Latest News

Sunday, March 25, 2018

အာရှ ယူ-၂၁ စနူကာပြိုင်ပွဲတွင် အောင်ဖြိုး ချန်ပီယံဆုဆွတ်ခူး

အာရှ ယူ-၂၁ စနူကာပြိုင်ပွဲတွင် အောင်ဖြိုး ချန်ပီယံဆုဆွတ်ခူး

ရန်ကုန်  မတ်  ၂၄

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ဝ၁၈ အာရှ ဘိလိယက်ပြိုင်ပွဲ၊ အာရှ ယူ-၂၁ စနူကာ အမျိုးသားပြိုင်ပွဲနှင့် အာရှအမျိုးသမီးစနူကာပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီမှစ၍ ရန်ကုန်မြို့ရှိ Rose Garden ဟိုတယ်၌ကျင်းပရာ စနူကာအမျိုးသားပြိုင်ပွဲတွင် အောင်ဖြိုး(မြန်မာ) ဗိုလ်စွဲခဲ့သည်။ အောင်ဖြိုးသည် ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိဘဲ ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။

    အောင်ဖြိုးသည် ဗိုလ်လုပွဲတွင် ပါကစ္စတန်နိုင်ငံသား ဟာရစ်နှင့် တွေ့ဆုံခဲ့ပြီး ခြောက်ပွဲ-လေးပွဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။   အောင်ဖြိုးနှင့်  ဟာရစ်တို့၏  ဗိုလ်လုပွဲ မှာ အကြိတ်အနယ်ထိုးခဲ့ရပြီး ငါးနာရီကျော်  ကြာမြင့်ခဲ့သည်။ စနူကာဗိုလ်လုပွဲတွင် စုစုပေါင်း ပွဲငယ် ၁၁ ပွဲထိုးရပြီး အောင်ဖြိုးနှင့် ဟာရစ်သည် ၁ဝ ပွဲအထိ ထိုးခဲ့ရသည်။
အောင်ဖြိုးသည်  ဟာရစ်ကို (၄-၉၃) မှတ်၊ (၁၁၂-၇) မှတ်၊ (၅၈-၅၁) မှတ်၊ (၂၄-၉၇) မှတ်၊ (၄၇-၆၉) မှတ်၊ (၇၂-၂၈) မှတ်၊ (၄၄-၅၂) မှတ်၊ (၅၅-၄၂) မှတ်၊ (၇၇-၂၄) မှတ်၊ (၅၉-၄၆) မှတ်ဖြင့် အနိုင်ရခဲ့သည်။ အာရှ ယူ-၂၁ စနူကာအမျိုးသားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ပထမဆုံး ချန်ပီယံဆု ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး  အောင်ဖြိုးမှာလည်း ပထမဆုံး ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။

ဘိလိယက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အက်ဗာနီ(အိန္ဒိယ)က ဘာလာချန်ဒရာ (အိန္ဒိယ)ကို   ခြောက်ပွဲ-တစ်ပွဲ၊   အမျိုးသမီး စနူကာပြိုင်ပွဲ   ဗိုလ်လုပွဲတွင်   ကာမာနီ (အိန္ဒိယ)က ဆီရီပါပွန် (ထိုင်း)ကို  သုံးပွဲပြတ်ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။

 မြန်မာ ဘိလိယက်နှင့်  စနူကာအဖွဲ့သည်   ယခု ပြိုင်ပွဲတွင် ကစားသမား ၁၅ ဦးဖြင့်  ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ အုပ်စုပွဲများအပြီးတွင်   ဘိလိယက်ကစားသမား          နှစ်ဦး၊    စနူကာ အမျိုးသားတစ်ဦးနှင့်  အမျိုးသမီး တစ်ဦးသာ  နောက်တစ်ဆင့်  တက်ရောက်နိုင်ခဲ့ပြီး အောင်ဖြိုးမှလွဲ၍  ကျန်ကစားသမားများမှာ ကွာတား ဖိုင်နယ်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

သတင်း-ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-ဖိုးသော်ဇင်

No comments:

Post a Comment