Latest News

Saturday, March 3, 2018

ရုံးပိတ်ရက်ရှည်ကာလတွင် ဖိုးကျားအပန်းဖြေဆင်စခန်းသို့ မိသားစုအလိုက် အပန်းဖြေလာရောက်

ရုံးပိတ်ရက်ရှည်ကာလတွင်  ဖိုးကျားအပန်းဖြေဆင်စခန်းသို့   မိသားစုအလိုက်  အပန်းဖြေလာရောက်

ရေတာရှည်   မတ်   ၃

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရ-ကိုးပင် ရိုးမဖြတ်ကျော်ကားလမ်း(၁ဝ)မိုင်ရှိ ဖိုးကျားအပန်းဖြေဆင်စခန်းသို့ ရက်ရှည် ရုံးပိတ်ရက်ရှည်ကာလအတွင်း ရန်ကုန်-နေပြည်တော်-တောင်ငူမြို့များနှင့်  အခြားသောဒေသများမှ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်ကို မတ် ၃ ရက် နံနက်ပိုင်းက တွေ့မြင်ခဲ့ရသည်။

''အခုရုံးပိတ်ရက်မှာ   တစ်ရက်ကိုလာရောက်လည်တဲ့သူ အယောက် နှစ်ရာ ကျော်လောက်လာကြတယ်၊ ဆင် ၁၂ ကောင် မနက်ပိုင်းမှာ   နားချိန်ကိုမရတာ''   ဟု    ဖိုးကျားအပန်းဖြေ ဆင်စခန်းမှ   တာဝန်ရှိသူတစ်ဦးက   ပြောသည်။   လာရောက် လည်ပတ်သူများကို မေးမြန်းကြည့်ခဲ့ရာ နေပြည်တော်၊ ရန်ကုန်၊ တောင်ငူမြို့များမှ ဝန်ထမ်းများ ရုံးပိတ်ရက်ဖြစ်၍ မိသားစုအလိုက်၊ အစုအဖွဲ့လိုက် လာရောက်ကြခြင်းဖြစ်ပြီး ကြိုတင်ပြီး ချိတ်ဆက် ထားသူများမှ နံနက် ၇ နာရီကပင် ဆင်စီးလည်ပတ်ရန် ရောက်ရှိ လာကြကြောင်း သိရသည်။ ''ဆင်တွေက မနက်ပိုင်း ၁ဝ နာရီ ဝန်းကျင်လောက်ပဲ နေပူရင် ဆင်စီးလို့ မရတော့ဘူး၊ ညနေပိုင်း နေအေးမှသာ  စီးလို့ရတယ်၊  အဲဒါကြောင့်  ကျွန်တော်တို့အဖွဲ့က မနက်အစောပိုင်းမီအောင် ထွက်လာခဲ့ကြတာ''ဟု ရန်ကုန်မြို့ မှ လာရောက်လည်ပတ်သူ ခရီးသွားတစ်ဦးက ပြောသည်။
''ကျွန်တော်တို့က နေပြည်တော်ကပါ ရက်ရှည်ရုံးပိတ်ရက် ဆိုတော့ ကိုယ့်မိသားစုလည်း အချိန်ပေးနိုင်တယ်၊ ကလေးတွေ ကလည်း ဖိုးကျားဆင်စခန်းကို  မရောက်ဖူးတော့ သွားချင်တယ် ဆိုတာနဲ့ လိုက်ပို့ဖြစ်သွားတာပါ၊ ဒီမှာဆိုတော့ မြို့ပြလို မွန်းကျပ် မနေဘူးလေ၊     တောတွင်းသဘာဝအတိုင်းဆိုတော့    ပျော်စရာ လည်း   ကောင်းပါတယ်''  ဟု   နေပြည်တော်ဘက်မှ   လာရောက် လည်ပတ်သူတစ်ဦးက ပြောသည်။

ဖိုးကျား အပန်းဖြေဆင်စခန်းသို့ ညအိမ်တည်းခိုသူများ လည်းရှိပြီး ဆင်စီးခြင်း၊ ငှက်များကြည့် ရှုခြင်းနှင့် ဒေသခံများ၏ လူနေမှုဘဝများကို  အနီးကပ်လေ့လာကြခြင်းဖြင့် အပန်းဖြေ လည်ပတ်ကြခြင်းဖြစ်ကြောင်း သိရသည်။           ကိုလွင်(ဆွာ)

No comments:

Post a Comment