Latest News

Tuesday, March 13, 2018

တပေါင်း တန်ခူး ဝမ်းမနူးနှင့်

တပေါင်း တန်ခူး ဝမ်းမနူးနှင့်

ယခုရောက်ရှိနေသော အင်္ဂလိပ် မတ်လသည် ပြက္ခဒိန်ကြည့် လျှင် တပေါင်း-တန်ခူးဟူသော မြန်မာလနှင့် တွဲလျက်ရှိကြ သည်။ ခရစ်သက္ကရာဇ် ၂ဝ၁၈ ခုနှစ်ဟု သိကြသော်လည်း မြန်မာသက္ကရာဇ်  ၁၃၇၉  ခုနှစ်ကို  လူသိနည်းကြသည်။ သာသနာတော်နှစ်မှာ ၂၅၆၁ ဖြစ်သည်။ မြန်မာလူမျိုး ကျောင်း သားများကို မေးကြည့်လျှင် မြန်မာလ မြန်မာသက္ကရာဇ်ကို ပြောနိုင်သူမှာ အလွန်ရှားသွားပြီဖြစ်သည်။
ဥတုဘောဇန သင်္ဂဟကျမ်းအလို ဝသ္တဥတု။     ။ တပေါင်း၊ တန်ခူးလတို့သည် ဝသ္တဥတုမည်၏။ လောကသည် စဉ်းငယ် ပူ၏။ ကောင်းကင်ကြည်လင်၏။ အရွက်နုတို့ဖြင့် သစ်ပင်တို့ သည် တင့်တယ်ကုန်၏။ ပေါက်၊ ချရား၊ သော်က၊ သရဖီ အစ ရှိသော ပန်းတို့သည် ပွင့်ကုန်၏။ ဥသြငှက်၊ ပျား၊ ပိတုန်းတို့ဖြင့်ြ>ွပမ်းကုန်၏။
တောင်လေလာ၏။ သလိပ်ပျက်၏။ လောက မခြောက်၊ ချိုဆိမ့်သောအရသာရှိသော အမြစ်၊ အရွက်၊ အသီးမျိုး အား ရှိ၏။ အချို၊ အဆိမ့်၊ အဖန်၊ အေးသော၊ ကြေခဲသောအစာ၊ နေ့၌အိပ်ခြင်း၊ တက်သောအစာတို့ကို ကြဉ်ရှောင်အပ်ကုန်၏။
အပင်ပန်းခံခြင်း၊ နှိပ်နယ်ခြင်း၊ အခိုးသောက်ခြင်း၊ ချဉ်စပ် သောအရသာရှိသည့် အရည်တို့နှင့် လုတ်ဆေးခြင်း၊ မျက်စဉ်း ခတ်ခြင်း၊ နှာနှပ်ခြင်း၊ သလိပ်ထွက်အောင် အန်ဆေးတိုက်ခြင်း တို့ကို  ရှောင်အပ်၏။ ကြစုသီးနှင့် ပျားရည်၊  ကြည်းကုန်း၌ ကျက်စားသော သားငှက်တို့၏အသား၊ ထောပတ်သုတ်၍ ကင် သော အသား၊ စိမ့်စမ်းရေ၊ တံခွန်ရေတို့ကို မှီဝဲသုံးဆောင်အပ် ကုန်၏။ ကရမက်၊ ပရုတ်၊ သားလှကျေးဇူးတို့ကို လိမ်းကျံအပ် ကုန်၏။ ကြေလွယ်၍ သလိပ်ကိုနိုင်သော အစပ်၊ အပူ၊ အငန်၊ အခါး အရသာတို့ကို စားအပ်ကုန်၏။ ချိပ်၊ ဆူးပန်း၊ ပိန္နဲအစ ရှိသော ဖန်ရည်တို့ဖြင့် ဆိုးအပ်သော စောင်၊ ပုဆိုးတို့ကို ဝတ်ရုံ အပ်ကုန်၏။
ဝသ္တဥတု(တပေါင်း၊ တန်ခူး)နှင့် ဝဿာနဥတု (ဝါဆို၊ ဝါခေါင်) လွဲမှားတတ်သည်။ အမှတ်မမှားရန်လိုသည်။
၁။  ဝဿာနဥတု၌ ညနေဆည်းဆာအခါ လေပျက်၏။
၂။  သရဒဥတု၌ သန်းခေါင်အခါ သည်းခြေပျက်၏။
၃။  သိသရဥတု၌ ညဥ့်အဆုံး လေပျက်၏။
၎။  ဝသ္တဥတု၌ နံနက်အခါ လေပျက်၏။
၅။  ဂိမှဥတု၌ မွန်းတည့်အခါ သည်းခြေပျက်၏။
ဆေးပညာ ဥပဒေသအားဖြင့် နံနက်ပိုင်းသည် သလိပ်ချိန်၊ နေ့လယ်ချိန်သည် သည်းခြေချိန်၊ ညနေပိုင်းသည် လေချိန် ဖြစ်သည်။ ဝသ္တဥတု၌ နံနက်အခါ သလိပ်ပျက်၏ဟုဆိုသော ကြောင့် ယခုမတ်လတွင် နံနက်စောစော အိပ်ရာထချိန်များ တွင် လူကြီးများမှာ အအေးပပ်သလိုဖြစ်ပြီး သလိပ်ထွက်ခြင်း၊ သလိပ်ထွေးရခြင်း၊  နံနက်စောစော  အစာမစားချင်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ ဖြစ်တတ်သည်။
ဝမ်းပျက် ဝမ်းလျှောခြင်း
နံနက်အိပ်ရာထတွင်  သလိပ်ပွ  အထက်ဆန်ပြီး  ဝမ်းချုပ် ခြင်းကြောင့် လူကြီးများ ဝမ်းနုတ်ဆေးစားလေ့ရှိသည်။ ဝမ်း နုတ်မှားလျှင် ဝမ်းလျှော၊ ဝမ်းပျက် ရောဂါဖြစ်ပြီး ဆေးခန်း၊ ဆေးရုံရောက်ရသူများရှိသည်။ နွေဦး လေရူးနှင့် ဝမ်းနူးစာ ကြောင့်လည်း ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်တတ်သဖြင့် သတိထား ရမည့် ရာသီဖြစ်သည်။
ဝမ်းနုတ်ဆေးမဟုတ် ဝမ်းမှန်ဆေးဟုဆိုကာ မန်ကျည်းသီး၊ ရှောက်သီး၊ ရှောက်ခါးသီး စားနေကြသူများပင် တောင်လေတိုက်သော ရာသီတွင် သလိပ်ပွပြီး ဝမ်းချုပ်သဖြင့် မိမိစား နေကျ ဝမ်းမှန်ဆေးကို ပို၍ စားခြင်း၊ နှစ်ဆတိုးစားခြင်း ပြုလုပ် ပြီး ဝမ်းမထိန်းနိုင်သောကြောင့် ဒုက္ခရောက်ရသူများကို တွေ့ရှိ ရသည်။ အချို၊ အဆိမ့်၊ အဖန်၊ အအေးကြိုက်သူများ၊ တက်စာ စားသူများ၊ နေ့၌အိပ်သူများ၊ ဝမ်းနုတ်ဆေးစားသူများသည် တပေါင်း၊ တန်ခူး နှစ်လတွင် ဘေးတွေ့တတ်သဖြင့် ဆင်ခြင် စားသောက်နေထိုင်အပ်သည်။
တပေါင်း၊တန်ခူးလတွင် ရေစိမ်းသောက်ခြင်းထက် ကျိုချက် ပြီးရေကျက်အေးကို မြေအိုး၊ သဲပါသော စိမ့်အိုးတို့တွင် ထည့် ၍သောက်ခြင်းဖြင့် အပူငြိမ်းစေသည်။ မန်ကျည်းမှည့်ဖြင့် ချက် သော ကန်စွန်းရွက်ချဉ်ရည်ဟင်း၊ ရှောက်သီးဖြင့်ချက်သော ကင်မွန်းချဉ်ရွက်ချဉ်ရည်ဟင်း၊ ပြည်ပန်းညိုရွက်ဟင်းချို၊ မန် ကျည်းရွက်နုချဉ်ရည်ဟင်း၊ ထနောင်းရွက်၊ ထနောင်းဖူးသုပ် တို့သည် ယခုရာသီနှင့်သင့်တော်သော ဓာတ်စာများ ဖြစ်ပါ သည်။
တပေါင်း၊  တန်ခူးတွင်   အဖြစ်များသော  ရောဂါများမှာ  အစာမကြေရောဂါနှင့် ဝမ်းကိုက်ရောဂါတို့ ဖြစ်သည်။
အစာမကြေရောဂါအတွက် ဝမ်းမီးတောက်ဆေး
ဤဆေးကို အစာဖျက်ဆေးဟုလည်းခေါ်သည်။ ကောက် ညှင်း၊ ခေါပုတ်၊ ဆန်စီး၊ ရှမ်းဆန်စသည့် ကြေခဲသောအစာ များကို များများစားမိသောအခါ ရင်တောင့်ပြီး အစာမကြေဖြစ် တတ်သည်။ ထိုအခါမျိုးတွင် ဝမ်းမီးတောက်ဆေးကို အစာ ကြေဆေးအဖြစ် သောက်သုံးနိုင်သည်။ တစ်ခါတစ်ရံ တွဲဖက်၍ မစားသင့်သော အစာများကို အမှတ်တမဲ့စားမိသဖြင့် ပျို့အန် ချင်ဖြစ်သောအခါများတွင် ဤဆေးကို အစားမှား အစာဖျက် ဆေးအဖြစ် သုံးစွဲလျှင် လူကို ဘေးဥပဒ်မပေးဘဲ အစာကြေ သွားစေနိုင်သဖြင့် အိမ်တိုင်းဖော်ထားသင့်သော သက်စောင့် ဆေးမျိုးဖြစ်သည်။
မြန်မာလူမျိုးတို့သည် မစားသင့်သောအစာကို စားမိလျှင် တောက်သည်ဟုခေါ်သည်။   အော့ချင်   အန်ချင်ဖြစ်ခြင်း၊ တစ်ကိုယ်လုံး ပူလာ ယားလာခြင်း၊ မျက်နှာများနီရဲလာခြင်းကို တောက်သည်ဟု ခေါ်သည်။ အစာအဆိပ်သင့်ခြင်းပင် ဖြစ် သည်။ ထိုကဲ့သို့ဖြစ်လျှင် ဝမ်းမီးတောက်ဆေးကို လျင်မြန်စွာ သောက်ခြင်းဖြင့် အသက်ကယ်နိုင်သည်။ ဆေးကို လျှာတွင် ပွတ်ပေးပြီး အန်အောင်ပြုလုပ်ခြင်းဖြင့်လည်း ကယ်နိုင်သည်။
ဥတုဘောဇနသင်္ဂဟကျမ်း  (ဆန့်ကျင်ဘက်  အစာဖြေ ကဏ္ဍ)တွင်  မသင့်တင့်သောအစာကို  စားမိလျှင်  စားပြီးစ အစာသစ်အိမ်တွင် အစာရှိခိုက်ဖြစ်လျှင် အန်ဆေးတိုက်ရမည်။ အူတွင်း  အစာဟောင်းအိမ်သို့ရောက်လျှင်   ဝမ်းနုတ်ဆေး တိုက်ရမည်။ ထို့နောက် သကြား၊ သာဂူ၊ နွားနို့များ ပေးရမည်။ ကြက်ဥအစိမ်းကိုသော်လည်းပေးရမည်။ မြေပုံခရမ်းမြစ်ပြုတ် ရည်ကိုသော်လည်း တိုက်ရမည်ဟု ဖော်ပြထားသည်ကို တွေ့ရ သည်။
အစားမှားခြင်းသည် အမှတ်မထင်ဖြစ်လေ့ရှိသဖြင့် အိမ် တိုင်းတွင် ဆေးကိုကြိုတင်ဆောင်ထားသင့်သည်။ အရပ်ပြော အားဖြင့် မတည့်သောအစာများမှာ မင်းကွတ်သီးနှင့် သကြား၊ စိမ်းစားဥနှင့် ချောကလက်ချိုချဉ်၊ ဘဲဥနှင့် ဖရဲသီး၊ နို့ချဉ်နှင့် ဝက်သား၊ မှိုနှင့် ဆူးပုပ်ရွက်၊ ချင်းသုပ်နှင့် သင်္ဘောသီးမှည့်၊ ပန်းသီးနှင့် သနပ်ခါး စသည်ဖြင့် အပြောများကြသည်။ ကိုယ် တွေ့မကြုံသော်လည်း တစ်ဆင့်စကားဖြင့်ပင် ရှောင်ကြဉ်ကြ သည်။
ဥတုဘောဇနသင်္ဂဟကျမ်းမှ  ဆန့်ကျင်ဘက်  အစာကို ပြခြင်း ကဏ္ဍတွင် သဘာဝဆန့်ကျင်ဘက်အဖြစ် အစာလွန်မှ စားခြင်း၊ အလွန်ကောင်းလွန်းသောအစာကို စားခြင်း၊ အလွန် ထက်လွန်းသောအစာကို စားခြင်း၊ အရသာမရှိသောအစာကို စားခြင်း၊ ပုပ်သိုးသောအစာကို စားခြင်း၊ အလွန်ပူသော ထမင်း ဟင်း၊  ရေနွေးတို့ကို သောက်စားခြင်း၊ မိမိနှင့်မသင့်သော အစာတို့ကို စားသောက်ခြင်းဟု ဖော်ပြထားသည်။ ထိုသို့ စား သောက်ခြင်းကြောင့် ဝမ်းမီးပျက်သောရောဂါ ရနိုင်ပေသည်။
ဝမ်းမီးတောက်ဆေးနည်းမှာ-
(၁)  ဇီယာ ၁ ကျပ်သား
(၂)  နွယ်ချို ၁ ကျပ်သား
(၃)  ဇာတိပ္ဖိုသီး    ၁ ကျပ်သား
(၄)  လေးညှင်းပွင့်  ၁ ကျပ်သား
(၅)  ဥသျှစ်သီး ၁ ကျပ်သား
(၆)  ပဉကာနီသီး ၁ ကျပ်သား
(၇)  သလဲခွံ ၁ ကျပ်သား
(၈)  ဆေးပုစွန်ထုပ်  ၁ ကျပ်သား
(၉)  သစ်ကြံပိုး  ၁ ကျပ်သား
                         (စုစုပေါင်းဆေးချိန် ၉ ကျပ်သား)
အစာမကြေခြင်း၊ အစာမှားခြင်း၊ ဝမ်းရင်ပြည့် ရင်ကယ် ခြင်းဖြစ်ပါက ရေနွေးဖြင့်သောက်ပါ။ လေထိုးလေအောင့် ဖြစ် လျှင် သိန္ဓောဆားစပ်၍ ရေနွေးဖြင့်သောက်ပါ။ ဝမ်းချုပ်လျှင် ဆားလှော်ထည့်၍ သောက်ပါ။ မီးယပ်သွေးငုပ်လျှင် ချင်း၊ ထန်းလျက်ပြုတ်ရည်ဖြင့်၊ ညှော်မိလျှင် ကွမ်းရွက်ပြုတ်ရည်ဖြင့် သောက်ပါ။  လူကြီး  နှစ်ပဲသား(မန်ကျည်းစေ့  နှစ်စေ့ခန့်)၊ ကလေး တစ်ပဲသား(မန်ကျည်းစေ့ တစ်စေ့ခန့်) သောက်သုံး နိုင်ပါသည်။
ဝမ်းကိုက်ရောဂါနှင့် ဆေးမြီးတို
ဝမ်းကိုက်ရောဂါသည် လေတိုက်သောရာသီတွင် အဖြစ် များသည်။ အပူအစပ်နှင့် အချဉ်ဖောက်ထားသောအစာ၊ ပြန် နွှေးသောအစာ၊  မသန့်ရှင်းသော  လက်လုပ်ချဉ်များ၊  ရေ ကောင်းစွာ  မဆေးသော  အသီးအရွက်များကို ချက်ပြုတ် ရောင်းချသည့် အစားအသောက်ဆိုင်များ၊ လမ်းဘေးဖုန်ထူ သည့်နေရာ၊ မသန့်ရှင်းသောနေရာများတွင် ရောင်းချသည့် အစားအသောက်များကို  စားပြီးနောက်  ဦးစွာ  ဝမ်းလျှော သည့်ရောဂါ ရတတ်သည်။
စာရေးသူ၏မိတ်ဆွေတစ်ဦးသည် အိမ်မှအစားအသောက် များကို ငြီးငွေ့၍ ခံတွင်းလိုက်စေရန် လမ်းဘေးတွင်ရောင်းချ သော မာလာဟင်းဆိုင်တစ်ဆိုင်မှ မာလာဟင်းခေါ် အရွက် ပေါင်းစုံကို ကြာစွယ်၊ ကြာဆံ၊ အစပ်အချဉ်များဖြင့် ချက်ထား သောဟင်းကို စားပြီးနောက် ညအိပ်ရာဝင်ချိန်တွင် ဝမ်းဗိုက် နာလာပြီး တစ်ညလုံးဝမ်းလျှောသည်။ ဝမ်းပိတ်စေရန် လက်ဖက် ခြောက်နှင့် ဆားကိုလှော်ပြီး အဖန်ရည်လုပ်သောက်ခြင်းအား ဖြင့်  ဝမ်းအရည်များသွားခြင်းမှ  ရပ်သွားခဲ့သည်။ နောက် တစ်နေ့တွင် ဗိုက်ထဲမှရစ်နာပြီး အိမ်သာသွားလိုစိတ် မကြာ ခဏ ဖြစ်သည်။ ဝမ်းမလျှောဘဲ ဝမ်းကိုက်မှု ကျန်နေခြင်းဖြစ် သည်။  ကျောင်းသားလေးတစ်ဦးမှာ   ဝက်သားတုတ်ထိုး အလွန်ကြိုက်သည်။ အချို့ ဝက်သားတုတ်ထိုးဆိုင်များသည် တစ်နေ့စာရောင်းချ၍မကုန်သော ဝက်သားတုတ်ထိုးများကို အကြိမ်ကြိမ်   အဖန်ဖန်  ပြန်နွှေး၍   ရောင်းချသောကြောင့် ဝမ်းကိုက်ရောဂါရရှိသည်။ ဝက်သားအဆီနှင့် အခေါက်တွင် ပါရှိသော သန်ဥနှင့် ဝမ်းကိုက်ပိုး စွဲကပ်လျှင် သာမန်မဟုတ်ဘဲ သွေးဝမ်းကိုက်ရောဂါအထိ ဖြစ်တတ်သည်။ ထိုကျောင်းသား လေးသည်  ဝမ်းကိုက်ပိုးကို  သေချာပျောက်ကင်းအောင် မကုသဖြင့် အသည်းသို့ ဝမ်းကိုက်ပိုးရောဂါဖြင့် ဆေးရုံတက်ပြီး ခက်ခဲစွာ ကုသရသည်ဟုဆိုသည်။
ဝမ်းကိုက်ရောဂါသည်  (၁) လေဝမ်းကိုက်(၂) အပုပ်ဝမ်းကိုက်  (၃) သွေးဝမ်းကိုက်  (၄) ပိုးဝမ်းကိုက်  ဟူ၍ အမျိုးအစားများစွာ တွေ့ရသည်။ မြန်မာ့ရိုးရာကုထုံး ဆေးမြီးတိုဖြင့် စောစီးစွာကုသ လျှင် အဆင့်မြင့် ဝမ်းကိုက်ရောဂါမဖြစ်မီ သက်သာပျောက်ကင်း နိုင်မည်။ စာရေးသူကိုယ်တိုင် တက္ကသိုလ်ကျောင်းသားဘဝက ဝမ်းကိုက်ဖူးသည်။ အင်္ဂလိပ်ဆေးအပြင်းတစ်မျိုးကိုသောက်၍ သက်သာသွားပြီးမှ ခေါင်းမူး၍ ဆက်မသောက်ဘဲနေရာမှ ဝမ်း ပြန်ကိုက်ခဲ့သည်။ သွေးစသွေးနပါလာရာ လက်ထုတ်ကြီးခေါက် ကို ပြုတ်သောက်ရာမှ နောက်ဆုံးပျောက်ကင်းခဲ့သည်။
ဝမ်းကိုက်ပျောက်စေနိုင်သော  ဓာတ်စာနှင့်  ဆေးမြီးတို များမှာ-
(၁) ကြက်သွန်ဖြူနှင့် ထန်းလျက်ကို နှမ်းဆီဖြင့် ကြော်စားပါ။
(၂) ထားဝယ်မှိုင်းရွက်ကို   မြေပဲဆန်နှင့်   ကြက်သွန်ဖြူ၊ ကြက်သွန်နီရောပြီး သုပ်စားပါ။
(၃) မီးကွင်းဂမုန်းရွက်ကို သုပ်စားပါ။
(၄) ပဲကြီးလှော်ကို နှမ်းဆီနှင့်ကြော်ပြီး ကြက်သွန်ဖြူနိုင်နိုင် ဖြင့် သုပ်စားပါ။
(၅) ဘဲဥပြုတ်ကို ထမင်းပူပူဖြင့် ဆီဆမ်းစားပါ။ ဟင်းမပါဘဲ တစ်မျိုးတည်း နှစ်ရက်သုံးရက် ဆက်စားပါ။
(၆) ဝမ်းကိုက်ချိန်တွင် အစာဖြတ်ပြီး သိပ်ဆာလာမှ နွားနို့ပူပူ ကို ဆားအနည်းငယ်ခတ်၍ သောက်ပါ။
(၇) ကြက်ဟင်းခါးသီးကို ပုစွန်တုပ်ရရ၊ ပုစွန်ဆိတ်ရရ ရော ကြော်၍စားပါ။
ကြက်ဟင်းခါးသီးကို မခါးအောင် ဆားရည်မစိမ်ပါနှင့်။ အကွင်းလိုက်လှီးထားပြီး ရိုးရိုး ရေစိမ်ထားပါ။ ကြော်ခါနီးတွင် ရေတစ်ထပ်ပြန်ဆေးပြီး  သံဒယ်အိုးမှာ  ဟင်းအနှစ်နိုင်နိုင်  ဆီများများနှင့်ကြော်ပါ။   သိပ်မမွှေပါနှင့်။   ကြက်ဟင်းခါး သီးမှာ  မွှေလေခါးလေဖြစ်သည်။ အထက်အောက်လှန်တာပဲ ပြုလုပ်ပေးပါ။  ဝမ်းကိုက်ပျောက်စေပါသည်။ (တိုင်းရင်းမေ မေမေပွင့်နည်း) (တိုင်းရင်းမေ ၁၅၊ ၆၊ ၅၈)
အထက်ပါနည်းများမှာ  လွယ်ကူ၍ လက်တွေ့ ဝမ်းကိုက် ရောဂါပျောက်စေသည့် ဆေးမြီးတိုနည်းများ ဖြစ်ပါသည်။   ။
ကြည်လွင်မြင့် (မုဒြာ)    

No comments:

Post a Comment