Latest News

Sunday, February 4, 2018

မြိတ်မြို့၌ ကွမ်းသီးခြောက်ဈေးနှုန်းကောင်းသဖြင့် ကွမ်းသီးပင်စိုက်ပျိုးသူများလာ

မြိတ်မြို့၌ ကွမ်းသီးခြောက်ဈေးနှုန်းကောင်းသဖြင့် ကွမ်းသီးပင်စိုက်ပျိုးသူများလာ

မြိတ်  ဖေဖော်ဝါရီ  ၃

ကွမ်းသီးခြောက်ဈေးနှုန်းကောင်းရရှိနေ ခြင်းကြောင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိကျေးရွာများ၌ ယခုနှစ်အတွင်း နှစ်ရှည် ကွမ်းသီးပင်စိုက်ပျိုးသူ များပြားလာကြောင်း မြိတ်မြို့နယ်  ကျေးရွာများရှိ  ကွမ်းသီးပင် စိုက်ပျိုးသူများထံမှ သိရသည်။

မြိတ်မြို့နယ်ရှိ ကျေးရွာများ၌ ယခင်နှစ် များက စီးပွားဖြစ်ဒေသလုပ်ငန်းနှစ်ရှည်ပင် ရော်ဘာစိုက်ပျိုးရေးလုပ် ငန်းကိုသာ အဓိက အားထား၍ အများဆုံးလုပ်ကိုင်ကြပြီး ကွမ်းသီးပင်စိုက်ပျိုးသူနည်းပါးကာ ယခင်ကစိုက်ပျိုး ထားသောအပင်ဟောင်းများဖြင့် လုပ်ကိုင် နေကြသူများသာရှိသည်။ လက်ရှိတွင် ကွမ်းသီးခြောက်ဈေးနှုန်း ပိုမိုရရှိနေ သည့်အတွက် တစ်ပိုင်တစ်နိုင်   ကွမ်းသီးပင်စိုက်ပျိုးသူ များပြားလာခြင်းဖြစ်သည်။

မြိတ်မြို့နယ်ကျေးရွာများရှိ ဒေသခံများ သည် ကွမ်းသီးပင်များကို မြေနိမ့်ပိုင်း၊ တောတောင်မြေ၊ ဖုန်းဆိုးမြေ၊ တောင်မြေရိုင်းများ နှင့် ဥယျာဉ်ခြံမြေများ၌ အများဆုံးစိုက်ပျိုး ကြပြီး အချို့သည်ကွမ်းသီးပင်များကို ရော်ဘာ ပင်ငယ်များစိုက်ပျိုးထားသည့်လိုင်းများကြား ၌ စိုက်ပျိုးကြသည်။

ထို့ပြင် ကွမ်းသီးပင်များ ကို မြေဧက ၅ဝ၊ ၇ဝ ကျော်နီးပါးတိုးချဲ့ စိုက်ပျိုးကြသူများလည်းရှိပြီး မိရိုးဖလာပိုင် ဥယျာဉ်ခြံ၊ တောင်ယာမြေများ၌ တစ်ပိုင် တစ်နိုင်စိုက်ပျိုးကြသူများလည်း  ရှိသည်။   ကွမ်းသီးမျိုးပင်ငယ် စစိုက်ပျိုးသည့်အချိန်မှ  ခုနစ်နှစ်၊ ရှစ်နှစ်အတွင်း အသီးများသီးနိုင်ပြီး  ကွမ်းသီးများရင့် မှည့်ချိန်တွင် ကောက်ယူနိုင်သည်။

မြိတ်မြို့နယ်၌ ကွမ်းသီးပင်များကို ပပြင်၊ အလယ်ချောင်း၊ ပသွေး၊ ပတောက်၊ ပင်းအို၊သဘွတ်၊ လော့လော့၊ ကျောက်ဖြူ၊ ငါးအင်း၊ မဇောမရင်း၊ ခုံမော်၊ တုန်းဗျော၊ တပ်တောင် စသည့်ကျေးရွာတို့၌ ပိုမိုတိုးချဲ့စိုက်ပျိုးလာ ကြကြောင်း ကွမ်းသီးပင်စိုက်ပျိုး လုပ်ကိုင်ကြသူများထံမှ သိရသည်။(MWD)

No comments:

Post a Comment