Latest News

Monday, March 12, 2018

နှစ် ၈ဝဝ ပြည့် ပတ္တမြားမြေ

နှစ် ၈ဝဝ ပြည့် ပတ္တမြားမြေ


ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းဆုံး ပတ္တမြားကျောက်များထွက်ရှိသည့် နေရာသည် မြန်မာနိုင်ငံအထက်ပိုင်း မိုးကုတ်ရတနာမြေဖြစ်သည်။ မိုးကုတ်သည် ယခင်က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်း မြို့နယ်တစ်ခုအဖြစ် စာရင်း ဝင်ခဲ့သော်လည်း ယခုအခါ မ္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်တွင် ပါဝင်သည်။

ပတ္တမြားတွင်းခရိုင်
မိုးကုတ်မြို့သည် မ္တလေးမြို့မှ ၁၂၈ မိုင် ကွာဝေးလျက် အရှေ့ဘက်နှင့် တောင် ဘက်တွင် ကျောက်မဲမြို့နယ်၊ မြောက်ဘက်တွင် မိုးမိတ်မြို့နယ်၊ အနောက်ဘက်တွင် သပိတ်ကျင်းမြို့နယ်တို့နှင့်  ထိစပ်နေကာ မြန်မာနိုင်ငံကို ဗြိတိသျှတို့သိမ်းယူပြီးစ အချိန်က မိုးကုတ်သည် ခရိုင်မြို့ဖြစ်ခဲ့ပြီး ပတ္တမြားတွင်းခရိုင်ဟု ခေါ်ဆိုခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်တွင် ပတ္တမြားတွင်းခရိုင်ကို ဖျက်သိမ်း၍ မိုးကုတ်မြို့နယ်ကို ကသာ ခရိုင်အောက်တွင် ထားရှိခဲ့သည်။
မိုးကုတ်မြို့သည် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၅၈ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၁ မိနစ်တွင် တည်ရှိသည်။ အရှေ့အနောက် မိုင် ၃ဝ နှင့် တောင်မြောက် ၁၄ ဒသမ ၁၂ မိုင်ရှိ၍ စတုရန်းမိုင် ၄၂၃ ဒသမ ၆ဝ မိုင် ကျယ်ဝန်းသည်။ ရှမ်းကုန်း ပြင်မြင့်၏ အနောက်ဘက်စွန်းတွင် ဧရာဝတီမြစ်မှ အရှေ့ဘက်သို့ ၃၆ မိုင် ကွာဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ ၃၈၅၈ ပေ အမြင့်တွင် တည်ရှိနေသည့် မိုးကုတ်မြို့၏ အနိမ့်ဆုံးနေရာဖြစ်သည့် မြို့လယ်အင်းကြီးသည် ပင်လယ်ရေမျက်နှာ ပြင်အထက် ၃၆၄၅ ပေ မြင့်သည်။
ကျောက်တောင်များထူထပ်သည့် မိုးကုတ်မြို့ကို ဝန်းရံထားသောတောင်များသည် ပေ ၇၅ဝဝ အထိ မြင့်မားကြသည်။ မိုးကုတ်မြို့၏ အရှေ့ဘက်တွင် ၆၇၃၃ ပေမြင့်သော ကြေးနီတောင်၊ အနောက်ဘက်တွင် ၅၃၄၅ ပေမြင့်သော ပင့်ကူတောင်၊ မြောက် ဘက်တွင် ၅၆ဝ၆ ပေမြင့်သော ထင်းရှူးတောင်နှင့် တောင်ဘက်တွင် ၇၅၄၄ ပေမြင့် သော တောင်မည်းတောင်တို့ ဝိုင်းရံထားသော မိုးကုတ်မြို့သည် တောင်များအကြား တွင် ဒယ်အိုးတစ်လုံးပုံစံ တည်ရှိနေပေသည်။
မိုးကုတ်မြို့၏မြေသားသည်  လိပ်သည်းကျောက်နှင့်  ပုံဆောင်ထုံးကျောက် များဖြစ်ပြီး ယင်းကျောက်များမှ ပတ္တမြား၊ နီလာ၊ ကျောက်နီ၊ ဣန္ဒနီလာ၊ ဥဿဖရား၊  ဖရဲအူ၊ မျော၊ ပြောင်ခေါင်းစိမ်း၊ နဂါးသွဲ့၊ မှတ်မီးစသည့် ကျောက်များ ထွက်ရှိသည်။ ကျောက်မျက်ရတနာများ ပေါမျာြး<ွကယ်ဝသဖြင့် မိုးကုတ်တွင် ပေါက်တူးတစ်ချောင်း နှင့် ဒယ်အိုးတစ်လုံးရှိလျှင် အချိန်မရွေးချမ်းသာသွားနိုင်သည့် အခွင့်အရေးရှိကြောင်း ပြောစမှတ်ပြုခဲ့ကြရသည်။ မိုးကုတ်၏ ပတ္တမြားထွက်ရှိသည့် မြေကျောသည် မိုးမိတ်၊ တကောင်း၊ သပိတ်ကျင်းအထိ ကျယ်ပြန့်ကာ ၁၉၁၆ စတုရန်းမိုင် ကျယ်ဝန်းသည်ဟု ဆိုသည်။
မိုးကုတ် နှစ် ၈ဝဝ
မိုးကုတ်မြို့ကိုတည်ထားခဲ့သည့် သက္ကရာဇ်ကို ''ကိတ် နဂါးြ<ွကက် သုံးဖော်ယှက်၊ ကျောက်မျက်ရတနာ ပေါ်ထွက်လာ၊ ဂန္ဓာလတိုင်း သမိုင်းပွင့်ဆန်း ပင်သဖန်းဟု၊ မော်ကွန်းထိုးထုတ် မြို့မိုးကုတ်''ဟု အစဉ်အဆက် မှတ်သားခဲ့ကြသည်။ ကိတ်သည် ၉၊ နဂါးသည် ၇ နှင့်ြ<ွကက်သည် ၅ ဂဏန်းတို့ကို ကိုယ်စားပြုသဖြင့် ယင်းတို့ကို ပြောင်းပြန်ယူလျှင် မိုးကုတ်မြို့ကိုတည်ခဲ့သည့် သက္ကရာဇ် ၅၇၉ ခုနှစ်ကို ရရှိသည်။ ထိုနှစ်တွင် သဖန်းပင်ရွာကို ဦးစွာတည်ခဲ့ပြီး မိုးကုတ်မြို့အဖြစ် ဆက်လက်တည် ထောင်ခဲ့သည်။
မိုးကုတ်ရာဇဝင်များ၏ အဆိုများအရ မြန်မာသက္ကရာဇ် ၅၇၉ ခုနှစ် မိုးမိတ်စော်ဘွား သိုဟန်ဖက်လက်ထက်တွင် ယခု မိုးကုတ်မြို့ဖြစ်လာမည့်နေရာ၌ အမဲလိုက်မုဆိုး ရှမ်းသုံးဦးသည် တောလည်ထွက်ခဲ့စဉ် အချိန်လွန်သွားသဖြင့် သဖန်းပင်ကြီးတစ်ပင် တွင် ခိုနားအိပ်စက်ခဲ့ကြသည်။ မိုးလင်းချိန်တွင် သဖန်းပင်အောက်ရှိချောက်ထဲ၌ ကျီးကန်းများ ဝိုင်းအုံအော်နေကြသဖြင့် သွားကြည့်ကြရာ နီရဲနေသည့်ကျောက်တုံး များကို တွေ့ရသည်။ ကျီးကန်းများက ရဲရဲနီနေသည့် ကျောက်တုံးများကို သားတစ် အမှတ်ဖြင့် အော်နေကြကြောင်း တွေ့ကြရပြီးနောက် မုဆိုးများသည် ကျောက်များကို ယူဆောင်ကာ မိုးမိတ်စော်ဘွားထံ ဆက်သခဲ့ကြသည်။
မိုးမိတ်စော်ဘွားက  မုဆိုးများဆက်သသည့်  ပတ္တမြားများသည်  အဖိုးတန် ကျောက်များဖြစ်ကြောင်း သိရှိသဖြင့် မုဆိုးများအား ဆုငွေများပေးကာ ကျောက် များထွက်ရှိသည့်နေရာကို ထိန်းသိမ်းထားစေခဲ့သည်။ စော်ဘွားသည် ကျောက်တွင်း ကို စောင့်ရှောက်မည့်သူများအား နှစ်စဉ် ထောက်ပံ့ကြေးများချီးမြှင့်လျက် နေထိုင် စေခဲ့ရာမှ  ရှမ်းလူမျိုးများသည် သဖန်းပင်ကြီးအနီးတွင် ရွာတည်ခဲ့ကြကာ သဖန်းပင်ရွာ ပေါ်ထွန်းလာခဲ့သည်။ ထို့ကြောင့် မိုးကုတ်အစ သဖန်းပင်ကဟု ဆိုခဲ့ကြပြီး ကျီးကန်း များအော်မြည်ခဲ့သည့်တောင်သည် ကျီးအာတောင်ဟု အမည်တွင်ခဲ့သည်။
သဖန်းပင်ရွာရှိ ပတ္တမြားတွင်းများကို စောင့်ရှောက်ခဲ့ကြသည့် ရှမ်းလူမျိုးများ သည် မိုးကုတ်ချိုင့်ဝှမ်းအတွင်း တိုးချဲ့နေထိုင်ကြရာမှ မိုးကုတ်မြို့ ဖြစ်ပေါ်လာခဲ့သည်။ မိုးကုတ်မြို့သည် မူလတည်ထားခဲ့စဉ်က မိုးမိတ်စော်ဘွားများ၏ လက်အောက်ခံ နယ်တစ်ခုအဖြစ် တည်ရှိခဲ့ပြီး နောက်ပိုင်းတွင် မြန်မာဘုရင်များက ပိုင်ဆိုင်ခဲ့သည်။ သာလွန်မင်းလက်ထက်တွင် ရှမ်းတို့သည် မိုးကုတ်မြေကို လက်လွှတ်ခဲ့ရကြောင်း၊ မင်းတုန်းမင်းလက်ထက်တွင်  မိုးကုတ်မှ ပတ္တမြားများကို  တူးဖော်၍ အနောက် နိုင်ငံသားများနှင့် အရောင်းအဝယ် ပြုလုပ်ကြောင်း၊ သီပေါမင်းလက်ထက်တွင် ပြင်သစ်တို့သည် မိုးကုတ်၌ ပတ္တမြားတူးဖော်လုပ်ကိုင်ခွင့် ရရှိခဲ့သဖြင့် အင်္ဂလိပ်တို့က ပြင်သစ်တို့ ခြယ်လှယ်မည်ကို အလွန်စိုးရိမ်ခဲ့ကြောင်း၊ ခရစ်နှစ် ၁၈၈၆ ခုနှစ်တွင် အင်္ဂလိပ်တပ်များ မိုးကုတ်သို့ ချီတက်လာစဉ် မိုးကုတ်မြို့သား ဗိုလ်သာစီနှင့် ဗိုလ်ရွတ် တို့ ဦးဆောင်ကာ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် မှတ် တမ်းတင်ရေးသားထားပေသည်။
မိုးကုတ် အမည်နာမ
မိုးကုတ်ဟူသည့် အမည်သည် ရှမ်းအမည် မိန်းကွတ်မှ ဆင်းသက်လာကာ မိန်း သည် မြို့၊ ကွတ်သည် ကွေ့ကောက်ခြင်းဟု အဓိပ္ပာယ်ထွက်ရှိသည်။ ကောက်ကွေ့နေ သည့် တောင်ကြားတွင် ကွေ့ကွေ့ကောက်ကောက်တည်ရှိနေသည့်မြို့ဟု ဆိုလိုသည့် အတိုင်း ကောက်ကွေ့နေသည့် မိုးကုတ်မြို့၏ရှုခင်းကို မြို့အရှေ့ဘက်ရှိ ကြေးနီတောင် စခန်းမှ မြင်ကြရပေသည်။
မိုးကုတ်သည် ရှမ်းအမည် မိန်းကုမှ ဆင်းသက်လာသည်ဟုလည်း ဆိုကြသည်။ ကုသည် ရှမ်းဘာသာစကားအရ ခမောက်ဖြစ်သဖြင့် မိန်းကုကို ခမောက်မြို့ဟု ရည်ညွှန်းသည်။ မိုးကုတ်မြို့သည် ခမောက်ကို လှန်ထားသည့်အလား ချိုင့်ဝှမ်း အတွင်း တည်ရှိနေသဖြင့် ရှမ်းတို့က မိန်းကုဟုခေါ်ဆိုခဲ့ကြသည်ဟုလည်း ပြောစမှတ် များရှိခဲ့သည်။ အချို့ကလည်း မိန်းကတ်(အလွန်အေးသောမြို့)မှ ပြောင်းလဲခဲ့သည် ဟု ဆိုကြပြန်သည်။
မိုးကုတ်ကို ရှမ်းဘာသာဖြင့် ခေါင်ငေါက်မြို့(ခေါင်ငေါက်တောကိုရှင်း၍ တည် ထားသောမြို့)ဟုလည်းကောင်း၊ ကံဝမ်ခမ်ဆောက်မိန်း(မိုးစောစောချုပ်သောမြို့) ဟု လည်းကောင်း ခေါ်တွင်ခဲ့ကြသည်။
သမိုင်းတစ်လျှောက် ပတ္တမြားမြေ
မြန်မာ့ပတ္တမြားများ ရောင်းဝယ်ရန် ပဲခူးသို့ ပထမဆုံးရောက်ရှိလာသည့် အီတလီ လူမျိုး ဗားသီးမား၏ မှတ်တမ်းတွင် ပဲခူးမှ ရက် ၃ဝ ခရီးကွာလှမ်းသည့် ကပ္ပလန်တွင် ပတ္တမြားကျောက်များထွက်ရှိကြောင်း ဖော်ပြခဲ့သည်။ ပေါ်တူဂီလူမျိုး ဘာဆိုစား၏ မှတ်တမ်းတွင်လည်း အင်းဝနေပြည်တော်တွင် အလွန်ြ<ွကယ်ဝသည့် ကပ္ပလန်ရှိ ကြောင်း ဖော်ပြခဲ့ရာ ကပ္ပလန်သည် ကျပ်ပြင်ကို နားကြားလွဲ၍ ခေါ်ဆိုခဲ့သောအမည်ဟု ယူဆခဲ့ကြသည်။
မိုးမိတ်စော်ဘွား ဆေကျင်ဖ ခေါ် သိုကျင်ဘွား၏ညီဖြစ်သူ ဆေငံဖ ခေါ် သိုငံဘွား (မြန်မာသက္ကရာဇ်  ၇၇၆-၇၇၉)သည် ပတ္တမြားတွင်းသခင်ဟု  အဓိပ္ပာယ်ရသော ခွန်စပ်မော်ဆိုင်ဘွဲ့ကို ခံယူကာ မိုးမိတ်စော်ဘွား အစဉ်အဆက်သည် ပတ္တမြားတွင်း များကို ပိုင်ဆိုင်ခဲ့ကြသည်။ အင်းဝ ပထမမင်းခေါင်လက်ထက်(ခရစ်နှစ် ၁၄ဝ၁-၁၄၂၂) မြန်မာသက္ကရာဇ် ၇၇၇ ခု တော်သလင်းလပြည့်ကျော် ၁၂ ရက်တွင် မိုးကုတ် ပတ္တမြားမြေကို မြန်မာဘုရင်ပိုင် မြစ်စဉ် ၁၂ ရွာဖြစ်သည့် သပိတ်ကျင်း၊ စမ္ပာယ်နဂိုရ်၊ တွင်းငယ်၊ ဆူးပုပ်၊ သက်ငယ်ကျင်း၊ ကြာညှပ်၊ ပုတီးဖြူ၊ တကောင်း၊ ပုလွေရှည်၊ ရှော်ပင်၊ ကျောက်ထုံးကြီး၊ ရွှေကူတို့နှင့် လဲလှယ်ခဲ့သည်။ ထို့ကြောင့် မြန်မာဘုရင်သည် မိုးကုတ်နယ်ကို အရှေ့သို့လားသော် ဝင်္ကပါတောင်၊ အနောက်သို့လားသော် တောင် တော်စခန်း၊ မြောက်သို့လားသော် အုပ်ဆောင်းတောင်၊ တောင်သို့လားသော် သက် ကန်းစင်ရွာများဟု နယ်နိမိတ် ပိုင်းခြားခဲ့သည်။
ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်ရင်ပြင်တွင် တည်ရှိသည့် က္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင်  ဘုရင့်နောင်မင်း  ခေါင်းလောင်းစာတွင်  ဘုရင့်နောင်မင်း တရား(ခရစ်နှစ် ၁၅၅၁- ၁၅၈၁)သည် သက္ကရာဇ် ၉၁၈ ခုနှစ် တပို့တွဲလဆုတ် ၁၁ ရက် (ခရစ်နှစ် ၁၅၅၇ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်) တနင်္လာနေ့တွင် မိုးမိတ်၊ သီပေါ ပတ္တမြားတွင်းကို အောင်တော်မူခဲ့သည်ဟု ရေးထိုးထားသည်။ သို့သော် ဘုရင့်နောင် နတ်ရွာစံပြီး သားတော် နန္ဒဘုရင်လက်ထက်တွင် မိုးမိတ်စော်ဘွားသည် မိုးကုတ် ရတနာမြေကို ပြန်လည်သိမ်းပိုက်ခဲ့သည်။
ဒုတိယအင်းဝခေတ် ညောင်ရမ်းမင်း မင်းရဲနန္ဒမိတ်လက်ထက်(ခရစ်နှစ် ၁၅၉၇-၁၆ဝ၅)တွင် မိုးကုတ်ကို ပြန်လည်ပေးအပ်ရန် အမိန့်ပြန်တမ်းထုတ်ခဲ့သည်။ မြန်မာ သက္ကရာဇ် ၉၅၉ ခုနှစ် သီတင်းကျွတ်လဆန်း ၅ ရက်တွင် ထုတ်ပြန်သည့် နာခံတော် ပြော့ကြီး အမိန့်တော်အရ မိုးကုတ်ကို ပြန်လည်ရယူခဲ့ကြောင်း မိုးကုတ်သမိုင်း စာအုပ်တွင် ဖော်ပြထားသည်။ ညောင်ရမ်းမင်းသည် မိုးကုတ်ကို ပြန်လည်ရရှိပြီး နောက် အရှေ့ရပ်စု မိုးကုတ်၊ အနောက်ရပ်စု ကသည်းနှင့် ကျပ်ပြင်တွင် စို့သူကြီး တစ်ဦးစီ ခန့်အပ်၍ အုပ်ချုပ်စေခဲ့သည်။ မိုးကုတ်သုံးစို့ဟု အမည်တွင်ခဲ့သည့် ယင်း နေရာသုံးခုအနက် မိုးကုတ် စို့သူကြီးသည် သီရိဝဋနရာဇာ၊ အနောက်ကသည်း စို့သူကြီးသည် သိရိဇေယျရာဇာနှင့် ကျပ်ပြင်စို့သူကြီးသည် ဇေယျရာဇာဘွဲ့ခံ ပုဂ္ဂိုလ် များဖြစ်ကြသည်။
အနောက်ဘက်လွန်မင်းလက်ထက်(ခရစ်နှစ် ၁၆ဝ၅-၁၆၂၈)တွင်လည်း မိုးကုတ် ကို မြန်မာမင်းပိုင်ခဲ့ကာ သာလွန်မင်းလက်ထက် (ခရစ်နှစ် ၁၆၂၈-၁၆၄၈)တွင် ခမည်း တော် ညောင်ရမ်းမင်းလက်ထက်ကအတိုင်း မိုးကုတ်သည် မြန်မာမင်းပိုင်နယ်မြေဖြစ် ကြောင်း အမိန့်တော်ပြန်တမ်း ထုတ်ခဲ့သည်။ ပြည်မင်းလက်ထက်  (ခရစ်နှစ် ၁၆၆၁-၁၆၇၂)တွင် က္ဘာကျော် ငမောက်ပတ္တမြားကြီးကို ရရှိခဲ့ပေသည်။
ကုန်းဘောင်ဆက် မြေဒူးမင်းလက်ထက်(ခရစ်နှစ် ၁၇၆၃-၁၇၇၆)တွင် မိုးမိတ် စော်ဘွားသည် ဆက်မြဲဖြစ်သော အခွန်ဘဏ္ဍာတော်များ မဆက်သ သဖြင့် မြန်မာ သက္ကရာဇ် ၁၁၂၅ ခုနှစ် ပြာသိုလဆန်း ၂ ရက်(ခရစ်နှစ် ၁၇၆၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်)တွင် မိုးမိတ်စော်ဘွား စောခွန်ညွန့်သို့ အမိန့်တော်ထုတ်၍ သိမ်းပိုက်ခဲ့ရပြန်သည်။
မင်းတုန်းမင်းလက်ထက်(ခရစ်နှစ် ၁၈၅၃-၁၈၇၈)တွင် မိုးကုတ်ပတ္တမြားသည် အထူးထင်ရှားခဲ့ကာ အနောက်နိုင်ငံ ကုန်သည်များနှင့် အရောင်းအဝယ်များ ပြုလုပ် ခဲ့သည်။
သီပေါမင်းလက်ထက်(ခရစ်နှစ် ၁၈၇၈-၁၈၈၅) လက်ထက်တွင် ပြင်သစ်တို့က နှစ်စဉ် အခွန်တော် ငွေကျပ်သုံးသိန်း ပေးသွင်း၍ မိုးကုတ်၊ ကျပ်ပြင်နှင့် ကသည်းရှိ ပတ္တမြားတွင်းများကို တူးဖော်ခွင့်ပြုရန် လျှောက်ထားခဲ့ကာ လျှို့ဝှက် သဘောတူညီ ချက်တစ်ရပ်ကို ချုပ်ဆိုခဲ့သည်။ သီပေါမင်းသည် မိုးကုတ်ကျောက်တွင်းကို ပြင်သစ် ကုမ္ပဏီMessrs Bonvellein & Co. အား ငှားရမ်းခ ရယူ၍ လုပ်ကိုင်ခွင့်ပေးခဲ့ သည်။ သို့သော် ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပြီးနောက် မြန်မာ့ ပတ္တမြားနယ်မြေသည် နယ်ချဲ့တို့၏လက်အောက်သို့ ရောက်ရှိခဲ့သည်။
ငမောက်ပတ္တမြား
အင်္ဂလိပ်-မြန်မာ  တတိယစစ်အပြီးတွင်  မြန်မာနိုင်ငံ  လွတ်လပ်ရေးနှင့်အတူ ပျောက်ဆုံးသွားခဲ့သည့် ငမောက်ပတ္တမြားကို မိုးကုတ်ပတ္တမြားနယ်မြေ အင်းခေါင်းမှ ရရှိခဲ့သည်ဟုဆိုကာ အချို့ကလည်း အင်ကြင်းတောင်နှင့် ကျောက်ဆောင်လူး တောင်များမှ ရရှိခဲ့သည်ဟု ဆိုကြသည်။ မိုးကုတ်နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ချင်းတွင်းနယ်သား ငမောက်သည် မိမိခြံအတွင်းမှ ပြိုးပြိုးပြက် ပြက် လင်းလက်နေသည့် ပတ္တမြားကြီးတစ်လုံးကို တွေ့ရှိခဲ့ရာ နှစ်ပိုင်းခွဲ၍ တစ်ပိုင်း ကို  ယောက်ဖဖြစ်သူ  မောင်ရွှေအား  ပြည်ပသို့  သွားရောက်ရောင်းချစေခဲ့သည်။
ကျန်တစ်ပိုင်းကို ညောင်ရမ်းခေတ်ဘုရင် ပင်းတလဲမင်း(ခရစ်နှစ် ၁၆၄၈-၁၆၆၁)ထံ ဆက်သခဲ့ရာ ငမောက်ပတ္တမြားဟု ထင်ရှားခဲ့သည်။
ငမောက်ပတ္တမြားသည် အလေးချိန် ရတီ ၉ဝ ရှိ၍ လုံးချောသွေးထားသည့် ကျောက်ဖြစ်ကာ ဝါဂွမ်းစ သို့မဟုတ် နွားနို့တွင် ထည့်ထားပါက ဂွမ်းစနှင့် နွားနို့တို့ သည် အနီရောင်သန်းလာသည်ဟု ဆိုသည်။ မြန်မာ့နန်းစဉ် ပတ္တမြားများအနက် ငမောက်ပတ္တမြားသည် အထင်ရှားဆုံးဖြစ်သည်။ အခြား နန်းစဉ်ပတ္တမြားများဖြစ်ကြ သည့် ရတီ ၂ဝ အလေးချိန်ရှိသော လှော်ကားတင်လေး(သက္ကရာဇ် ၁၁၄၇ ခုနှစ်)၊ ၄၉ ရတီ အလေးချိန်ရှိသော လှော်ကားတင်ကြီး(သက္ကရာဇ် ၁၁၉၉ ခုနှစ်)၊ ရှစ်ရတီ အလေးချိန်ရှိသော စံကျောက်လယ်သီးရေ(သက္ကရာဇ် ၁၂ဝ၉ ခုနှစ်)၊ ခြောက်ရတီ အလေးချိန်ရှိသည့် ဆင်မတော်ကျောက်(သက္ကရာဇ် ၁၂ဝ၉ ခုနှစ်)၊ ၁ဝ ရတီ အလေး ချိန်ရှိသည့် နဂါးဗိုလ်မျိုးဝင်ကျောက်တော်(သက္ကရာဇ် ၁၂ဝ၉ ခုနှစ်)တို့သည်လည်း မိုးကုတ်ဒေသမှထွက်ရှိသည့် အဖိုးတန် ပတ္တမြားများ ဖြစ်ကြသည်။
ဘုရင်ထံဆက်သသည့် ပတ္တမြားကျောက်၏အဆင့်ကို မူတည်လျက် ဆင်၊ လှော် ကားငယ်၊ လှော်ကားကြီး စသည်တို့ဖြင့် တင်ဆောင်လာခဲ့ကြရသဖြင့် ဆင်တင် ပတ္တမြား၊ လှော်ကားငယ်တင် ပတ္တမြား၊ လှော်ကားကြီးတင်ပတ္တမြား စသည်ဖြင့် အခေါ်အဝေါ်များ ပေါ်ပေါက်လာခဲ့ရာ ငမောက်ပတ္တမြားသည် လှော်ကားကြီးတင် ပတ္တမြားဖြစ်သည်။ ပျောက်ဆုံးနေသည့် ငမောက်ပတ္တမြားကို အင်္ဂလိပ်အစိုးရ လက် ထက်ကပင် စုံစမ်းမှုများ ပြုလုပ်ခဲ့ကြသော်လည်း အဖြေတစ်စုံတစ်ရာ မရရှိခဲ့သည့် အပြင် ဗြိတိသျှဘုရင်မကြီး၏ သရဖူအလယ်တွင် ထည့်သွင်းထားသည့် ပတ္တမြား ကြီးကို ငမောက်ပတ္တမြားဟု ယူဆမှုများလည်း ရှိခဲ့သည်။
မိုးကုတ်၏ ပထဝီဝင်
မိုးကုတ်မြို့သည် တောင်ကုန်းတောင်တန်းထူထပ်၍ မြေပြန့်အနည်းငယ်သာ ရှိသော ဒေသဖြစ်ကာ ရေဆင်းအဖြစ် ၁၂ မိုင် ရှည်သော ကင်းချောင်းနှင့် ၁၁ မိုင်ရှည် သော နမ့်ပိုင်ချောင်းတို့ စီးဆင်းနေသည်။ မိုးများသော တောင်ပေါ်ဒေသဖြစ်သည့် မိုးကုတ်သည် အမြင့်ဆုံးအပူချိန် ၃၅ ဒသမ ၇ ဒီဂရီ စင်တီဂရီတ်ရှိကာ အနိမ့်ဆုံး အပူချိန်သည် ဝ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။ ၂ဝ၁၇ ခုနှစ်တွင် မိုးရွာရက် ၁၃၁ ရက်ရှိခဲ့၍ မိုးရေချိန် ၁ဝ၄ ဒသမ ၁၃ လက်မ ရွာသွန်းခဲ့ကာ နွေရာသီ အမြင့် ဆုံးအပူချိန်သည် ၃၄ ဒီဂရီ စင်တီဂရိတ်နှင့် ဆောင်းရာသီ အနိမ့်ဆုံးအပူချိန်သည် ၂ ဒသမ ၇ ဒီဂရီ စင်တီဂရိတ် ရှိသည်။ မိုးကုတ်မြို့ရှိ ရပ်ကွက် ငါးခုနှင့် ကျေးရွာအုပ်စု
၂၉ ခုတွင် ၂ဝ၁၇ ခုနှစ် စက်တင်ဘာလကုန်အထိ လူဦးရေ ၁ဝ၈၄ဝ၆ ဦး နေထိုင် လျက်ရှိရာ နိုင်ငံခြားသား ၁၈၇၄၂ ဦး ပါဝင်သည်။
ဒေသခံအများစုသည် ကျောက်မျက်တူးဖော်ခြင်းလုပ်ငန်းဖြင့် အသက်မွေး ကြသော်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ မိုးကုတ်ဒေသမှ ပတ္တမြားသာမက နီလာလည်း အများအပြား ထွက်ရှိသည့်အပြင် မြို့နယ်၏ အခြားအဓိကထွက်ကုန်တစ်ခုမှာ လက်ဖက်ဖြစ်သည်။
မိုးကုတ်မြို့နယ်တွင် ကြိုးဝိုင်းသစ်တော ၅၂၂၄၃ ဒသမ ၈၃ ဧကနှင့် ကြိုးပြင် သစ်တော ၃ဝ၁၁၁ ဒသမ ၄၃ ဧကတွင် ကျွန်းနှင့် ပျဉ်းကတိုး အနည်းငယ်အပြင် ထောက်ကြံ့၊ ကညင်၊ အင်ကြင်းစသည့် အပင်များနှင့် ဝါးများ ပေါက်ရောက်လျက်ရှိ သည်။
သမိုင်းတစ်လျှောက်ထင်ရှားခဲ့သည့် မိုးကုတ်မြို့နယ်တွင် ဘုရား ခုနစ်ဆူ၊ စေတီ ၂၁၈ ဆူ၊ ပုထိုး ၄၆ ခု၊ ဘုန်းကြီးကျောင်း ၃ဝ၇ ကျောင်းနှင့် သီလရှင်ကျောင်း လေး ကျောင်း တည်ရှိသည့်အနက် ဖောင်တော်ဦး၊ ချမ်းသာကြီး၊ မဟာမုနိ၊ ရွှေကူကြီး၊ ဒေါ်နန်းကြည့်တောင်၊ ပင့်ကူတောင်နှင့် ကျောက်ပြာသာဒ်ဘုရားတို့သည် အထင်ရှား ဆုံးဖြစ်သည်။ ထို့အတူ ခရစ်ယာန်ဘာသာရေး အဆောက်အအုံ ၇၅ ခု၊ အစ္စလာမ် ဘာသာရေးအဆောက်အအုံ သုံးခု၊ ဟိန္ဒူဘုရားကျောင်း ၃၅ ခုနှင့် တရုတ်ဘုရား ကျောင်း ရှစ်ခုတို့လည်း တည်ရှိနေကြပေသည်။
မြန်မာ့ပတ္တမြားမြေ မိုးကုတ်မြို့ကို တည်ထောင်ခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း ၈ဝဝ ပြည့်ခဲ့ပြီးဖြစ်ပေသည်။ သမိုင်းအစဉ်အဆက် ပတ္တမြားမြို့တော်အဖြစ် ထင်ရှား ခဲ့သည့် မိုးကုတ်သည် မြန်မာနိုင်ငံတွင်သာမက က္ဘာတွင်ပါ ထင်ရှားသည့် ရတနာ မြေအဖြစ် နှစ်ကာလရှည်ကြာစွာ တည်တံ့နေဦးမည်သာဖြစ်ပေသည်။    ။
ကိုးကား
(၁) မြန်မာ့စွယ်စုံကျမ်း (အတွဲ ၉)
(၂) ပတ္တမြားမြေသမိုင်း
(၃) မ္တလေးတိုင်းဒေသကြီး၏ ဒေသဆိုင်ရာအချက်အလက်များ
       (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)
မောင်သာ(ရှေးဟောင်းသုတေသန)

No comments:

Post a Comment