Latest News

Friday, March 2, 2018

ပိတ်ရက်ဆက်တိုက်နှင့်အတူ ပြည်တွင်းခရီးသွား အထူးများပြား

ပိတ်ရက်ဆက်တိုက်နှင့်အတူ ပြည်တွင်းခရီးသွား အထူးများပြား

ရန်ကုန် မတ် ၁

အစိုးရရုံးပိတ်ရက် ၄ ရက်ဆက်တိုက်နှင့်အတူ ရက်တို၊ ရက်ရှည် ခရီးသွားလာသူ ပြည်တွင်းခရီးသွား အထူးများပြားခဲ့ပြီး   ရန်ကုန်မြို့အထွက်   ရန်ကုန်-နေပြည်တော်- မန္တလေး အမြန်လမ်းမကြီး တိုးဂိတ်တွင် ယာဉ်လမ်းကြောများ ပိတ်ဆို့သည်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၇ သီတင်းကျွတ်ကာလ တရားဝင်ရုံးပိတ်ရက် ငါးရက် ရှိခဲ့သည်မှ စတင်၍  တန်ဆောင်တိုင်ပိတ်ရက်၊ ကရင်နှစ်သစ်ကူးနှင့် ခရစ္စမတ် ရုံးပိတ်ရက်၊ နှစ်သစ်ကူးပိတ်ရက်၊ ပြည်ထောင်စုနေ့ ပိတ်ရက်နှင့်  ယခု မတ် ၁ ရက်မှ ၄ ရက်အထိ လေးရက်ဆက်တိုက် ရုံးပိတ်ရက်များ ဆက်တိုက်ရှိလာခြင်း ကြောင့် ပြည်တွင်းခရီးသွား စံချိန်တင်သည်အထိ  များပြားခဲ့ပြီး  ရန်ကုန်မြို့ အထွက် ရန်ကုန်- မန္တလေး အမြန်လမ်းတိုးဂိတ်တွင် ခရီးသွားယာဉ်တန်းများ အချိန်ကြာမြင့်စွာ ပိတ်ဆို့ရပ်တန့် စောင့်ဆိုင်းခဲ့ရသည်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။

ယခု ပိတ်ရက်များအတွင်း ပုဂံညောင်ဦး၊ ပုပ္ပါး၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေး၊ ကျိုက်ထီးရိုး စသည့် ဘုရားဖူးခရီးစဉ်များတွင် ပြည်တွင်း ဘုရားဖူးများ စံချိန်တင်သည်အထိ များပြားခဲ့ပြီး အပန်းဖြေ ကမ်းခြေခရီးစဉ်များ တွင်လည်း ဟိုတယ်အခန်းများ အပြည့်ပင်ဖြစ်ခဲ့ကာ ရက်တို နေ့ချင်းပြန်ခရီးနှင့် တစ်ညအိပ်ခရီး သွားရောက်လေ့ရှိသည့် ဒေသများတွင်လည်း ပြည်တွင်းခရီးသွား များနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

''အခု မတ် ၁ ရက်က တပေါင်းလပြည့်၊ မတ် ၂ ရက်က တောင်သူ လယ်သမားနေ့၊ ၃ ရက်နဲ့ ၄ ရက်က စနေ၊ တနင်္ဂနွေ ဖြစ်သွားတော့ လေးရက် ဆက်တိုက်ဖြစ်သွားတယ်၊ ဒီ ၄ ရက်ဆက်အတွက် ခရီးစဉ်တွေက အစော ကတည်းက ဘွတ်ကင်လုပ်သူတွေနဲ့ စီစဉ်ထားသူတွေများတယ်၊ ကားအစီးရေ လည်း စံချိန်တင်အောင် ထွက်ရပါတယ်၊ တကယ်တော့ ၄၅ ယောက်စီး ကားတစ်စီးအပြည့် ခရီးသွားရရင်တောင် အမြတ်နည်းနည်းပဲ ကျန်တာပါ၊  ပြည်တွင်း ခရီးသွားကဏ္ဍက  အမြတ်အရမ်းများတာတော့  မဟုတ်ပါဘူး၊ ရင်းထားရတာပေါ့၊ အခုလို ကားအရေအတွက် များတဲ့အခါမှာတော့ ကျန်တာ ပေါ့၊ ကျန်တဲ့အချိန်တွေကတော့ ရုန်းကန်ရပါတယ်၊ ပြည်တွင်းခရီးသွား များလာ တော့ ဝန်ဆောင်မှုပိုင်းက လိုက်ပြောင်းတယ်၊  ဒါပေမဲ့  စားသောက်ဆိုင်တွေ၊ သန့်စင်ခန်းတွေ အားနည်းချက်အများကြီးရှိတယ်၊ လူများတာကို မစီမံနိုင်တာ တွေ တွေ့ရတယ်၊ ဒါမျိုး  ဗီယက်နမ်၊ ထိုင်းတို့မှာ ဘယ်လို လုပ်သွားလဲဆိုတာမျိုး လေ့လာအတုယူသင့်တယ်''ဟု ပြည်တွင်း၊ ပြည်ပ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခုနှစ်တွင်  ပြည်တွင်းခရီးသွားကဏ္ဍသည်   စံချိန်တင်သည်အထိ တိုးတက်များပြားလာခဲ့ပြီး ရေရှည်ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ဆောင်မှုပိုင်းဆိုင်ရာ ကောင်းမွန်ရေး၊ ခရီးသွား အခြေခံအဆောက်အအုံများ ကောင်းမွန်ရေးတို့ကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ပြီး ခရီးသွားခြင်း အလေ့ အထ များပြားလာကာ  ခရီးသွားဦးရေ   တိုးတက်များပြားလာသည်နှင့်အမျှ ဖြစ်ပေါ်လာနိုင်သည့် ကောင်းကျိုး၊ ဆိုးကျိုးများအပေါ် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးမှုများ အလေးထား ဆောင်ရွက်သွားသင့်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

၂ဝ၁၇ သီတင်းကျွတ်ကာလ ပိတ်ရက် ၅ ရက်အပြီး  တန်ဆောင်တိုင် ပိတ်ရက် နိုဝင်ဘာ ၂ ရက်မှ ၅ ရက်အထိ (ကြာသပတေးနေ့မှ တနင်္ဂနွေနေ့ အထိ) ပိတ်ရက် ၄ ရက်၊ နိုဝင်ဘာ ၁၃ ရက်(အမျိုးသားနေ့၊ တနင်္လာနေ့) ပိတ်ရက် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်(ကရင်နှစ်သစ်ကူးနေ့၊ တနင်္လာနေ့) ပိတ်ရက် ၃ ရက်၊ ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့၊ တနင်္လာနေ့) ပိတ်ရက် ၃ ရက်၊ ဒီဇင်ဘာ ၃ဝ ရက်မှ ဇန်နဝါရီ ၁ ရက် (နှစ်သစ်ကူးရုံးပိတ်ရက်၊ စနေ၊ တနင်္ဂနွေနေ့နှင့်အတူ) ပိတ်ရက် ၃ ရက်၊ ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စု နေ့၊ တနင်္လာနေ့) ပိတ်ရက် ၃ ရက်၊ မတ် ၁ ရက်နှင့် ၂ ရက်(တပေါင်းလပြည့်နေ့၊ တောင်သူလယ်သမားနေ့နှင့် စနေ၊ တနင်္ဂနွေနေ့တို့နှင့်အတူ)ပိတ်ရက် ၄ ရက် တို့တွင် ခရီးသွားအထူးများပြားခဲ့ပြီး လာမည့်သင်္ကြန်ကာလသည် ပိတ်ရက်ဆက် တွင်လည်း ပြည်တွင်းခရီးသွား ဆက်လက်များပြားနိုင်ကာ ယခုလလယ်ခန့်က ပင် ကြိုတင်လက်မှတ်များ ရောင်းချသွားရန် ပြင်ဆင်နေကြကြောင်း သိရသည်။ ပြည်တွင်းခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ပုံရိပ်ကောင်းနှင့် အမည်ကောင်းကို မြှင့်တင်ဆောင်ရွက်နိုင်ရန်လည်း လိုအပ်မည် ဖြစ်ကြောင်း ခရီးသွားကဏ္ဍမှ ကျွမ်းကျင်သူများက သုံးသပ်ကြသည်။  ​ကြေးမှုံ

No comments:

Post a Comment