Latest News

Tuesday, February 27, 2018

မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း မြန်မာ့ကြယ်လိပ် အကောင် ၃ဝဝ ဘေးမဲ့ပြန်လွှတ်

မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း    မြန်မာ့ကြယ်လိပ် အကောင် ၃ဝဝ ဘေးမဲ့ပြန်လွှတ်

နွားထိုးကြီး ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး    နွားထိုးကြီးမြို့နယ် မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် မြန်မာ့ကြယ်လိပ် အကောင် ၃ဝဝ ကို သဘာဝတောထဲသို့ စတုတ္ထအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂၄ ရက်က ပြန်လည်လွှတ်ပေးခဲ့သည်။

မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ၂ဝ၁၃ ခုနှစ်က ပထမဦးဆုံးအကြိမ်အဖြစ် သဘာဝတော အတွင်းကို  မြန်မာ့ကြယ်လိပ်  ၁၅ဝ စတင်၍ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ သဘာဝတောအတွင်းကို      ဒုတိယအကြိမ် ပြန်လွှတ်ခြင်းတွင် မြန်မာ့ကြယ်လိပ် အကောင် ၃ဝဝ၊ တတိယအကြိမ် ပြန်လွှတ်ခြင်းတွင် အကောင် ၃ဝဝ နှင့် စတုတ္ထအကြိမ်    ပြန်လွှတ်ရာတွင် အကောင် ၃ဝဝ တို့ကို ညင်သာစွာ စေလွှတ်ခြင်း အစီအစဉ်ဖြင့် (Soft released) ဘေးမဲ့လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်    မင်းစုံတောင်    တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် မြန်မာ့ကြယ်လိပ် စုစုပေါင်း အကောင် ၁ဝ၅ဝ ကို သဘာဝတောထဲသို့ အောင်မြင်စွာ ပြန်လွှတ်နိုင်ခဲ့ပြီးဖြစ်သည်။

၂ဝ၁၃ ခုနှစ်မှ စတင်၍ မင်းစုံတောင်ဘေးမဲ့တောထဲသို့ ပြန်လွှတ်ခဲ့ရာတွင် ၉၇ ရာခိုင်နှုန်းမှာ အောင်မြင်ပြီး ခုနစ် ရာခိုင်နှုန်းမှာ သဘာဝတောထဲတွင် သားပေါက်ကြောင်း သုတေသနပြုလုပ် ချက်များအရ သိရသည်။

ဇန်နဝါရီလတွင်လည်း ရွှေစက်တော်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောထဲကို ညင်သာစွာ စေလွှတ်ခြင်း အစီအစဉ်ဖြင့် ကြယ်လိပ် ၉ဝဝ ကို ပြန်လွှတ်ခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် ရှားပါးမြန်မာ့ ကြယ်လိပ်များကို ၁၄ဝဝဝ ကျော်အထိ အောင်မြင်စွာ သားဖောက်မွေးမြူ၍ ထိန်းသိမ်းထားနိုင်ပြီဖြစ်သည်။

မြန်မာ့ကြယ်လိပ် ဘေးမဲ့လွှတ်ပွဲကို သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်  ဆက်စပ်ဌာနဆိုင်ရာများ၊ မင်းစုံတောင် တောရိုင်းတိရစ္ဆာန်     ဘေးမဲ့တောမှအုပ်ချုပ်ရေးမှူး ဒေါ်လေးလေးခိုင်နှင့်ဝန်ထမ်းများ၊ သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)၊ လိပ်မျိုး ဆက် ရှင်သန်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ညီတူး(​ကြေးမှုံ)

No comments:

Post a Comment