Latest News

Monday, February 19, 2018

ပုန်းမကြည်မ သူကြွယ်မ စိုက်ထားသမျှ အထွက်တိုးအောင် ပွားအောင် လုပ်လိုက်ပါတော်

ပုန်းမကြည်မ သူကြွယ်မ စိုက်ထားသမျှ အထွက်တိုးအောင်
ပွားအောင် လုပ်လိုက်ပါတော်

ညနေက ကစားရာမှအပြန်  အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် မုန့်မှုန့်ဗန်းတွေ့၍  အမေ့ကိုမေးကြည့်ရာ  မနက်ဖြန် ပုန်းမကြည်တင်ဖို့ မုန့်လုပ်မလို့လေဟု ပြောကတည်းက ဒီညပျော်အောင် မအိပ်တော့ဟု ဆုံးဖြတ်ခဲ့သည်။ အခုလို တပေါင်းလဆန်း ၃ ရက်နေ့ ရောက်ပြီဆိုရင် မိမိတို့ စိုက်ပျိုးထားသော သီးနှံများ အထွက်ကောင်းဖို့၊ ကျီများ၌ သိုလှောင်ပြီးသော  သီးနှံများပွားများဖို့ဟု ရည်ရွယ်၍ ပုန်းမကြည်နတ်ကို ခဲဖွယ်ဘောဇဉ်တို့ဖြင့် တင်ရ၊ ပသရ သည်ဟု အဘိုးပြောခဲ့သည်ကို ပြန်၍သတိရမိသည်။

မီးဖိုထဲလှန်းကြည့်လိုက်ရာ မမသည် ထန်းလျက်ရည် ကျိုနေသည်။ မမအနားကပ်သွား၍  မနက်ကျသားက       ကြက်သွန်ခင်းသွားတင်မှာဟု ပုန်းမကြည်တင်ဖို့ အခင်းဦး လိုက်သေးသည်။ ညီမလေးက မီးကူထိုးပေးနေသည်။ အစ်ကိုကြီးက အမေမုန့်နယ်ရန် ရေကျက်အေးအိုး လာမ သည်။ အမေမုန့်နယ်ရာသို့ သွားကြည့်ပြန်သည်။ ပါးစပ် ကလည်း ဟိုမေးဒီမေး စပ်စုရင်းနယ်နေသော မုန့်ဖတ်လုံး ကို လက်ဖြင့်တို့ကြည့်ရန်ပြင်သောအခါ ကောင်လေးလက် မဆေးဘဲနဲ့ဟု အော်သဖြင့် မတို့ထိလိုက်ရ။

ကြည့်နေရင်း ဗိုက်ကဆာလာသဖြင့် လက်သွားဆေး ကာ ထမင်းခဲကို လက်ကကိုင်လျက် အမေ့နားသို့ပြန်လာ ခဲ့၏။  မုန့်အဖြူနယ်လုံးပြီးသွားတော့  အနီမုန့်နယ်ရန်        အတွက်စပြန်သည်။ မမသည် ထန်းလျက်ရည်များကို လောင်းချသည်။ အမေကနယ်နေသည်။ ခဏအကြာတွင် မုန့်နယ်ခြင်းပြီးခဲ့သည်။

ညဦးပိုင်းတွင်မုန့်စ၍လုပ်ကြသည်။မုန့်အဖြူစလုပ်ကြ သည်။ မုန့်ကိုပုံအမျိုးမျိုးဖော်ကြသည်။ ညီမလေးတို့က ကျောက်ပျဉ်ပုံ၊ လူပုံ၊ ဘီးပုံတို့လုပ်ကြ၏။ အစ်ကိုကြီးနှင့် ကျွန်တော်က ထွန်ပုံ၊ နွားပုံ၊ ထွန်ခြစ်ပုံ စသဖြင့် စိတ်ကူး တွင် ပေါ်လာသည့်အတိုင်း ပုံဖော်ကြ၏။ မမကမုန့်မလုပ် ရပဲ မုန့်များအကျက်ညီရန် အထက်အောက်လှန်၍ ကြော်နေရရှာသည်။

အမေကကြော်ပြီးသော မုန့်များကို ဆီစစ်ပေးနေသည်။မုန့်များကို ဤသို့ပုံဖော်၍ လုပ်ရသည်ကို ကျွန်တော် ပျော်သည်။ ဘာလို့အဲလိုလုပ်ရတာလဲဟု အစ်မကိုမေးကြည့် တော့ ကောင်လေးလျှာကိုရှည်တယ်။ ဟိုတုန်းကလူတွေ လုပ်သလို လုပ်ရတာဟုသာ ငေါက်ပြောပြောသည်။အမေ က  ဒီလိုအရုပ်တွေလုပ်ပြီး တင်တော့ပုန်းမကြည်မကြီး ပိုသဘောကျအောင်လို့ဟု ပြောပြသည်။ ကျွန်တော်က ကလေးမို့ အလွယ်ပြောသလားတော့မသိ။ မုန့်အဖြူပြီး တော့ မုန့်အနီလုပ်ကြပြန်သည်။ မုန့်အနီကိုတော့ ပုံဖော် ရန်မလိုတော့။ ဒီအတိုင်းပြား၍ ကြော်ရသည်။

မုန့်တစ်ခုကိုကောက်ကာ စားမည်ပြုတော့ နတ်တင်ဖို့ လုပ်တာ အရင်မစားကောင်းဘူးဟု မမကဆိုသဖြင့် ပြန်ချ ထားလိုက်ရသည်။ မုန့်ကြော်ပြီးသောအခါ ကျွန်တော်တို့ အိပ်ရာဝင်ကြရသည်။ မမနှင့်အမေကတော့ မနက်ထချက် ရန်အတွက် ကုလားပဲဆန်ရေစိမ်ခြင်း၊ နတ်တင်ခြောက်ဟု ခေါ်သော ပြားကပ်နေသည့် ငါးခြောက်အကောင်သေး သေးလေးများ ရေဆေးခြင်း၊ ချဉ်ရည်ကျိုရန် ဆီးသီးခြောက် များ ရေဆေးခြင်း စသည်တို့ လုပ်နေကြ၏။ အဖေက         ရေနွေးအိုးတစ်လုံးဖြင့် အိမ်အလည်လာသော ဘကြီးတုတ် နှင့် ကွပ်ပျစ်ပေါ်တွင် စကားလက်ဆုံကျနေ၏။ ပုန်းမကြည် မအကြောင်း ပြောနေကြပြန်သည်။

ဘကြီးတုတ်က ပုန်းမကြည်နတ်ဆိုတာ ပုဗ္ဗကြယ်နတ် ကို ခေါ်ကြောင်း၊ လူတို့လုပ်သောလယ်ယာစပါး အပင်၊ အပွင့်၊ အသီးများ ကြီးထွားပွားများအောင် စောင့်ရှောက် တတ်သည်ဟု အယူအဆရှိကြောင်း ပြောနေ၏။အဖေ ကလည်း ပုန်းမကြည်နတ်ဆိုတာ ဓမ္မပဒလာ ကာဠီယက္ခိနီ ဘီလူးမဖြစ်ကြောင်း၊ သူက ဆိတ်ငြိမ်သော နေရာမှာ သာနေရမှ ကြည်ကြည်လင်လင်ရှိသောကြောင့် ပုန်းမှကြည် ကနေ ပုန်းမကြည်ဟုခေါ်ကြကြောင်း၊ သောတာပန်တည်နေ သော သူဖြစ်သောကြောင့် အသားမစားတော့ဘဲ လူတွေ ရဲ့ ကျွေးမွေးသောအစာကိုသာ စားနေကြောင်း၊ ထို့ကြောင့် လူတွေကို ကျေးဇူးသိသည့်အနေဖြင့် လူတို့လုပ်သော အသီးအနှံများတိုးပွားအောင် ဆောင်ရွက်ပေးနေကြောင်း ဇာတ်တော်ကို အပြည့်အစုံပြောပြနေလေသည်။

အဖေတို့ပြောသမျှကို အိပ်ရာထဲကနေ နားထောင်နေ သော်လည်း အကုန်မမှတ်မိ။ ပုန်းမကြည်သည် ဘီလူးမဆို သည်ကိုသာ မှတ်မိ၏။ ခဏနေတော့ ဘကြီးတုတ်လည်း ပြန်သွား၏။ အဖေလည်း အိပ်ရာဝင်တော့သည်။

ညဥ့်နက်တော့အားလုံး အိပ်ပျော်နေကြပြီ။ အဖေ့ ဟောက်သံက ကျယ်လှပါဘိ။ အစ်ကိုကြီးကလည်း ဟိုဘက် လှိမ့်လိုက် ဒီဘက်လှိမ့်လိုက် လက်က ကျွန်တော်အပေါ်လာတင်လိုက်ဖြင့်အိပ်နေ၏။ ကျွန်တော် အိပ်ပျော်မသွား အောင် ကူညီပေးနေသလိုဖြစ်နေသဖြင့် ကျေးဇူးတင်နေမိ သည်။ နံရံပေါ်က အိမ်မြှောင်ကလေးကလည်း တတွတ် တွတ်နှင့် မအိပ်နဲ့ဟု သတိပေးနေသယောင်။

ကြွက်အပေါင်းတို့သည်လည်း မုန့်ခိုးစားရန် အလုပ် ရှုပ်နေကြသည်။ ခြေသံမကြားအောင် မည်သို့ပင်သွားသွား အိပ်မပျော်သော ကျွန်တော်ကတော့သူတို့၏လှုပ်ရှားမှုကို သိနေသည်။ မုန့်များကို အုပ်ထားသောအုပ်ဆောင်းကို လှန်ရန် ကြိုးစားနေကြသည်။ ထ၍မခြောက်လှန့်ဖြစ်ပါ။ကြွက်ဖမ်းဖို့ တာဝန်ကကြောင်မလေး မိညိုတာဝန်ပဲ။       သူအိပ်ပျော်နေလို့ ကြွက်မဖမ်းလဲ  သူပဲအရိုက်ခံရမှာဟု တွေးကာ ထမခြောက်ဖြစ်တော့။ ကြက်ဖကြီး အောင်တိုးရဲ့ တွန်သံသည် တစ်ရွာလုံးကို ဖုံးလွှမ်းသွားသည်။ ခဏအကြာ တွင် ရွာဦးကျောင်းမှ အုန်းမောင်းခေါက်သံ ကြားရသည်။ အမေနှင့်မမသည် ဆွမ်းချက်ဖို့ ထကြပြီ။ ပုန်းမကြည်တင်ရဖို့ အချိန်ကလည်း နီးလာလေပြီ။

ကျွန်တော်၏စိတ်အာရုံများသည် မနှစ်ကကြက်သွန် ခင်းတွင် ပုန်းမကြည်တင်သည့်နေ့သို့ ရောက်သွားသည်။မနက်စောစောပုန်းမကြည်ခွက်ကို  ခေါင်းပေါ်တင်ကာ ကြက်သွန်ခင်းရှိရာ ရွာတောင်ဘက် ယမားချောင်းဆီသို့အပြေးလှမ်းခဲ့သည်။ ခြေထောက်ဆူးစူးကာမှ ဖိနပ်မစီးခဲ့မိ မှန်းသိ၏။ ဆူးနုတ်ကာဆက်ပြေးသည်။ အခင်းနားနီးချင်း အောင်ဘု၊ မိအေး၊ ငစိန်၊ ထွေးကြည်တို့က အရင်ရောက် နှင့်၍ ပုန်းမကြည်ခွက်ကို မြှောက်ကာတင်နေကြပေပြီ။ကျွန်တော်လည်း ရောက်ရောက်ချင်း ပုန်းမကြည်ခွက်ကို လက်ဖြင့်မြှောက်ကာ ပုန်းမကြည်မ သူကြွယ်မ တိုးလိုက်ပ ပွားလိုက်ပါ့တော်ဟု အမေသင်ပေးလိုက်သလို အော်ဆို လိုက်သည်။ ''ဟေ့ကောင် အဲလိုမဟုတ်ဘူးကွ ပုန်းမကြည်မ သူကြွယ်မ ကြက်သွန်များများထွက်အောင် လုပ်ပေးပါဗျို့''လို့ အော်ရတာကွဟု အောင်ဘုကလှမ်းဆရာ လုပ်၏။ဘယ်သိပါ့မလဲ။ ဒါကပထမဆုံးလုပ်ဖူးတာဆိုတော့ အမေ မှာတဲ့အတိုင်း အော်တာပေါ့လို့ စိတ်ထဲကနေဆင်ခြေပေး လိုက်သေးသည်။ အော်ဆိုတာမှားသဖြင့် ပုန်းမကြည်မ ကို တောင်းပန်ရင်း အောင်ဘုပြောသလို ပြင်အော်လိုက်၏။ အောင်ဘုတို့   ထွေးကြည်တို့သည်  သူတို့အခင်းကို တစ်ပတ်စီ ပတ်အပြီး ပုန်းမကြည်ခွက်ကိုကောက်၍ သဲပြင် ဖွေးဖွေးပေါ်တွင် စားသောက်ရန် ရောက်နေကြပြီ။သို့ဖြစ်၍ ကျွန်တော်သည် ကြက်သွန်ခင်းကို တစ

်ပတ်မပတ် တော့ဘဲ အော်ဆိုပြီးပြီးချင်း ခွက်ကိုကောက်ကာ အောင်ဘု တို့ဆီ ရောက်ခဲ့ပါသည်။

အမှန်ကပုန်းမကြည်နတ်ကို   တင်ချင်ရခြင်းမှာ တင်သော ထမင်းဟင်း၊ မုန့်တို့ကိုစားချင်၍ သက်သက်ဖြစ် သည်။ ပျော်ချင်၍ဖြစ်သည်။ တကယ်လည်း ပျော်စရာ ကောင်းပါသည်။ ပုန်းမကြည်ခွက်တွင် ထမင်းပေါ်၌ ပဲနှပ် ချက်၊ ခရမ်းသီး၊ ဆီးသီးချဉ်ရည်၊ ငါးကလေးခြောက် ကြော်သုံးကောင်၊ မုန့်အနီတစ်ခု အရုပ်ပုံမုန့် အဖြူသုံးခု ကို တစ်ကန့်စီပုံထားသည်။ မြင်ရုံမျှဖြင့် စားချင်စဖွယ် ဖြစ်နေသည်။ လူစုံပြီဖြစ်သဖြင့် စားပွဲဆင်နွှဲပေပြီ။ ငစိန်က သူ့အခင်းက နုတ်ယူလာသည့် ကြက်သွန်ဥ ကိုက်လိုက် ထမင်းလုတ်ခွံ့လိုက် ငါးကလေးခြောက် ဝါးလိုက်ဖြင့် အားရပါးရ စားနေသည်။

မိအေးက ဆီးသီးခြောက်များကို အောင်ဘုထမင်းခွက် ထဲသို့ ထည့်ပေးနေ၏။ စေတနာနဲ့ ကျွေးတာဟု ပြောလိုက် သေး၏။ အောင်ဘုခင်မျာ ထမင်းပလုတ်ပလောင်းဖြစ် နေ၍ ပြန်မပြောနိုင်ပေမယ့် သူ့ပုံက မနှစ်မြို့ပုံပေါ်နေ သည်။ ထွေးကြည်ကတော့ ငါးကလေးခြောက်များကို အရင်ကုန်အောင်စားသည်။ စားကုန်သောအခါ ငစိန်ဆီ ကတစ်ကောင်ယူကာစား၏။ ထွေးကြည်က လူလည်ကျ တတ်သည်။ ကျွန်တော့်ထမင်းကုန်သောအခါ အောင်ဘုက သူ့ထမင်းကို  ထည့်ပေး၏။ အစားအလွန်ကြီးသော အောင်ဘုကို ပို၍ခင်မိသည်။

ထမင်းစားသောက်ပြီးသောအခါ လက်ယက်တွင်း ဖော်၍ ရေကို တစ်လှည့်စီကုန်း၍ သောက်ကြပြန်၏။ ထို့နောက် မုန့်ဖြူမုန့်နီတို့ကို အချိုပွဲအဖြစ် နွှဲကြပြန်၏။ ပုန်းမကြည်မတော့  စား၍  ကောင်းမကောင်းမသိ။ ကျွန်တော်တို့တစ်သိုက်မှာ ဗိုက်ကားနေ၍ သဲပြင်ပေါ်တွင် ပက်လက်လှန်နေကြရင်း   အိပ်ပျော်သွားခဲ့ကြပါတော့ သည်။

'ဟဲ့ကောင်လေး၊ ထ ထ'ဟု အမေ့နှိုးသံကြားလိုက် ရသည်။  အိပ်ပျော်မသွားအောင်  သတိထားပေမယ့် အိပ်ပျော်သွားခဲ့သည်။ မနှစ်က ပုန်းမကြည်တင်ခဲ့ပုံကို အိပ်မက်မက်နေခြင်းပင်။  နေအတော်မြင့်နေသဖြင့် မျက်နှာမသစ်တော့ဘဲ ပုန်းမကြည်ခွက်ကို  ခေါင်းပေါ်တင် ကာ ကြက်သွန်ခင်းသို့ ပြေးခဲ့ပါတော့သည်။ ဟဲ့ကောင်လေး မျက်နှာသစ်အုံးလေဟု အမေ့အော်ပြောသံကို နားမထောင် နိုင်တော့ပေ။ အောင်ဘု၊ ငစိန်၊ ထွေးကြည်၊ မိအေးတို့ ငါ့ကို စောင့်ပါ့မလားဟု အတွေးဝင်မိသဖြင့် ပုဆိုးစလွယ် သိုင်းကာ သုတ်ခြေတင်၍ ပြေးရပါတော့သည်။      မြင့်ငွေ(စစ်ကိုင်းပညာရေးကောလိပ်)​ကြေးမှုံ

No comments:

Post a Comment