Latest News

Tuesday, March 13, 2018

ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း နှစ်(၃ဝ)ပြည့်မြောက်ခြင်း အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း နှစ်(၃ဝ)ပြည့်မြောက်ခြင်း အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

ရန်ကုန်   မတ်    ၁၃

ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း နှစ် (၃ဝ) ပြည့် အထိမ်းမှတ် အောက်မေ့ဖွယ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန် မြို့ အင်းစိန်မြို့နယ်ရှိ ရန်ကုန်နည်းပညာတက္ကသိုလ်၌ ကျင်းပ သည်။
နံနက် ၈ နာရီခွဲတွင် ကိုဖုန်းမော်   ကျဆုံးစဉ်အချိန်က သွေးစွန်းသော   ကြယ်ပုံသ္ဌာန်ပြုလုပ်ခဲ့သည့်နေရာတွင် ကျောင်းသားသမဂ္ဂများမှ ကိုယ်စားလှယ်များ၊ စက်မှုတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်းများ၊ ကျဆုံးသွားသူတို့၏ မိသားစုဝင်များ၊ နိုင်ငံရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် လွမ်းသှူပန်းခွေချကာ ဂါရဝပြုကြပြီး သံဃာတော်အပါး ၃ဝ ကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းကာ ဆရာတော်ထံမှ ငါးပါးသီလ   ခံယူဆောက်တည် ကြသည်။

အဆိုပါအခမ်းအနားကို  ရန်ကုန်နည်းပညာတက္ကသိုလ်   ကျောင်းသားသမဂ္ဂမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး သမိုင်းဖြစ်ရပ်ကို အမှန်အတိုင်းသိရှိကြရန်နှင့် အေးချမ်းသော တိုင်းပြည်ဖြစ်ပေါ် တည်ဆောက်ရေးတွင် လူငယ်များ၏ စိတ်အားထက်သန်မှုကို ပြသလိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ယခင်နှစ်များတွင် ကျောင်းသားဟောင်းများ ဦးစီးသည့် ကော်မတီက နှစ်စဉ်ကျင်းပခဲ့ပြီး (၂၉) ကြိမ်မြောက် အခမ်းအနား ကို စက်မှုတက္ကသိုလ်ဝင်းအတွင်း၌   ပထမဆုံးအကြိမ်အဖြစ် ကျင်းပခွင့်ရရှိခဲ့ကာ ယခုနှစ်တွင် ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ပထမဆုံးအကြိမ်အဖြစ် လက်ဆင့်ကမ်း ဦးစီးကျင်းပခြင်းဖြစ်သည်။
နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ တာဝန်ခံ ဦးကိုကိုကြီးက ''လွန်ခဲ့တဲ့  နှစ် ၃ဝ မှာ  အတူတူလက်တွဲပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေနဲ့လည်း    ပြန်လည်ဆုံတွေ့ရ တယ်၊ လူငယ်မျိုးဆက်တွေ ဦးဆောင်ပြီးတော့ အခုလိုကျင်းပ တယ်ဆိုတာ မတရားမှုကိုဆန့်ကျင်ခဲ့တဲ့ ကျောင်းသားတွေရဲ့ သမိုင်းအမွေကို လက်ဆင့်ကမ်းပေးတဲ့ပွဲလို့  ပြောလို့ရပါတယ်၊ နောက်နောင်မှာ ဒီလိုအနိဋ္ဌာရုံမျိုး မပေါ်ပေါက်ဖို့အတွက် ဒီမို ကရေစီကို အာမခံချက်ပေးတဲ့ အစိုးရမျိုး၊ အလေ့အကျင့်မျိုး ထူထောင်ဖို့ လိုအပ်ပါတယ်''ဟု   ပြောသည်။
အခမ်းအနားတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထိုခေတ် အခါက သမဂ္ဂသတင်းစဉ်တွင် တင်ပြချက်များနှင့် ပြင်ပသတင်း မီဒီယာများတွင် ဖော်ပြချက်များကိုလည်း မှတ်တမ်းဓာတ်ပုံ များဖြင့် ပြသခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး

No comments:

Post a Comment