Latest News

Monday, March 19, 2018

မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော်တွင် သံချပ်ပြိုင်ပွဲထည့်သွင်း ကျင်းပမည်

မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော်တွင် သံချပ်ပြိုင်ပွဲထည့်သွင်း ကျင်းပမည်


မန္တလေး   မတ်  ၁၉

ယခုနှစ်မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော်၌ မြို့တော်မဟာ သင်္ကြန်မဏ္ဍုပ်တွင် ယခင်နှစ်ကဲ့သို့ သံချပ်ပြိုင်ပွဲ များ ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသံချပ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အဖွဲ့များအနေဖြင့် ပြိုင်ပွဲဝင် လူအင်အားနှင့် သံချပ်စာသားများကို ကြိုတင်စိစစ်ခွင့်ပြုပေးနိုင်ရန် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မန္တလေးမြို့ တော်စည်ပင်သာယာကော်မတီ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနသို့ ဧပြီလ ၄ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပေး ပို့ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

“သင်္ကြန်သံချပ်ပြိုင်ပွဲဝင်မယ့်အဖွဲ့တွေအတွက် လိုက်နာရမယ့်စည်းကမ်း ချက်တွေကိုလည်း ထုတ်ပြန်ထားပါ တယ်။ သံချပ်စာသားစိစစ်တာတို့၊ မှတ်ပုံတင်တာတို့၊ ခွင့်ပြုတာတို့တွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သံချပ်တစ်ဖွဲ့ရဲ့ ပြိုင်ပွဲဝင်ချိန်ကို မိနစ် ၃၀ သတ်မှတ်ထားပါတယ်။ ဆုတွေ ကိုလည်း ထိုက်ထိုက်တန်တန်ချီးမြှင့် ပေးသွားမှာပါ။”ဟု ၎င်းက ပြောသည်။
သံချပ်ပြိုင်ပွဲတွင် ပထမဆု ၁၅သိန်း၊ ဒုတိယဆု ၁၂ သိန်း၊ တတိယ ၁၀ သိန်းနှင့် နှစ်သိမ့်ဆု ငါးသိန်းနှုန်းဖြင့် ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲများကို သင်္ကြန်ကာလအတွင်း အကြိုနေ့၊ အကျနေ့နှင့် အကြတ်နေ့ များ တွင် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍုပ်၌ ညနေ ၃ နာရီမှ ၆ နာရီအချိန်အတွင်း ယှဉ်ပြိုင်ရ မည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်သံချပ်အဖွဲ့များ လိုက်နာရမည့်စည်းကမ်းချက်များအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရ၏ ဂုဏ် သိက္ခာကို ထိပါးစေနိုင်သည့် တစ်ဖက်သက်စွပ်စွဲပုတ်ခတ်ရေးသားသီဆိုမှုများမပါရှိရန်၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်မှုကို ပျက်ပြားစေနိုင်သည့် ရေးသားသီဆိုမှုများမပါရှိရန်၊ မည်သည့်ဘာသာ၊ သာသနကိုမျှ ထိပါးစော် ကားသည့် စာသားများ မပါရှိရန်၊ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် စာသား၊ ၀တ်ဆင်မှု၊ သရုပ်ဖော်မှုများ မပါရှိရန်နှင့် ပုဂိုလ်တစ်ဦး၊ တစ်ယောက်(သို့မဟုတ်) အဖွဲ့အစည်းတစ်ရပ်ရပ်အပေါ်တစ်ဖက်သက်စွပ်စွဲပုတ်ခတ် မှုများ မပါရှိရန်တို့ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment