ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၌ ဘုရားဖူးပြည်သူများ၊ ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိ
ရန်ကုန် မတ် ၁
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထားရှိသည့် နေ့တစ်နေ့ဖြစ်သော တပေါင်းလပြည့် နေ့ထူးနေ့မြတ် အချိန် အခါသမယဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ တန်ခိုးကြီး စေတီပုထိုးများ၊ အထင်ကရနေရာများနှင့် အပန်းဖြေရာ ဥယျာဉ်များတွင် ရန်ကုန်မြို့နေ ဒေသခံပြည်သူများအပြင် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူခြင်း၊ ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းတို့ ဖြင့် စည်ကားလျက်ရှိသည်။
မတ် ၁ ရက်မှ ၄ ရက်အထိသည် စနေ၊ တနင်္ဂနွေနေ့ များအပြင် ဗုဒ္ဓဘာသာဝင်တို့၏ အ လေးအမြတ်ထားရှိသည့် နေ့တစ်နေ့ဖြစ်သော တပေါင်းလပြည့်နေ့နှင့်အတူ တောင်သူ လယ်သမားနေ့နှင့်လည်း တိုက်ဆိုင်နေသည့်အတွက် ရုံး ပိတ်ရက်လေးရက် တစ်ဆက်တည်းဖြစ်ခြင်းကြောင့် ပြည်သူ များအနေဖြင့် ယင်းကဲ့သို့ စိတ်အေးချမ်းသာစွာအနားယူခြင်းများ၊ ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းများနှင့် ဒေသ္တရဗဟုသုတ ရှာမှီးခြင်းများ ပြုလုပ်ကြခြင်းဖြစ်သည်။
ပြည်သူများ စည်ကား
ထို့ကြောင့် ရန်ကုန်မြို့၏ အထင်ကရလည်ပတ်စရာ နေရာများတွင် တစ်ခုအပါအဝင်ဖြစ်သည့် တိစ္ဆာန်ဥယျာဉ် (ရန်ကုန်)တွင်လည်း ဒေသခံများအပြင် မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ပြည်သူများ လာရောက်လေ့လာလည်ပတ်ကြ သဖြင့် စည်ကားလျက်ရှိသည်။
မြင်းခြံမြို့မှ ဒေါ်စောငွေက ''ရန်ကုန်ကိုရောက်တာ နှစ်ခေါက်ရှိပါပြီ၊ ပထမတစ်ခေါက်တုန်းက တိစ္ဆာန်ဥယျာဉ် ကို မရောက်လိုက်ဘူး၊ အဲဒါကြောင့် အခုတစ်ခေါက်မှာ မဖြစ် မနေ အရောက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာခဲ့တာပါ၊ ကလေးတွေကို လိုက်ပို့ချင်တာလည်း ပါတာပေါ့၊ သုံးညအိပ် လေးရက်ခရီးအနေနဲ့ မိသားစုလိုက် အတူလာခဲ့ကြတာပါ၊ ဒီကနေပြန်ရင် ရေလယ်ကျောက်တန်းဘုရားကိုသွားမယ်၊ အပြန်ကျရင် ပဲခူးကို ဝင်ဖို့စီစဉ်ထားပါတယ်၊ အဓိကကတော့ ကလေးတွေ နွေရာသီကျောင်းပိတ်ရက်ဖြစ်တာကြောင့် အခုလို လာရောက်လည်ပတ်ကြတာပါ၊ အရင်နှစ်တွေတုန်းကတော့ ကျိုက်ထီးရိုးဘုရားသွားဖူးခဲ့ပါတယ်''ဟု ပြောသည်။
''အခုမှ ရန်ကုန်တိစ္ဆာန်ဥယျာဉ်ကို ရောက်ဖူးတာပါ၊ အရင်တုန်းကတော့ မန္တလေးတိစ္ဆာန်ဥယျာဉ်ကို ရောက်ဖူး ပါတယ်၊ ဒီနေ့မှာတော့ ဆင်တွေ၊ ဝက်ဝံတွေကိုတာ တွေ့ခဲ့ရ တယ်၊ ကျားကိုတော့ ကြောက်လို့ ခပ်ဝေးဝေးကနေပဲ ကြည့် ခဲ့တာပါ၊ ဆင်ကြီးတွေကိုတော့ ကြံတွေဝယ်ကျွေးခဲ့ပါတယ်၊ မြွေတွေ၊ မျောက်တွေလည်း တွေ့ခဲ့တယ်၊ နောင်နှစ်တွေမှာ လည်း လာလည်ချင်ပါသေးတယ်''ဟု မြင်းခြံမြို့မှ ဆဋ္ဌမတန်း ဖြေဆိုထားသူ မောင်ဝင်းအောင်က လာရောက်လည်ပတ်ခဲ့မှု အပေါ် သူ၏ အတွေ့အကြုံကို ပြောသည်။
အစိတ်ဝင်တစား ကြည့်ရှု
ယနေ့သည် တပေါင်းလပြည့်၊ အများပြည်သူရုံးပိတ်ရက် ဖြစ်သည့်အားလျော်စွာ တိစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ အထူး ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာ တိရ္ဆာန် အလိမ္မာလေးများဖြစ်ကြသော ဆင်မကြီးမျိုးမျိုး၏ ဘောလုံးကန်ခြင်း (ဂိုးသွင်းခြင်း)နှင့် မျောက်၊ ဝက်ဝံတို့၏ ကျွမ်းကျင်မှုအလိုက်ကကွက်များအပြင် အဆိပ်ပြင်းသော တောကြီးမြွေဟောက်(ငန်းမြွေ)၊ ငန်းစောင်းအစရှိသည့် မြွေကြီး များနှင့် အန္တရာယ်များကြားမှ ကျွမ်းကျင်ပိုင်နိုင်စွာ ကစား ပြသော မြွေဆရာကြီး ဦးစိန်တင်နှင့် မြွေဆရာမလေး မစိုးစိုး ဝင်းတို့၏ မြွေပြကွက်များ၊ မျက်လှည့်ပညာရှင်မှော်ဝိဇ္ဇာ သံမဏိ ၏ ပညာသားပါပါ စိတ်ဝင်စားစရာ မျက်လှည့်ပြကွက်များကို လာရောက်လည်ပတ်ကြသည့် ပြည်သူများ အထူးစိတ်ဝင် တစား ကြည့်ရှုကြသည်ကို တွေ့ရသည်။
တိစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ လာရောက်လည်ပတ်သူ များအနေဖြင့် ဆင်၊ မြွေ မျောက်၊ ကုလားအုတ် ပြကွက်နေရာ များနှင့် ကျားလိုဏ်ဂူတို့ကို စိတ်ဝင်တစားလည်ပတ်ကြည့်ရှု ခြင်း၊ ရေက္ဘာတွင် ပျော်ရွှင်စွာ ရေကစားခြင်းတို့ ပြုလုပ်ကြ ပြီး နားနေဆောင်များတွင်လည်း မိသားစုအလိုက် ပျော်ရွှင်စွာ ဝိုင်းဖွဲ့ စားသောက်ကာ အပန်းဖြေအနားယူကြသည်ကိုလည်းတွေ့မြင်ရသည်။
ကုသိုလ်ကောင်းမှုများ ပြုလုပ်
အလားတူ ရန်ကုန်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သော ရွှေတိဂုံစေတီတော်မြတ်ကြီးတွင်လည်း တပေါင်းလပြည့် နေ့ထူးနေ့မြတ် အချိန်အခါသမယဖြစ်သည့် အားလျော်စွာ ယနေ့နံနက်ပိုင်းမှ စတင်ကာ ရန်ကုန်မြို့နေဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများက ဗုဒ္ဓဘာသာဝင်များပီပီ စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူ ပူဇော်ကာ မိမိတို့၏ မွေးနံဂြိုဟ်ခွင်များတွင် ဝတ်ပြုဆုတောင်း ခြင်း၊ ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းများကြောင့် အထူးစည်ကား လျက်ရှိသည်။
အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူတို့အနေဖြင့် ရွှေတိဂုံစေတီတော်ရင်ပြင်တော်ရှိ စောင်းတန်းများတွင် ဝတ်ပြု ဆုတောင်းခြင်း၊ အဓိဋ္ဌာန်ပုတီးစိပ်ခြင်း၊ ဂုဏ်တော်များနှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းတို့ကို ပြုလုပ်ကြသည့် အပြင် စေတီတော်ကြီး၏ အောင်မြေနေရာတွင် မိမိတို့၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းဆောင်တာများ အကောင်အထည် ပေါ် အောင်မြင်ပြီးမြောက်စေရန်အတွက် အဓိဋ္ဌာန်ပြုခြင်းတို့ ဆောင်ရွက်ကြသည်ကိုလည်း တွေ့ရသည်။
''အလုပ်ပိတ်ရက်တွေမှာ ရန်ကုန်ကို နေ့ချင်းပြန် ဘုရား ဖူးထွက်လာတာပါ၊ မနက်ပိုင်းမှာ ဗိုလ်တထောင်ဘုရား၊ ကျိုက်ဝိုင်း၊ မယ်လမုဘုရားတွေကို ဖူးခဲ့ပြီးပါပြီ၊ နေ့လယ်ပိုင်း ကနေ ညနေပိုင်းအထိ ရွှေတိဂုံဘုရားကိုအချိန်ယူပြီး အေးအေး ဆေးဆေးဖူးမယ်လို့ စိတ်ကူးထားတယ်၊ အချိန်ရရင်တော့ ကလေးတွေကို ကစားကွင်းတစ်ခုခု လိုက်ပို့ဖို့စီစဉ်ထားပါ တယ်၊ ရန်ကုန်ကို မကြာခဏ ဘုရားဖူးလာဖြစ်ပါတယ်၊ လာတိုင်း လည်း ရွှေတိဂုံဘုရားကို အမြဲတမ်းဖူးဖြစ်ပါတယ်''ဟု ညောင်တုန်းမြို့နယ်မှ ဒေါ်မြင့်မြင့်ဌေးက ပြောသည်။
ရန်ကုန်မြို့၏ တန်ခိုးကြီးစေတီပုထိုးများ၌ ဘုရားဖူးများ ဖြင့် စည်ကားလျက်ရှိသည့်အပြင် ရန်ကုန်မြို့၏ အထင်ကရ နေရာများဖြစ်သော မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးပန်းခြံ၊ မြေပဒေသာကျွန်း၊ ပြည်သှူရင်ပြင် အပါအဝင် ကလေးကစားကွင်းများတွင်လည်း အနယ်နယ် အရပ်ရပ်မှ လာရောက်လည်ပတ်ကြသူများ၊ အပန်းဖြေအနား ယူကြသူများဖြင့် စည်ကားလျက်ရှိသည်။
ခရီးထွက်သူ များပြား
ရုံးပိတ်ရက် လေးရက်တာ ကာလနှင့်အညီ ရန်ကုန်မြို့နေ ပြည်သူများအနေဖြင့်လည်း မြန်မာပြည်တစ်ဝန်းရှိ စေတီ ပုထိုးများနှင့် အပန်းဖြေနေရာများကို သွားရောက်လည်ပတ် ကြရာ ပြည်တွင်းခရီးသွားလုပ်ငန်းများ အများစုတည်ရှိရာ ရန်ကုန်ဘူတာကြီးရှေ့ (အောင်ဆန်းအားကစားကွင်းတိုက်တန်း ရှေ့)၌ ယမန်နေ့ညပိုင်းက ဘုရားဖူးယာဉ်ဖြင့် ခရီးထွက်ကြသည့် ရန်ကုန်မြို့နေပြည်သူများလည်း အများအပြားရှိခဲ့သည်။
''ပထမတုန်းက ကော့သောင်းဘက်ကိုသွားမယ်လို့ စီစဉ် ထားတာ၊ အနားနီးမှ ကားလက်မှတ်မရတာကြောင့် ချောင်းသာ ပဲသွားဖို့စီစဉ်လိုက်ရတာပါ၊ ရုံးက သူငယ်ချင်းတွေနဲ့အတူ သွားတာဆိုတော့ ပျော်စရာကောင်းမှာပါ၊ အရင်တုန်းကတော့ မိဘတွေနဲ့အတူ ချောင်းသာကို နှစ်ခေါက်ရောက်ဖူးပါတယ်၊ အခုကတော့ ရုံးက သူငယ်ချင်းတွေနဲ့ဆိုတော့ အမှတ်တရ တွေပိုဖြစ်လိမ့်မယ်လို့ ထင်ပါတယ်၊ နောက်တစ်ခါခရီးထွက်ရင် တော့ ငပလီကိုသွားချင်တယ်''ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မှ မစိုးယုခိုင်က ပြောသည်။
အလားတူ စမ်းချောင်းမြို့နယ်မှ ကိုအောင်ဝင်းက ''ပုဂံ- ညောင်ဦး၊ ပုပ္ပား၊ ရွှေစက်တော်ကိုသွားမယ်၊ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ ရိုးရာအမွေအနှစ်တွေကို လေ့လာချင်လို့ပါ၊ အရင်တုန်းကတော့ အလုပ်ကိစ္စနဲ့ နှစ်ခေါက်လောက်ရောက် ဖူးပါတယ်၊ ဒီတစ်ခါတော့ ရုံးပိတ်ရက်လည်း ဖြစ်တဲ့အတွက် မိသားစုတွေပျော်ပျော်ပါးပါးသွားဖို့ ပုဂံ-ညောင်ဦးကို ရွေးချယ် ခဲ့တာပါ''ဟု သူ၏ခရီးစဉ်အပေါ် ပြောကြားသည်။
အာရှနဂါးခရီးသွားလုပ်ငန်းမှ ယာဉ်မောင်း ကိုဖုန်းက ''အခု ရုံးပိတ်ရက်မှာဆိုရင် အများစုကတော့ ငွေဆောင်နဲ့ ချောင်းသာကို သွားကြတာများပါတယ်၊ အရင်တုန်းကတော့ ကျိုက်ထီးရိုးဘုရားနဲ့ မြဝတီဘက်ကို သွားလည်ကြတာတွေ များပါတယ်၊ ကျွန်တော်တို့ကတော့ ဘုရားဖူးယာဉ်မောင်းတာ ဆိုတော့ ရန်ကုန်မြို့နေတဲ့ လူတော်တော်များများက ရုံးပိတ် ရက်များလေ ခရီးထွက်ကြတာများလေပါပဲ၊ ခရီးသွားလာမှု အခြေအနေကတော့ အရင်နှစ်တွေထက် ခရီးထွက်လူတွေ ပိုများလာတယ်လို့ထင်ပါတယ်''ဟု သူ၏ အမြင်ကို ပြောသည်။
အစုအဖွဲ့လိုက် တွေ့မြင်ရ
ရုံးပိတ်ရက်ခရီးစဉ်များကြောင့် ရန်ကုန်မြို့တွင်းလမ်းများ ဖြစ်သော ပြည်လမ်း (မြေနီကုန်းမှတ်တိုင်အနီး)၊ ကမာရွတ် မြို့နယ် (စိုက်ပျိုးရေးမှတ်တိုင်အနီး)၊ မရမ်းကုန်းမြို့နယ် (သမိုင်း လမ်းဆုံ အနီး) တို့၌ ညပိုင်းအချိန်များတွင် ဘုရားဖူးယာဉ်များကို စောင့်ဆိုင်းနေသည့် ရန်ကုန်မြို့နေပြည်သူများကို အစုအဖွဲ့ အလိုက် တွေ့မြင်နေရသည်။
ပြေပျောက်စေနိုင်
ယှဉ်ပြိုင်မှုများနှင့် တည်ဆောက်ထားသည့် ယနေ့ကမ္ဘာ တွင် အဆိုပါ အများပြည်သူရုံးပိတ်ရက်လေးရက်မှာ နိုင်ငံ့ ဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများအဖို့မှာမူ မိမိအတွက် သာမက မိသားစုဘဝအတွက်ပါ တန်ဖိုးကြီးမားကြမည်ဖြစ်ပြီး အချို့ကလည်း ရုံးပိတ်ရက်ကာလနှင့်အညီ မိမိတို့ကြိုတင် စီစဉ်ထားသော ရပ်ဝေးရပ်နီး ဘုရားဖူးခရီးစဉ်များ၊ အပန်းဖြေခရီးထွက်ခြင်းများပြုလုပ်ကာ ဒေသန္တရဗဟုသုတများကို ရှာဖွေကြခြင်းဖြင့် ဘဝအမောများကို တစ်ဖက်တစ်လမ်းက ပြေပျောက်စေနိုင်လိမ့်မည်ဖြစ်သည်။
ဇော်ကြီး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment