ဘိန်းစာပင်များ မီးရှို့ဖျက်ဆီး
မြိတ် မတ် ၃
နိုင်ငံတစ်ဝန်းတွင် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စု ကျွဲထိန်းကုန်းကျေးရွာ၏ အနောက် မြောက်ဘက် ခြောက်မိုင်ခန့်အကွာ ဘန်ကျုတ်ချောင်း၏ တစ်ဖက်ကမ်း ကမ်းနားတစ်လျှောက် မြေပေါ်တွင်ပေါက်ရောက်နေသည့် ၃ ဒသမ ၅ ဧကခန့်ရှိ ဘိန်းစာပင် ၁ဝဝဝ ခန့်ကို မတ် ၂ ရက် နံနက်ပိုင်းက အဖွဲ့ပေါင်းစုံဖြင့် သွားရောက်ခုတ်ထွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စုပေါင်းခုတ်ထွင်ရှင်းလင်း
ခုတ်ထွင် ရှင်းလင်း မီးရှို့ဖျက်ဆီးသည့် ဘိန်းစာပင်များမှာ အမြင့်ပေ ၈ ပေမှ ၁၂ ပေအထိ ပင်စည် ၃ လက်မနှင့် ၄ လက်မ ပတ်လည်ခန့်ရှိကြပြီး စိုက်ခင်းနေရာ ငါးနေရာကို ခရိုင် ရဲတပ်မှူး ဒုတိယရဲမှူးကြီး တင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်နှင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောမောင်နှင့် တပ်ဖွဲ့ဝင်များ၊ KNU ငြိမ်းချမ်းရေးအဖွဲ့မှ ဖဒိုညာဝါးနှင့် အဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဝင်များနှင့် လူမှုရေး အသင်း အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုပေါင်းခုတ်ထွင် ရှင်းလင်းကာ အမြစ်များကို ပေါင်းသတ်ဆေးဖျန်း၍ အရွက်နှင့် အကိုင်းအခက်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
စုပေါင်းဖျက်ဆီးခဲ့သည့် ဘိန်းစာပင်စိုက်ခင်းများသည် ဘန်ကျုတ်ချောင်းနံဘေး ပေါက်ရောက်နေသော ဘိန်းစာပင်များဖြစ်ကာ အလေ့ကျပေါက်နေသော အပင် မဟုတ်ဘဲ တောရိုင်းများကို ခုတ်ထွင်ကာ လာရောက်ကျူးကျော် စိုက်ပျိုးထားတာ တွေ့ရှိရကြောင်း၊ ဘိန်းစာပင်ပိုင်ရှင် မည်သူမည်ဝါဖြစ်သည်ကို လတ်တလော အတည်မပြုနိုင်သေးကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး တင်ထွန်းက ပြော သည်။
တန်ဖိုးငွေကျပ် ၃၂၉ သိန်းတန်ဖိုးရှိဘိန်းစာပင်များ
ဖျက်ဆီးခဲ့သည့် ဘိန်းစာပင်များမှ အရွက်များကို ခြွေချချိန်တွယ်ရာ အပင်လတ် ၉၄ဝ မှ စုစုပေါင်း ဘိန်းစာရွက်အစို ၁၃၁၆ ကီလိုရရှိခဲ့ပြီး ဒေသပေါက်ဈေး ဘိန်းစာရွက်အစို တစ်ကီလိုလျှင် ငွေကျပ် ၂၅ဝဝဝ နှုန်းဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် ၃၂၉ သိန်းတန်ဖိုးရှိ ဘိန်းစာပင်များကို ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး( မြိတ် ပြန်/ဆက် )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment