နေပြည်တော် ဖေဖော်ဝါရီ ၁၉
၂ဝ၁၈ ခုနှစ် မတ် ၇ ရက်မှ ၁၆ ရက်အထိကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity Card) များကို ယနေ့မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနမှ သိရသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနအသီးသီး၌ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို ဖြေဆိုခွင့်လျှောက်ထားသော အခြေခံပညာ အထက်တန်း ကျောင်းများမှ ကျောင်းအုပ်ကြီး များထံတွင် လည်းကောင်း၊ အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းခွဲနှင့် တွဲဖက်ကျောင်းများ၊ ကိုယ်ပိုင် အထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများသည် စာရင်းသွင်းထားသည့် ကျောင်း အုပ်ကြီးများ ထံတွင်လည်းကောင်း၊ ပြင်ပမှဖြေဆိုသူ များသည် မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ် ရေးမှူးများထံတွင် လည်းကောင်း ထုတ်ယူရမည်ဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူ များအား ဘာသာတွဲအလိုက် အစိမ်းရောင်ဖြေဆိုခွင့် ကတ်ပြားနှင့် ပန်းရောင်ဖြေဆိုခွင့် ကတ်ပြားများ ထုတ်ပေးမည်ဖြစ်ပြီး စာမေးပွဲ ဖြေဆိုမည့် ပထမဆုံး ရက်တွင် ဖြေဆိုခွင့် ကတ်ပြားကို စာမေးပွဲခန်းအတွင်း တစ်ပါတည်း ယူဆောင် လာရမည်ဖြစ်သည်။
၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၇ ရက်တွင် မြန်မာစာ၊ မတ် ၈ ရက်တွင် အင်္ဂလိပ်စာ၊ မတ် ၉ ရက်တွင် သင်္ချာ၊ မတ် ၁၂ ရက်တွင် ဓာတုဗေဒနှင့် စိတ်ကြိုက်မြန်မာစာ၊ မတ် ၁၃ ရက်တွင် ရူပဗေဒ၊ မတ် ၁၄ ရက်တွင် ဇီဝဗေဒနှင့်ဘောဂဗေဒ၊ မတ် ၁၅ ရက်တွင် ပထဝီဝင်၊ မတ် ၁၆ ရက်တွင် သမိုင်းဘာသာ ရပ်တို့ကို နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Identity Card) များထုတ်ယူ ရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ မြို့နယ် ပညာရေး မှူးများနှင့် မြန်မာနိုင်ငံစာစစ် ဦးစီးဌာန တို့ထံ တိုက်ရိုက်စုံစမ်း မေးမြန်းနိုင်ကြောင်းသိရသည်။မြ၀တီ
No comments:
Post a Comment