Latest News

Monday, March 26, 2018

၈၄ နှစ်ပြည့် အင်းဝတံတား

၈၄   နှစ်ပြည့်  အင်းဝတံတား

မြန်မာနိုင်ငံ၏ တောင်မြောက် အလျားလိုက်ကို ဧရာဝတီ မြစ်သည် အရှည်လျားဆုံး ဖြတ်သန်းထား၏။ ယင်းသို့ ဖြတ်သန်းရာတွင် အလယ်ရိုးမ၊ မင်းဝံတောင်ကြောတွင် ဘူမိဗေဒသဘောအရ အရှေ့အနောက် တစ်ဆစ်ချိုး စီးဆင်းခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ တောင်နှင့် မြောက်ကို တိုးလျှိုပေါက် ဆက်သွယ်ရေးတွင် စစ်ကိုင်းမြို့ အနီးရှိ တောင်မြောက်မှ အရှေ့အနောက်သို့ စီးဆင်းနေ သော ဧရာဝတီမြစ်၏ တစ်ဆစ်ချိုးနေရာသည် အဓိက အချက်အချာကျသော သဘာဝ တံခါးမကြီးနေရာဖြစ်ပါ၏။ တရုတ်ပြည်နယ်စပ် မူဆယ်၊ လားရှိုးမှ သီပေါ၊ ကျောက်မဲ ကိုဖြတ်ကာ  မန္တလေးမှတစ်ဆင့် အနောက်ဘက် အိန္ဒိယ ပြည်၊ ကလေး၊ မိုးရေးနယ်စပ်သို့လည်းကောင်း၊ ရန်ကုန်၊ တောင်ငူ၊ ပျဉ်းမနား(သို့မဟုတ်) မော်လမြိုင်၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား(သို့မဟုတ်) ရန်ကုန်၊ ပြည်၊ မကွေး၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာမှတစ်ဆင့် မန္တလေးကို ဖြတ်ပြီး ကလေး၊ မိုးရေးသို့လည်းကောင်း၊ ဗန်းမော်၊ မြစ်ကြီးနားသို့လည်းကောင်း ဆက်သွယ်သွား လာရေး အတွက် စစ်ကိုင်းမြို့အနီး ဧရာဝတီမြစ် တစ်ဆစ်ချိုး နေရာသည် လွန်စွာအရေးပါသည့် မဟာဗျူဟာမြောက် နေရာတစ်နေရာလည်း ဖြစ်ပါ၏။

ပထမဦးဆုံး ဧရာဝတီမြစ်ကူးတံတား

ထိုနေရာ၏ ဝန်းကျင်၌ မြို့ပြနိုင်ငံများ ထူထောင်ခဲ့ကြ သည့် ခေတ်များ အမြဲတမ်းသုံးစွဲနိုင်သည့် တံတာတစ်စင်း ကို တည်ဆောက်ရန်ကိစ္စအား မိမိနန်းတော်လုံခြုံရေးကို သာ စူးစိုက်အာရုံထားနေသော မင်းဧကရာဇ်များအဖို့ မစဉ်းစားခဲ့သည်မှာလည်း သဘာဝကျပါသည်။ သို့သော် သက္ကရာဇ် ၈ဝ၄ ခုနှစ်တွင် စစ်ကိုင်း ထူပါရုံစေတီ ဒါယကာ နရပတိမင်းသည် အင်းဝမှ တစ်ဖက်ကမ်း စစ်ကိုင်းသို့ ဧရာဝတီမြစ်ကို ဖြတ်သန်း၍ သစ်သားဝါး တံတားကြီးတစ်ခု ယာယီထိုးခဲ့ဖူးသည်ဟု ဆို၏။ စစ်ကိုင်း ဘက်ကမ်းရှိ ထူပါရုံစေတီတော် ထီးတင်ပွဲသို့ အင်းဝ ဘက်ကမ်းမှ မင်း၊ မိဖုရား၊ မှူးမတ်များနှင့်အတူ ပြည်သူ အများက တံတားကို ဖြတ်သန်းသွားလာကာ ဆင်နွှဲခဲ့ကြ သည်ဟု မှတ်သားရဖူးသည်။ သက္ကရာဇ် ၈၂၁ ခုနှစ်တွင် လည်း အလားတူ ယာယီတံတား ထပ်မံတည်ဆောက်ကာ ဘုရားပွဲဆင်နွှဲခဲ့ကြသည်။ ဤကားသမိုင်းရာဇဝင်တွင် ပထမဦးဆုံး ဧရာဝတီမြစ်ကူး တံတားကြီးများ ဖြစ်ဖွယ်ရှိ သည်။

မန္တလေး ရတနာပုံတွင်ကား ထိုနေရာ၏ အချက်အချာ ကျမှုကို သဘောပေါက်သော အရာရှိကြီးများက ကူးသန်း သွားလာရေးအတွက်  တံတားဆောက်မှုထက် ဧရာဝတီ မြစ်ကြောင်းမှ ဆန်တက်လာနိုင်သည့် အောက်မြန်မာပြည် မှ အင်္ဂလိပ်ရေတပ်ရန်ကို ကာကွယ်နိုင်ရန် မြစ်တစ်ဖက် တစ်ချက်၌ ခံတပ်ကြီးများဆောက်လုပ်မှု၌သာ အားသာ ခဲ့လေသည်။ သို့သော် ထိုအစီအမံကလည်း မထိရောက်ခဲ့ သဖြင့် ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် မန္တလေးလည်း အင်္ဂလိပ်လက်အောက် လုံးလုံးလျားလျား ကျရောက်ပြီး နောက်  မြန်မာနိုင်ငံတစ်ဝန်းလုံး  အင်္ဂလိပ်အုပ်စိုးမှု ယန္တရားကြီးဖြင့် အပြီးအပိုင်လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည်။

အမြဲတမ်းတံတားကြီးတည်ဆောက်ရန်

နိုင်ငံရေး၊ စီးပွားရေးများကို အဓိကချုပ်ကိုင်ချယ်လှယ် ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အင်္ဂလိပ်အုပ်ချုပ်ရေး အသားကျသွားသောအခါ စစ်ဗျူဟာအရ အရေးပါသည့် စစ်ကိုင်းမြို့အနီး ဧရာဝတီမြစ်တစ်ဆစ်ချိုးနေရာတွင် အမြဲတမ်း တံတားကြီး တည်ဆောက်ရန် ၁၉၂၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဘုရင်ခံဆာဟာကုတ်ဘတ် တလာက အုတ်မြစ်ချခဲ့သည်။ ၁၈၉ဝ ခုနှစ်ကတည်းက ဖောက်လုပ်ပြီးစီးခဲ့သော စစ်ကိုင်း-ရွှေဘို မီးရထား လမ်းသည်လည်း တံတားကြီးကြောင့် မန္တလေးမြို့နှင့် တစ်ဆက်တည်း ဖြစ်သွားပေမည်။ ထိုအခါ ၁၈၉၉ ခုနှစ်ကတည်းက ဖောက်လုပ်ဆက်သွယ်ခဲ့သော ရန်ကုန်-မန္တလေး မီးရထားလမ်းနှင့်လည်း ဆက်သွယ်မိသွားမည်။ ထို့နောက် ရွှေဘိုမှ မြစ်ကြီးနားသို့လည်း မီးရထားလမ်း ကို ဆက်လက်ဖောက်လုပ်ခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် စတင်အုတ်မြစ်ချခဲ့သော အင်းဝတံတားကြီးသည် ၂၉၄၈ ပေ ရှည်၍ ၁ဝ၂ ပေ မြင့်သည်။ တံတားမှာ သံပေါင် ပေါင်းကူး တံတားဖြစ်ပြီး ရက်မကြီး ကိုးခု၊ ရက်မလတ် တစ်ခု၊ ရက်မငယ် ခြောက်ခုရှိသည်။ ရက်မကြီးတစ်ခုလျှင် အလျားပေ ၃၅ဝ အရှည်ရှိပြီး ရက်မလတ်မှာ ပေ ၂၅ဝ ရှည်သည်။ အပိုင်းဆက် ရက်မတိုမှာ ပေ ၆ဝ စီ ရှည်ပြီး သံတန်ချိန်ပေါင်း ၁၁၁၄၅ တန် အသုံးပြုခဲ့သည်။

တံတားကြီးဆက်ပြီးပြီ

၁၉၃၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးသွားသော အင်းဝတံတားကြီးကြောင့် ၇၂၄ မိုင်ရှည် ရန်ကုန်-မြစ်ကြီးနား မီးရထားလမ်းသည် မန္တလေးမှတစ်ဆင့် အကြားအလပ်မရှိ တောက်လျှောက် ဆက်သွယ်နိုင်ခဲ့၏။ ၁၉၃၄ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့တွင် ဘုရင်ခံ ဆာဟျူး စတီဗင်ဆင် (ှငမ.ံကါနှအနလနညျသည) က အထူးမီးရထား ဘုရင်ခံစီးတွဲဖြူကြီးတွင် စီးနင်းကာ ဂတ်ဗိုလ်တွဲတွင် ခရိုင် မီးရထား သယ်ယူပို့ဆောင်ရေး အရာရှိချုပ် ဦးတင်က ခေါင်းပေါင်း၊ ပုဆိုးတောင်ရှည်၊ ရှူးဖိနပ်အနက်နှင့် လက်၌ အလံစိမ်းကြီးကို တလူတူလွှင့်ကာ အင်းဝတံတား ကြီးအား မီးရထားဖြင့် ဖြတ်သန်းပြီးနောက် တံတား တစ်ဖက်မဏ္ဍပ်၌ မန္တလေး ကွန်ဗင့် ကျောင်းသူလေး တစ်ဦးက ဘုရင်ခံအား ပန်းစည်းဆက် ကြိုဆိုခဲ့သည်။ ထို့နောက် တံတားဖွင့်ပွဲကို စည်တော်များ ရွှမ်း၍ ခမ်းနား စွာ ကျင်းပခဲ့၏။ ဘုရင်ခံအား ပန်းစည်းဆက်ကြိုဆိုခဲ့သူ ကွန်ဗင့် ကျောင်းသူလေးမှာ နောင်တွင် မိုးဒေဝါမလှရွှေဟု ထင်ရှားကျော်ကြားမည့်သူလေးဖြစ်ခဲ့သည်။ ထိုစဉ်က နာမည်ကျော် သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင် က ''တံတားကြီးဆက်ပြီးပြီ သွားမည့်ခရီးသည်၊ ငှက် သမ္ဗန်ကူးတို့ဆိပ်က  အိပ်ရရှာသည်၊ အခုများတလည်၊ မြန်မာလူမျိုးတွေ အလုပ်မရှိလို့ တံတားကြီးကို ကြည့်ကာ ငိုမိသည်၊ ငိုမိပါသည်'' သီချင်းရေးစပ်ကာ အလုပ် လက်မဲ့ဖြစ်သွားကြသော ကျေးလက်ငှက်သမ္ဗန်သမား လေးများဘက်မှ စာနာပေးခဲ့သည်။

စစ်ကိုင်းတံတားကြီးအား မိုင်းခွဲဖျက်ဆီး

၁၉၄၂ ခုနှစ် ဧပြီ ၃ရက်နေ့တွင် မန္တလေးကို ဂျပန်
လေတပ်က အကြီးအကျယ် ဗုံးကြဲပြီးနောက် အင်္ဂလိပ် စစ်တပ်မှ ဗိုလ်ချုပ်ဂျင်နရယ်ဝီလျံစတင်းသည် ၁၉၄၂ ခုနှစ် ဧပြီလ ၃ ရက်နေ့ ည ၁၂ နာရီထိုးရန် တစ်မိနစ် အလိုတွင် စစ်ကိုင်းတံတားကြီးအား မိုင်းခွဲဖျက်ဆီးကာ မြစ်ကြီးနားလမ်းအတိုင်း ဆုတ်သွားခဲသည်။ ထို့ကြောင့် တံတားကုန်းအမှတ်(၇)နှင့် (၈)မှာ မြစ်အတွင်း ကျိုးကျ ပျက်စီးခဲ့သည်။ လွတ်လပ်ရေးရသော်လည်း ပျက်စီးပြတ် တောက်နေသော အင်းဝတံတားကို ပြင်ဆင်နိုင်ခြင်း မရှိခဲ့ချေ။   စစ်ကိုင်းဆိပ်ကမ်းနှင့်   မန္တလေးဘက်မှ အမရပူရ စံရွေးဆိပ်ကမ်းကို ကူးတို့ဖြင့် ကူးကြရသည်။ မီးရထားတွဲများလည်း ကူးတို့ဖြင့် ကူးကြရ၏။

၁၉၅၃ ခုနစ်  မေလတွင်  ထိုစဉ်က   ဝန်ကြီးချုပ်ဦးနု ကိုယ်တိုင် အင်းဝတံတားကြီး ပြင်ဆင်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ ကြပ်မတ်ကာ မီးရထားဌာန၏ စီမံမှု တွင် မြန်မာအမျိုးသားအလုပ်သမားများ၏ လုံ့လ ဝီရိယ ဖြင့် အားကြိုးမာန်တက် ပြင်ဆင်မှုကြောင့် ၁၉၅၄ ခုနှစ် အောက်တိုဘာ ၇ ရက် နံနက် ၁ဝ နာရီ ၃ဝမိနစ်တွင် ထိုအချိန်က နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး ကိုယ် တိုင် ဖွင့်လှစ်နိုင်ခဲ့သည်။ ကုန်ကျငွေ ၅၇ သိန်းကျော်သည် ဟု ဆိုသည်။

မီးရထားရော မော်တော်ကားပါ ဖြတ်သန်းနိုင်ခဲ့သော အင်းဝတံတားကြီးမှာ သက်တမ်း ၇ဝ ကျော်နေပြီဖြစ်၍ ပိုမိုတိုးတက်များပြားလာမည့် ကူးသန်းသွားလာမှုများ အတွက် လက်ရှိ တံတားကြီး၏ ရေဆန်ဘက်ပေ ၂ဝဝဝ အကွာတွင် ဧရာဝတီတံတား(ရတနာပုံ)ကို တည်ဆောက် ပြီးခဲ့ပြီ။ ဧရာဝတီတံတား (ရတနာပုံ)မှာ အရှည် ၅၆၁၄ ပေရှိပြီး ပင်မသံပေါင်တံတားမှာ ၃၆၉၄ ပေရှိသည်။ မန္တလေးဘက်ကမ်း သံကူကွန်ကရစ် ချဉ်းကပ်တံတားမှာ ၁၁၄ဝ ပေရှိကာ စစ်ကိုင်းဘက်ကမ်း သံကူကွန်ကရစ် ချဉ်းကပ်တံတားမှာ ပေ ၇၈ဝ ရှိသည်။ ပင်မတံတားတွင် ၃၆၇ ဒသမ ၅ ပေရှိ အခန်းလေးခန်းနှင့် ၇၃၅ ပေရှိ သံပေါင်ခုံး တံတား အခန်းသုံးခန်းပါရှိ၍ ခန်းပွင့်အကျယ် ဆုံး မြစ်ကူးတံတားကြီးလည်း ဖြစ်သည်။

သက်တမ်း ၈၄ နှစ် တင်းတင်းပြည့်ပြီ

မည်သို့ပင် ဆိုစေကာမူ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်က သက်တမ်း ၈၄ နှစ် တင်းတင်းပြည့်ခဲ့ပြီဖြစ်သော မူလ အင်းဝတံတားကြီးသည် သမိုင်းအရ တန်ဖိုးကြီးမား သော တံတားကြီးတစ်စင်းအဖြစ် တည်ရှိခဲ့လေပြီ။ မြန်မာ နိုင်ငံသမိုင်း၊ ဒုတိယကမ္ဘာစစ်သမိုင်းတို့တွင် ကမ္ဘာသိ ထင်ရှားခဲ့သော တံတားကြီးလည်း ဖြစ်ခဲ့သည်။ အထူး သဖြင့် အင်းဝတံတားထိပ်ရှိ သပြေတန်း ခံတပ်သည် ယခုကဲ့သို့သော သံမဏိတံတားကြီးတစ်စင်းကို အင်္ဂလိပ် လူမျိုးတို့ ယခုနေရာ၌ တည်ဆောက်ခွင့်ရရှိခဲ့သည့် အထက်မြန်မာပြည် သိမ်းပိုက်ရေးဗျူဟာကို ခုခံရာတွင် အရေးတကြီး စစ်ရေးဗျူဟာမြောက်နေရာတစ်ခုအနေ ဖြင့်လည်း အထင်အရှားဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံသည် ကမ္ဘာနှင့် ထိစပ်မှု ပိုမို အားကောင်း၊ ကမ္ဘာကလည်း မြန်မာကို ပိုမိုစိတ်ဝင်စား သည့် အချိန်တွင် သပြေတန်းခံတပ်၊ အင်းဝတံတား၊ စစ်ကိုင်းသာသနာ့နယ်မြေနှင့် နောက်ဆုံးမင်းနေပြည် မန္တလေးတို့၏ ဆက်စပ်မှုမှာ နိုင်ငံခြားသားသုတေသီများ၊ ခရီးသွားများ စိတ်ဝင်တစားရှိကြမည်မှာ သေချာသည်။ ထို့ပြင်  အင်္ဂလိပ်ကအနှစ် ၁ဝဝ ကျော် အုပ်စိုးခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း အရှေ့တောင်အာရှ၏စစ်မြေပြင် များတွင် အထင်အရှားရှိခဲ့သော   မြန်မာပြည်တွင် အင်္ဂလိပ်တို့   ဖောက်လုပ်ခဲ့သော   မီးရထားလမ်းများ၊ မြစ်ကူးတံတားကြီးများနှင့်၊ အင်္ဂလိပ်ခေတ် မီးရထား စက်ခေါင်း၊ မီးရထားတွဲဆိုင်းတို့သည် သမိုင်းကို ပုံဖော်ရာ၌ အဓိက ဇာတ်ကောင်၊ ဇာတ်ပို့များ ဖြစ်ခဲ့ပါ၏။

၈၄ နှစ် ပြည့် အင်းဝတံတားကြီးဂုဏ်ပုဒ်

မြန်မာပြည်တွင် ရေနွေးငွေ့အားသုံး မီးရထားစက် ခေါင်းများ၊ အတော်အသင့် ကျန်ရစ်ခဲ့ပါသည်။ အဆိုပါ စက်ခေါင်းများကို ပြန်လည်မွမ်းမံ၍ မြန်မာပြည်၏ ရှေးဟောင်းမြို့တော်ဖြစ်သော ပုဂံနှင့် ကျောက်ပန်းတောင်း အကြား နိုင်ငံခြားသား ခရီးစဉ်များအတွက် ပြေးဆွဲရန် ပြင်ဆင်နေသည်ဟု သိရသည်။ အလားတူ သံဖြူဇရပ်ရှိ ဂျပန်ခေတ်က နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် သေမင်း တမန်မီးရထားလမ်းတွင်လည်း ရေနွေးငွေ့စက်ခေါင်းသုံး မီးရထားတစ်စင်းလည်း သရုပ်ပြပြေးဆွဲနေကြောင်း သိရ၏။

အလားတူ သက်တော်ရှည် ကမ္ဘာကျော် အင်းဝတံတား ကြီးကို ဖြတ်သန်း၍ မန္တလေးရတနာပုံနေပြည်တော်၊ အမရပူရမြို့တော်ဟောင်း၊ သပြေတန်းခံတပ်၊ အင်းဝ တံတား၊ ဇေယျာပူရနေပြည်တော်ဟောင်းနှင့် စစ်ကိုင်း တောင်သာသနာ့နယ်မြေ၊ မီးရထားစက်ရုံ၊ ရွာထောင် ဘူတာတို့ ဆက်စပ်ခရီးစဉ်ကို ရေနွေးငွေ့စက်ခေါင်းသုံး ရှေးဟောင်းတွဲဆိုင်းများဖြင့် ပြေးဆွဲမည့် ခရီးစဉ်တစ်ခု ကိုလည်း   အကောင်အထည်ဖော်၍  ၈၄   နှစ်ပြည့် အင်းဝတံတားကြီးဂုဏ်ပုဒ်ကို       ဖော်ထုတ်ပြသင့်ပေ သည်။     ။

ဆူးငှက်

No comments:

Post a Comment