Latest News

Tuesday, March 6, 2018

သိန်းပေါင်း ထောင်ချီဝင်သော လေလံကို သိန်ဆယ်ဂဏန်းဖြင့် လေလံ ချပေးတဲ့ ကံပိုင်တည်မြို့ က စည်ပင်


ကန်ပိုင်တည် ဆိုတာ မစည်ကားတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့လေးပါ ။ မြို့ဆိုတဲ့ အတိုင်း မြို့ဝင် ဘီးခွန်ဆိုတာလည်း ရှိပါတယ် ။ နယ်စပ်ကုန်သွယ်ရေးမြို့ဆိုတဲ့အတိုင်း တရုတ်ပြည်နဲ့ မြန်မာပြည် ကူးလူးသွားလာနေတဲ့ ကုန်ကားအစီးအရေအတွက်ကလည်း များပြားလှပါတယ် ။ မြို့ဝင် ဘီးခွန်ကို ကုန်တင်ကား ၁၂ ဘီးကားအထိ တစ်စီးကို ကျပ်တစ်သောင်း ကောက်ခံပြီး ၁၂ ဘီး ယဉ်အထက် ကြီးတဲ့ ကုန်တင်ကား (၂၂ ဘီး ၊၂၄ ဘီး) ကြီးတွေကို နှစ်သောင်း ကောက်တယ်လို့ ကုန်တင်ကားသမားတွေထံက သိရပါတယ် ။

ပြောချင်တာက မြို့ဝင်ဘီးခွန် လေလံ ကိစ္စပါ ။စိတ်ဝင်စားဘို့လည်း ကောင်းပါတယ် ။ ကံပိုင်တည် မြို့ ဘီးခွန် လေလံဟာ တနှစ်ကို သိန်းတစ်ရာ ပင်မပြည့်ပဲနှင့် လေလံချပေးနေတဲ့ ကိစ္စဟာ စဉ်းစားစရာ ဖြစ်နေပါတယ် ။ ကံပိုင်တည် နယ်စပ်ဂိတ်ကနေ တရုတ်ပြည်ကို တစ်လျှူး ငှက်ပျော ပို့နေတဲ့ ၂၂ ဘီးကားဟာ တစ်နှစ်ကို အစီးရေ တစ်သောင်းကျော်လောက် ဖြတ်သန်းသွားလာနေတယ်ဆိုတာ နယ်စပ်ဂိတ်တွေက ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ သိရပါတယ် ။


တစ်လျှူးငှက်ပျောတိုက်ပြီး တရုတ်ပြည်ပို့တဲ့ ၂၂ဘီးကားတစ်မျိုးထဲက ကောက်ခံလို့ ရတဲ့ငွေကို တွက်လိုက်ရင်တောင် သိန်းပေါင်း သိန်းပေါင်း နှစ်ထောင်လောက်ဖြစ်နေပါပြီ ။ ကျန်တဲ့ ကုန်တင်ကားအသေးစားတွေ ၊လူစီး ကားတွေက ကောက်ခံရရှိတဲ့ ငွေတွေကို တွက်ချက်မထားသေးပါဘူး ။ ဒီလောက်ဆိုရင် ကံပိုင်တည် နယ်စပ်မြို့လေးရဲ့ တစ်နှစ်အတွက် ဘီးခွန်ဟာ သိန်းနှစ်ထောင်ထက် ဘယ်လိုမှ မလျော့နိုင်ဘူးဆိုတာ လူတိုင်းခန့်မှန်းလို့ ရနိုင်မယ်လို့ ယူဆမိပါတယ် ။

အမှန်တကယ်က ဒီဝင်ငွေတွေဟာ နိုင်ငံဘဏ္ဍာထဲကို ရောက်ရှိရမဲ့ ဝင်ငွေတွေလို့ ထင်ပါတယ် ။ ကံပိုင်တည် မြို့ကို တာဝန်ကျနေတဲ့ စည်ပင်ဝန်ကြီးဟာ ဘာကြောင့် ဘီးခွန်ကို ဈေးပေါပေါနဲ့ ချပေးနေရတာလဲ ။ ဝင်ငွေရဲ့ အတိုင်းအဆ ပမာဏကို အရာရှိတယောက်အနေနဲ့ မသိရှိ၍တော့ မဖြစ်တန်ကောင်းလို့ ထင်ပါတယ် ။ ယခင်နှစ်တွေများစွာကရော ဘယ်လိုတွေ ချပေးပြီး ဘယ်လိုတွေ လုပ်ဆောင်နေကြတယ်ဆိုတာ ဆင့်ကဲ အတွေးပွား စဉ်းစားစရာတွေ ဖြစ်လာပြန်ပါတယ် ။

အစိုးရ အရာရှိတစ်ဦးက ပြည်သူ့ဘဏ္ဍာ တိုးပွားမဲ့ ကိစ္စကို ဘာကြောင့် မလုပ်ဆောင်တာလဲ ။ ကားအစီးရေပေါင်း သောင်းချီ ဖြတ်သန်းသွားလာနေတဲ့ မြို့တမြို့ရဲ့ ဘီးခွန်လေလံဟာ တနှစ်လုံးမှ သိန်းတရာမပြည့်တာကို အထက်လူကြီးအဆင့်ဆင့်က ဒီအတိုင်း ထိုင်ကြည့်နေနိုင်ဘို့ဆိုတာ အစိုးရသစ်ရဲ့ တာဝန်ရှိသူများအနေနဲ့ မသိတာလား ၊မသိချင်ယောင်ဆောင်နေကြတာလား ။ ဒါမှမဟုတ် အားလုံးက ညာညှိနေကြတာလား ဆိုတာ ပြည်သူတွေက သံသယတွေ ဝင်နေပါပြီ ။

ဒီလေလံနဲ့ ပတ်သက်လို့ စိတ်ဝင်စားလို့ လိုက်လံ စုံစမ်းကြည့်ခဲ့ပါတယ် ။ ပူပူနွေးနွေး ရက်ပိုင်းကလေးအတွင်းက လေလံ ယှဉ်ပြိုင်ဆွဲဘို့ ကန်ပိုင်တည် မြို့ကို သွားခဲ့တဲ့ သူတစ်ယောက် နဲ့ ဆက်သွယ်မိခဲ့ပါတယ် ။ သူပြောပြတာကတော့ ...

ကန်ပိုင်တည် မြို့ဝင် ဘီးခွံကို လေလံပြိုင်ဆွဲဘို့ ကန်ပိုင်တည်ကို သွားခဲ့တယ် ။ ဟိုရောက်တော့ စဉ်ပင်က တာဝန်ခံအရာရှိ ဦးလာဝူ နဲ့ တွေ့ခဲ့တယ် ။ ၂၂.၂.၂၀၁၈နေ့က ကံပိုင်တီစည်ပင်ရုံးကိုသွားပြီးဘီးခွန်လေလံဆွဲဖို့အတွက်လေလံလျှောက်လွှတောင်းတယ် ။ စည်ပင်အမှုဆောင်အရာရှိ ဦးလာဝူ နှင့်တွေ့တယ် ။ လျှောက်လွှာပုံစံတွေကမစုံသေးလို့ မနက်ဖြန်သဘက်ခါလောက်မှရမယ်။ မြစ်ကြီးနားကိုပြန်လိုက်ပါ ။ ပုံစံတွေစုံတာနဲ့ကျွန်တော်ပို့ပေးပါမယ်လို့ပြောပြီးသူ့ဖုန်းနံပတ်တောင်းတော့ ဆက်သွယ်ရန်ဖုန်းနံပါတ်၀၉ ကိုပေးတယ် ။

စည်ပင်အမှုဆောင်အရာရှိ လားဝူနဲ့အဆက်အသွယ်ရခဲ့ပါတယ် ။ ၂၆ ၂.၂၀၁၈ ရက်နေ့ လျှောက်လွှာဆိုပြီးပို့ပေးလာတဲ့စာကရွက်ကိုကြည့်တော့ လေလံစည်းကမ်းချက်စာရွက်တွေဖြစ်နေတယ်။ လေလံ လျှောက်လွှာ မဟုတ်ပဲ စည်းကမ်းချက်တွေ ဖြစ်နေတယ် ။စည်းကမ်းချက်တွေကလည်း အမဲခုံ ဝက်ခုံ နဲ့ပတ်သက်တာတွေသာဖြစ်ပြီးဘီးခွန်လေလံလျှောက်လွှာမပါခဲ့ပါဘူး ။ ဖုန်းဆက်တော့ပြန်ပို့ပေးပါမယ်ပြောတယ် ။ ၂၇ .၂.၂၀၁၈ ရက်နေ့ဆက်တော့ဖုန်းပိတ်ထားတယ် ။ ၂၈ .၂.၂၀၁၈ ရက်နေ့ကံပိုင်တီလိုက်သွားတော့ လစာထုတ်ဖို့ ဝိုင်းမော်ဆင်းသွားတယ်လို့ပြောတယ် ။ ၂ . ၃.၂၀၁၈ ရက်နေ့အထိ ကျွန်တော်တို့ကကံပိုင်တီမှာစောင့်ခဲ့တယ် ။ ဖုန်းကပိတ်ထားဆဲပဲ ။

ပြည်နယ်စည်ပင်အရာရှိထံတင်ပြတော့ကံပိုင်တီကိုပြန်သွားလိုက်ပါလို့ပြောတယ် ။ ကံပိုင်တီပြန်ရောက်တော့ မြို့နယ်စည်ပင်အထောက်အကူအဖွဲ့နဲ့ငြိနိုင်းပါလို့ပြောတယ် ။ စည်ပင်ကော်မတီကဒေါ်လွမ်းနောနဲ့တွေ့တယ် ။ ကျွန်မတို့ဒေသအတွက်ကျွန်မတို့ပဲဆွဲမယ် ။ တခြားဘယ်သူကိုမှဆွဲခွင့်မပေးနိုင်ဘူး ။ တစ်ခြားသူတွေလာဆွဲရင် ဒီဒေသခံ ၁၀၀၃နယ်ခြားစောင့်တပ် ပြည်သူ့စစ်အဖွဲ့တွေရဲ့ပါးရိုက်နားရိုက်တာခံရလိမ့်မယ်လို့ခြိမ်းခြောက်ခံရပါတယ် ။ စည်ပင်ဦးစီး ဦးလာဝူကဝိုင်းမော်ဘဏ်မှာငွေသွင်းဖို့ pop ကိုထုတ်ပေးတယ် ။ pop ထုတ်ပေးပြီးငွေသွင်းပြီးမှ အချက်အလက်မပြည့်စုံလို့ ကော်မတီနဲ့ငြိပါလို့ ဦးလာဝူကပြောလာတယ် ။

ကျနော့်အမြင်လေးကို အနည်းငယ်ပြောလိုပါတယ် ။

သူပြောပြသွားတာ အရမ်းရိုးရှင်းပါတယ် ။ မြို့နယ်စည်ပင်အမှုဆောင် အရာရှိ တစ်ဦးက စည်းကမ်းချက် နဲ့ လေလံလျှောက်လွှာ မှားပေးရလောက်အောင်ကို ညံ့နေပြီလား ၊ ညံ့ချင်ယောင်ဆောင်နေတာလား ၊တဖန် မဆီမဆိုင် အမဲခုံ ၊ဝက်ခုံ နဲ့ ပတ်သက်တဲ့ စာရွက် စာတမ်းတွေ ဖြစ်နေပြန်တယ် ။ဒီလုပ်ရပ်ဟာ လေလံဆွဲမဲ့ လုပ်ငန်းရှင်အပေါ်မှာ မလေးစားဘူးဆိုတာ ပေါ်လွင်နေပါတယ် ။ မစုံသေးဘူးလို့လဲ အကြောင်းပြပြန်တယ် ။ အချိန်နီးကပ်လာချိန်မှာ ဖုန်းကို စက်ပိတ်ထားတယ် ။ ကံပိုင်တည် အထိ လိုက်သွားတယ် ။ ဝိုင်းမော်ဆင်းသွားတယ် လို့ ပြောတယ်။ကန်ပိုင်တည်မှာ နှစ်ရက်စောင့်တယ် ။ pop ငွေသွင်း လျှောက်လွှာထုတ်ပေးတယ် ။ ငွေသွင်းပြီးမှ အချက်အလက်မပြည့်စုံလို့ စည်ပင်အထောက်အကူပြု ကော်မတီနဲ့ ညှိနှိုင်းပါဆိုပြီး ကော်မတီ လူကြီး ဒေါ်လွန်းနောနဲ့ ညှိနိုင်းခိုင်းတယ် ။ လေလံ ပေးတဲ့ ကိစ္စမှာ ကော်မတီက ဆုံးဖြတ်ရတာလား ၊ စည်ပင် ဌာန အရာရှိက ဆုံးဖြတ်ရတာလား ဆိုတာ သိရဘို့ ဦးလာဝူကို ဆက်သွယ်ခဲ့ပေမဲ့ အဖြေမရခဲ့ပါဘူး ။ ( ၇.၃.၂၀၁၈ နေ့ နံက် ဆယ်နာရီမှာ ပြန်လည်ချိန်းဆို)

pop ဆိုတာ မထုတ်ပေးခင်ကတည်းက သေချာစီစစ်ပြီးမှ ထုတ်ပေးရတာလို့ သိရပါတယ် ။ ငွေသွင်းပြီးမှ အချက်အလက်မပြည့်စုံလို့ မရဘူးလို့ ပြောလို့ရပါသလား ။ အစကတည်းက ဥပဒေနဲ့မညီရင် အရာရှိဆိုသူက ဘာကြောင့် ထုတ်ပေးရပါသလဲ ၊ စည်းကမ်းချက်နဲ့ မညီတဲ့ ကိစ္စကို ကော်မတီကရော ဆုံးဖြတ်ပိုင်ခွင့် ရှိ/မရှိ ဆိုတာ ဘယ်ဥပဒေနဲ့ အညီ ဆုံးဖြတ်မှာလဲ။

မြို့နယ် စည်ပင်အထောက်ကူပြု ကော်မတီ လူကြီးတစ်ဦး ဖြစ်သူ ဒေါ်လွန်းနောက “ ကျွန်မတို့ဒေသအတွက်ကျွန်မတို့ပဲဆွဲမယ် ။ တခြားဘယ်သူကိုမှဆွဲခွင့်မပေးနိုင်ဘူး ။ တစ်ခြားသူတွေလာဆွဲရင် ဒီဒေသခံ ၁၀၀၃နယ်ခြားစောင့်တပ် ပြည်သူ့စစ်အဖွဲ့တွေရဲ့ပါးရိုက်နားရိုက်တာခံရလိမ့်မယ် ” ။ အထောက်ကူပြု ကော်မတီ လူကြီးတယောက်မှာ ဒီလိုစကားမျိုး ပြောလို့ရပါသလား ၊ပြောခွင့်ရှိပါသလား ။ လေလံ ဥပဒေမှာ ဒေါ်လွန်းနော် ပြောသလို ကန့်သတ်ထားတာမျိုးတွေ ရှိပါသလား ။ ကော်မတီ လူကြီးတစ်ဦးအနေနဲ့ ဒီလို ခြိမ်းခြောက်နေတဲ့အပေါ် သက်ဆိုင်ဌာနတွေက ဘယ်လို စီစစ်အရေးယူပေးမှာလဲ ။

ကချင်ပြည်နယ် ဝန်ကြီးချုပ် နဲ့ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးတို့ကို တောင်းဆိုပါရစေ ။ ကန်ပိုင်တည် မြို့ဝင် ဘီးခွန် လေလံကဲ့သို့ သော အဆမတန် ကွာဟနေတဲ့ ကချင်ပြည်နယ်တွင်းက လေလံကိစ္စများကို ပွင့်လင်းမြင်သာစွာ ဖြင့် ပြည်သူ့ဘဏ္ဍာများ တိုးပွားအောင် လုပ်ဆောင်စေလိုပါတယ် ။

ဇော်မိုးထက် ( ဖားကန့် )

No comments:

Post a Comment