးတွင်လည်း ထိပ်ဆုံးကခံစားရသော ပြည်နယ်တစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး နှင့် တည်ငြိမ်အေးချမ်းရေးအတွက် အများဆုံးဆောင်ရွက် ပေးနေပါကြောင်း၊  ရခိုင်ပြည်နယ်  ဖွံ့ဖြိုးတိုးတက်ရေး အတွက်  လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ရေး၊ စက်မှုဇုန်များ ဖော်ထုတ်ရေး စသည်ဖြင့်ဆောင်ရွက်နေပါကြောင်း။

ရခိုင်ပြည်နယ်အရေးကိစ္စကို တစ်နိုင်ငံလုံး အတိုင်း အတာအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရခိုင် ပြည်နယ်အတွင်း    လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊   ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း UEHRD  ကိုဆောင်ရွက်ခဲ့ပါကြောင်း၊ UEHRD  ၏ လုပ်ငန်းတာဝန် တွင် ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ ပြန်လည်ထူထောင်ရေး၊ ရေရှည်ပဋိပက္ခကင်းဝေးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ပါဝင်ပါကြောင်း၊ ချက်ချင်း လုပ်ဆောင်နိုင်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ချက်ချင်း အကောင်အထည်ဖော်နေပါကြောင်း၊ ရခိုင်ပြည်နယ်တွင် အစဉ်အဆက်ဖြစ်ပွားခဲ့သော ပဋိပက္ခများကို လူမှုအဖွဲ့ အစည်းများနှင့်လည်း ပူးပေါင်းဖြေရှင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ စိတ်ရှည်သည်းခံမှု၊ အပြန်အလှန်ယုံကြည်မှု၊ သဟဇာတဖြစ်မှုတို့ဖြင့် ရေရှည်ပဋိပက္ခကင်းဝေးရေး ဆောင်ရွက်နေပါကြောင်း၊ ပြန်လည်နေရာချထားရေး အတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို တိုးမြှင့် ဆောင်ရွက်နေကြောင်း၊ ပြည်နယ်အစိုးရနှင့် ပြည်နယ် လွှတ်တော်တို့သည်   ပိုမိုနီးကပ်စွာ  ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများ၏ဆန္ဒကို အလေး ထားပါကြောင်း၊ နိုင်ငံသားအဖြစ် ခွင့်ပြုပေးသည့်နေရာတွင် ၁၉၈၂ ခုနှစ် ဥပဒေနှင့်အညီ ဆောင်ရွက်နေပါကြောင်း၊ ပြန်လည်လက်ခံရေးကိစ္စများကိုလည်း ၁၉၉၃ ခုနှစ် သဘောတူညီချက်အတိုင်းအခြေခံပြီး ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊  နိုင်ငံတော်နှင့်  ရခိုင်ပြည်သူများအတွက် ထိခိုက်စရာလုံးဝမပါရှိပါကြောင်း၊ ပြန်လည်လက်ခံရေး စခန်း ဆောင်ရွက်ရာတွင်လည်း ကုန်းလမ်းမှလာမည့်သူ များကို တောင်ပြိုလက်ဝဲစခန်းတွင် လက်ခံမည်ဖြစ်ပြီး ရေလမ်းကြောင်းမှ လာမည့်သူများကို ငါးခူရစခန်းတွင် လက်ခံရန်စီစဉ်ထားပါကြောင်း၊ ပြန်လည်လက်ခံရာတွင် လူမှားခြင်း၊ လူထပ်ခြင်း၊ အကြမ်းဖက်သမားများနှင့် အခြားသူများပါလာခြင်းများ လုံးဝမရှိအောင်စနစ်တကျ စီစဉ်ဆောင်ရွက်ထားပါကြောင်း ပြောကြားသည်။

ယင်းနောက် UEHRD  ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်က နိုင်ငံတကာ၏ စွပ်စွဲခြင်းခံနေရမှု၊ လက်ရှိအခြေအနေကို သိရှိရုံတင်မက သဘောပေါက် နားလည်ရန်လိုအပ်ကြောင်း၊ UEHRD သည် ရခိုင် ပြည်နယ်တစ်ခုလုံးအတွက် ဖွံ့ဖြိုးတိုးတက်မှုကို ဒေသခံ ရခိုင်တိုင်းရင်းသားတို့၏  ပူးပေါင်းမှုဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက   ပြန်လည် လက်ခံရေး၊ နေရာချထားရေးတို့နှင့်စပ်လျဉ်းပြီး မေးမြန်း ကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြန်လည်ရှင်းလင်းဖြေကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ ဦးဆောင် သောအဖွဲ့သည် ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့မှ မောင်တော ခရိုင်အတွင်းရှိ အင်းဒင်ကျေးရွာသို့ရောက်ရှိကြပြီး လုံခြုံရေး နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက် နေသည့်လုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးကာ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ တွင် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးသည် အထူးလိုအပ် သည်ဖြစ်၍  နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲလေးခု  တိုးမြှင့် တည်ဆောက်ခြင်းနှင့်ပတ်သက်၍ လိုအပ်သော မြေဧရိယာ နှင့် ရွာမြေများ ထိခိုက်မှုမရှိရေး စိစစ်ဆောင်ရွက်သည်။

ထို့နောက်  မြင်းလွတ်-ဂျင်းတော-သပြေတော-ဥဒေါင်း-မောင်တော လမ်းတစ်လျှောက် မော်တော်ယာဉ် များဖြင့် ဆက်လက်ထွက်ခွာပြီး မီးလောင်ခဲ့သည့် ကျေးရွာ များကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မြို့သူကြီးကျေးရွာသို့ ရောက်ရှိကြပြီး နယ်မြေလုံခြုံရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သော အဖွဲ့သည် ကြိမ်ချောင်းကျေးရွာသို့ရောက်ရှိကြပြီး ပြန်လည် ဝင်ရောက်လာမည့်သူများအတွက် တည်ဆောက်ထားသည့် အိမ်ရာများကို ကြည့်ရှုစစ်ဆေးကြသည်။

ပြည်ထောင်စုဝန်ကြီးများနှင့်အတူ အဖွဲ့ဝင်များအဖြစ် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး များ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ် မျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သိရ သည်။

သတင်းစဉ်

No comments:

Post a Comment