Latest News

Friday, March 2, 2018

ရေယာဉ် အတက်၊ အဆင်း ပြည်သူများ အန္တရာယ် ကင်းရှင်းစေရေး၊ စည်းကမ်းမဲ့ ဈေးသည်များ ရှင်းလင်းဖယ်ရှား ပေးစေလို

ရေယာဉ် အတက်၊  အဆင်း  ပြည်သူများ အန္တရာယ် ကင်းရှင်းစေရေး၊  စည်းကမ်းမဲ့ ဈေးသည်များ ရှင်းလင်းဖယ်ရှား ပေးစေလို

ရန်ကုန် မတ် ၁

ရန်ကုန်မြစ်အတွင်း     မကြာခဏဆို သလို စက်တပ်သမ္ဗန် နစ်မြုပ်မှုနှင့် ရန်ကုန်မြို့ (ပန်းဆိုးတန်း-ဒလ)   သင်္ဘောဆိပ်  ဗော တံတားနှင့်  သင်္ဘောအတက်၊ အဆင်းနေရာ တို့တွင်   သတိလွတ်ခြေချော်ပြီး မြစ်အတွင်း ၌ မကြာခဏပြုတ်ကျ၍ တာဝန်သိပြည်သူ အချို့နှင့် တာဝန်ရှိသူအချို့၏ အချိန်မီ    ကယ်ဆယ်လိုက်နိုင်ခြင်းကြောင့် အသက်ရှင် သူများရှိသလို၊ မြစ်ရေစီးသန်ခြင်းကြောင့် ရေနစ်မြုပ်ပြီး လူသေဆုံးမှုများလည်း ဖြစ်ပွား လျက်ရှိကြောင်းသိရသည်။

ထို့ကြောင့် သင်္ဘောရေယာဉ် အတက်၊ အဆင်းခရီးသည်မိဘပြည်သူများ အန္တရာယ် ကင်းရှင်းစေရေးအတွက် သင်္ဘောဆိပ်ခံ ဗောပေါ်နှင့် ရေယာဉ်ပေါ်တို့ရှိ ဈေးသည် များအား ဖယ်ရှားရှင်းလင်းပေးစေလိုကြောင်း လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပြည်သူများ၏ တောင်းဆိုမှုများ မကြာခဏ တွေ့မြင်နေရပေသည်။

ပန်းဆိုးတန်းဆိပ်ကမ်းနှင့် ဒလဆိပ်ကမ်းမှ တာဝန်ရှိသူများက သင်္ဘောဆိပ်ခံဗောပေါ်နှင့် ရေယာဉ်ပေါ်တို့တွင် ဈေးသည်များ မရောင်း ရန် သတိပေးကြေညာပြီး တားမြစ်ထားသော် လည်း၊ စည်းကမ်းမလိုက်နာမှုများကြောင့် ဆက်လက်ရောင်းချနေကြောင်းတွေ့ရသည်။

ဂျပန်နိုင်ငံမှ (လက်ဆောင်)ရရှိသည့် လှူဒါန်းထားသည့် ချယ်ရီ ၁၊ ချယ်ရီ ၂၊ ချယ်ရီ ၃ အမည်ရှိ ကူးတို့ သင်္ဘောကြီး သုံးစင်းတို့ဖြင့်  နံနက် ၅နာရီ မှ ည ၉နာရီခွဲထိ တစ်နေ့လျှင်  ၄၅  ခေါက်ဖြင့်   ရန်ကုန် (ပန်းဆိုးတန်း-ဒလ) ဘက်ကမ်းသို့ နေ့စဉ် ခရီးသွားပြည်သူများကို ပို့ဆောင်ပြေးဆွဲပေး လျက်ရှိရာ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံ ကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ခရီးသွားပြည်သူပေါင်း နှစ်သောင်းခွဲမှ သုံး သောင်းဝန်းကျင်တို့သည်    နေ့စဉ်နှင့်အမျှ အားထားသွားလာနေရသော အထူးစည်ကား ၍ အချက်အချာကျသည့် သင်္ဘောဆိပ်ကမ်း တစ်ခုပင်ဖြစ်ပေးသည်။

စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ နေ့စဉ် သွားလာနေသော ဒေသခံပြည်သူတစ်ဦးက ''ပန်းဆိုးတန်း ဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ပြေးဆွဲပေးလျက်ရှိတဲ့   ကူးတို့  ဆိပ်ခံဗော တံတားပေါ်၌ အထိုင်ဈေးသည်များ၊ သင်္ဘော ပေါ်တွင် ခေါင်းရွက်ဈေးသည်များ ရောင်းချ  တာကို နေ့စဉ်မြင်တွေ့နေရတယ်၊ သင်္ဘော အတက်၊ အဆင်းမှာ အခက်အခဲဖြစ်နေရ တယ်၊ ဒီလိုမျိုးဗောတံတားပေါ် အတက်၊  အဆင်း ပြုလုပ်ရာမှာ ခရီးသည်များ ပိတ်ဆို့ နေမှုကြောင့် တိုးဝှေ့သွားလာနေကြရတဲ့ အသက်ကြီးသူတွေ၊ အမျိုးသမီးငယ်များနှင့် ကလေးသူငယ်များအနေဖြင့် စိတ်အနှောင့် အယှက် ဖြစ်စေမှုတွေနဲ့ အသက်အန္တရာယ် ကြုံတွေ့နေရတယ်၊  ရေယာဉ်  အတက်၊ အဆင်း၌ ပြည်သူများ အန္တရာယ်ကင်းရှင်း စေဖို့ ဆိပ်ခံဗောတံတားပေါ်နှင့် သင်္ဘောပေါ် ရှိ ဈေးသည်များအား တာဝန်ရှိသူများမှ ထိရောက်စွာ ရှင်းလင်းဖယ်ရှားပေးစေလို ကြောင်း'' ¤င်း၏ အမြင်ကို ပြောကြားသည်။

ဒလမြို့နယ်အတွင်း ပုဂ္ဂလိကပိုင် ကူးတို့ သမ္ဗန်ဆိပ် ခြောက်ဆိပ်တို့၌  သမ္ဗန်အစင်း ပေါင်း ၃၃၁ စင်း၊ သမဝါယမအသင်းပိုင် ကူးတို့သမ္ဗန်ဆိပ် ငါးဆိပ်တို့၌ သမ္ဗန်အစင်း ပေါင်း ၁၆၇ စင်း၊ စုစုပေါင်း စက်တပ် သမ္ဗန် ပေါင်း ၄၉၈ စင်း၊ ချယ်ရီ ၁၊  ချယ်ရီ  ၂၊ ချယ်ရီ ၃ သင်္ဘောများဖြင့် ဒလဘက်ကမ်းမှ ရန်ကုန် ဘက်ကမ်းသို့ ခရီးသွားပြည်သူ များ စွာတို့အား ကူးတို့ပို့ဆောင်ပေးလျက်ရှိပြီး ဒလဘက်ကမ်း၌ ကုန်တင်အစင်း ၂ဝ ရှိ ကြောင်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။    နိုင်လင်းကျော်(ဒလ)​ကြေးမှုံ

No comments:

Post a Comment