ပုဂံဘုရားအမှတ် ၁ဝ၆၆ တွင် ပြန်လည်ပြုပြင်ထားသော အပိုင်းများ ပြိုကျပျက်စီး
နေပြည်တော် မတ် ၎
ပုဂံမြို့သစ် အနောက်မြောက်ဘက် စိမ်းညက်ညီအစ်မ ဘုရားစု၏ အနောက်တောင်ဘက်ရှိ ဘုရားအမှတ် ၁ဝ၆၆ သည် ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့် တွင် တိုက်မနံရံသုံးဖက် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘုရားအမှတ် ၁ဝ၆၆ သည် မုခ်တစ်ဖက်ပါ လိုဏ်ခံဘုရားတစ်ဆူဖြစ်၍ ၂၆ ပေပတ်လည် အမြင့် ပေ ၄ဝ ခန့်ရှိကြောင်း၊ ၁၉၉၆ ခုနှစ်ခန့်က အသစ်ပြန်လည် ပြုပြင်ထားသော ဂူဘုရားတစ်ဆူဖြစ်ကာ ၂ဝ၁၆ ခုနှစ် ငလျင်ထိခိုက်မှုတွင်ပါဝင်ပြီး တတိယဦးစားပေး ပြုပြင် ရမည့် စေတီတစ်ဆူဖြစ်ကြောင်း၊ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုမှာ တိုက်မနံရံလေးဖက် အက်ကွဲ ကြောင်းများ ဖြစ်ပေါ်ခြင်း၊ အနောက်ဘက်နံရံ ကားထွက်ခြင်း၊ တိုက်မပေါင်းအမိုး အက်ကွဲခြင်း များ၊ ပစ္စယာဆင့်များပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခြင်းတို့ကြောင့် ရေပိတ်လွှာလောင်းခြင်း၊ လေးပေ ထ နှစ်ပေ U Beam များဖြင့် တိုက်မနံရံများ၌ ပတ်၍ ထိန်းချုပ်ထားခြင်း၊ စတီးကြိုးခါးပတ် ပတ်ခြင်း၊ Grouting လောင်းခြင်း၊ အက်ကွဲကြောင်းများ အနားသိပ်ဆောင်ရွက်ခြင်း၊ ပစ္စယာအဆင့်များတွင် ရေပိတ် လွှာလောင်းခြင်းစသည့် အရေးပေါ် ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။
ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်
အဆိုပါ ဘုရားအမှတ် ၁ဝ၆၆ သည် နံရံများ ပွင့်ထွက်၍ ပြိုကျပျက်စီးကြောင်း သတင်းအရ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ထိန်းသိမ်းရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက် ကွင်းဆင်းစစ်ဆေးရာ တိုက်မပစ္စယာအထက်မှ ပြိုကျနံရံများ လွင့်ကျခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပျက်စီးမှုများတွင် နောက်ပိုင်း ပြန်လည်ပြုပြင်ထားသော အပိုင်းများ ပြိုကျ၍ ဘုရားတစ်ဆူလုံး ၇ဝ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ကြောင်း၊ ပြိုကျသွားသော အစိတ်အပိုင်းများ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment