Latest News

Saturday, March 3, 2018

အသက်(၁၃)နှစ်အရွယ် မိန်းခလေးငယ်တစ်ဦးအား တည်းခိုခန်းသို့ ခေါ်ယူ၍ သားမယား ပြုကျင့်ခဲ့သူနှင့် ကူညီပေးသူ ၃ ဦးအား အမှုဖွင့်


ပဲခူးမြို့မှ အသက်(၁၃)နှစ်အရွယ် ခုနှစ်တန်းကျောင်းသူ တစ်ဦးအား တည်းခိုခန်းသို့ ခေါ်ယူ၍ သားမယား ပြုကျင့်ခဲ့သူနှင့် တည်းခိုခန်းသို့ အခန်းငှားပေးခြင်း၊ လိုက်ပါပို့ဆောင်ပေးခဲ့ခြင်းတို့ ပြုလုပ်ပေးခဲ့သူ(၃)ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ပဲခူးမြို့ အမှတ်(၃) ရဲစခန်းမှ သိရှိရသည်။

ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်နေ (၁၃)နှစ်အရွယ် ခုနှစ်တန်းကျောင်းသူတစ်ဦးအား အသက်(၁၈)နှစ်အရွယ် အမျိုးသားတစ်ဦးမှ မတ်လ (၁)ရက်၌ ပဲခူးမြို့ရှိ တည်းခိုခန်းတစ်ခုကို ခေါ်ယူခဲ့ကာ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး မိဘများမှအဆိုပါ တည်းခိုခန်းသို့ သွားရောက်စုံစမ်းခဲ့ရာ အတူနေထိုင်သည်ကို တွေ့ရှိခဲ့ရသည့် အပြင် အခန်းငှားပေးခြင်း၊ လိုက်ပါပို့ဆောင်ပေးခြင်းများ ပြုလုပ်ပေးခဲ့သော သူငယ်ချင်း(၃)ဦးကိုလည်း သိရှိရသဖြင့် အရေးယူနိုင်ရေး ပဲခူးမြို့နယ်၊ အမှတ်(၃)ရဲစခန်း၌ မတ်လ(၂)ရက်က အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
“ခလေးမတွေရဲ့ မိဘဖြစ်သူတွေက ရွှေမော်ဓောဘုရားမှာ ဈေးရောင်းနေကြတာပါ။ နေ့လည်ပိုင်း ပြန်လာတော့ အိမ်မှာ ရှာမတွေ့တာနဲ့ စုံစမ်းကြည့်တော့ အနီးအနားရှိ တည်းခိုခန်းထဲခေါ်သွားကြောင်း သိရလို့ လိုက်လံ ပို့ဆောင်ပေးသူ ကောင်လေးရဲ့သူငယ်ချင်း(၃)ဦးကိုပါ အရေးယူဖို့ဆောင်ရွက်နေပါတယ်။ ကောင်လေးတွေက ကျပန်း လုပ်ကြတာပါ။”ဟု ပဲခူးမြို့၊ အမှတ်(၃)ရဲစခန်းမှ အမှုစစ် ရဲအုပ် ဆန်းဝင်းသန်းက ပြောသည်။

တည်းခိုခန်းသို့ခေါ်ယူကာ သားမယားပြုကျင့်ခဲ့သူနှင့် လိုက်ပါပို့ဆောင်ပေးသူ၊ အခန်းငှားပေးသူ(၃)ဦးတို့အား ပဲခူးမြို့နယ်၊ အမှတ် (၃)ရဲစခန်းမှ (ပ)၁၆၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၁၁၄ အရ အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

No comments:

Post a Comment