Latest News

Monday, February 19, 2018

အတ္တမျဉ်းပြိုင် နှစ်ကြောင်း - ​ဆောင်းပါး

အတ္တမျဉ်းပြိုင် နှစ်ကြောင်း - ​ဆောင်းပါး

''မြန်မာလူမျိုးတွေ ဘာကြောင့်ဆင်းရဲ သလဲသိလား၊ အလုပ်လုပ်ရမှာ ပျင်းလို့ကွ၊ အလုပ်လုပ်ရင် အချိန်တိကျဖို့လိုတယ်၊ အချိန် မတိကျရင် ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေက ဘယ်တော့မှ တက်မလာဘူး၊ ငါစင်ကာပူနိုင်ငံ မှာ နေခဲ့စဉ်က...''

ဦးစိုးမောင်စကားပြောလျှင် ''ငါစင်ကာပူ နိုင်ငံမှာ နေခဲ့စဉ်က...''စသော စကားလုံး များမပါလျှင် မပြီးသလို တစ်အိမ်တည်းမှာ မတည့်အတူနေတဲ့ သူ့'ဟာကြီး'အကြောင်း လည်း ထည့်ထည့်ပြောတတ်သေးသည်။ သူ့ 'ဟာကြီး'ဆိုသည်မှာ   သူ၏  ဇနီးဖြစ်သူ  ဒေါ်သိန်းခင်ကိုပြောခြင်း ဖြစ်ပါသည်။ ဦးစိုး မောင်သည် ကလေးနှစ်ယောက် အဖေ။ အရပ် ထဲကပြောစကားအရ မယားရှိတစ်ခုလပ် မုဆိုးဖိုဟု ပြောကြ၏။

တစ်ခါတလေ ဦးစိုးမောင်က 'မိန်းမ မရှိ ဘူးကွ၊ တစ်ယောက်တည်းသမား ဘာအနှောင် အဖွဲ့မှ  ငါ့ကိုချုပ်ကိုင်မထားဘူး'ဟု  သူ၏အပေါင်းအသင်း မိတ်ဆွေရောင်းရင်းများကို ရင်ဖွင့်တတ်၏။ အမြဲလိုလို သူ၏တစ်နေ့ တာကို ပျော်ပျော်ရွှင်ရွှင်နေရင်း ဖြတ်သန်း လေ့ရှိသည်။ အပေါင်းအသင်း မိတ်ဆွေရောင်း ရင်းများနှင့်ဆုံမိကြလျှင်  သူ့ 'ဟာကြီး' အကြောင်းပါလာလျှင် ဦးစိုးမောင်မျက်နှာကြီးက တစ်ခါတစ်ခါ  မဲ့မဲ့သွားသည့်အခါရှိသည်။ တစ်ခါတစ်ခါ သူ့'ဟာကြီး'ကို စိတ်နာသည်ဟု ပြော၏။ တစ်ခါတစ်ခါ အရမ်းကြောက်သည် ဟုလည်း အမှန်အတိုင်းဝန်ခံတတ်သေးသည်။
     
တစ်နေ့  ဦးစိုးမောင်နှင့်ကျွန်တော် လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အတူထိုင်ဖြစ် ကြသည်။ ကျွန်တော်က လက်ဖက်ရည်ဆိုင် ထိုင်လေ့မရှိတော့ သူငယ်ချင်းအသိ မိတ်ဆွေ တွေက အတင်းခေါ်မှသာလျှင် အားနာ၍ လက်ဖက်ရည်ဆိုင်ကို  တစ်ခါတလေ ရောက် လာတတ်ပါသည်။ ဒီတစ်ခါလည်း ဦးစိုးမောင် အတင်းခေါ်နေလို့သာ   လိုက်လာခဲ့ရ၏။ ကျွန်တော့်စိတ်က   မပါ့တပါနဲ့  ကျန်ခဲ့တဲ့ ရေးလက်စဇာတ်လမ်းတွေရဲ့ စာမျက်နှာထက် မှာပဲ ကျွန်တော့်အာရုံရောက်နေခဲ့သည်။

''ဦးမောင် ဘာကိစ္စလဲဗျ၊ ကျွန်တော့်မှာ အချိန်သိပ်မရဘူးနော်''

''မင်းတို့အတွေးသမားတွေက အတော် ခွကျတယ်ကွာ၊ လူတစ်ယောက်နဲ့ တွေ့တဲ့အခါ အဲဒီအချိန်နဲ့ပဲ  ကိုင်ပေါက်ကြတယ်၊   ငါ စင်ကာပူနိုင်ငံမှာ နေခဲ့စဉ်က...''

ကျွန်တော်က စိတ်မရှည်တဲ့ လေသံမျိုးနဲ့ ဦးစိုးမောင်ဘက်လှည့်ပြီး ပြောလိုက်၏။

''တော်ပါပြီ ဦးမောင်ရာ၊ ဦးမောင်ရဲ့ ဇာတ်လမ်းတွေနားထောင်ရလွန်းလို့ ကျွန်တော့် မှာ ညညဆိုရင်  အိပ်မက်တွေ  ထ ထပြီး ယောင်လို့ အိပ်မရတဲ့ညတွေလည်း များနေပါ ပြီ၊ အဲ့ဒီစင်ကာပူမှာဆိုတာကြီး ထည့်ထည့် မပြောပါနဲ့တော့၊ ပြီးရင် အိမ်က 'ဟာကြီး'က ပါလာဦးမယ်၊ အဲဒီအကြောင်းပြောမယ်ဆိုရင် ကျွန်တော်ပြန်တော့မယ်ဗျာ''

ကျွန်တော်  ထိုင်နေသည့်     စားပွဲမှ ထမည့်ဟန်ပြင်လိုက်တော့မှ ဦးစိုးမောင်က

''အေးပါကွာ  မင်းမပြောနဲ့ဆိုလည်း ငါမပြောတော့ပါဘူး၊ ငါ့မှာစကားပြောဖော် မရှိလို့ မင်းကိုစကားပြောဖော်အဖြစ် တကူး တက    ခေါ်လာရတဲ့ဟာကို၊    ငါတို့တွေ တခြားအကြောင်းပြောကြတာပေါ့၊  ကဲ...ဘာသောက်မလဲ၊ အပူလား...အအေး လား...ကြိုက်တာပြော''

ကျွန်တော်လည်း လာပြီးမှတော့ မထူး တော့ဘူးဆိုပြီး  လက်ဖက်ရည်ဆိုင်ထဲမှာ ပြန်ထိုင်နေလိုက်ရသည်။ စားပွဲပေါ်မှာ ချပေး ထားတဲ့ ရေနွေးကြမ်းအိုးကို ကျွန်တော် ဆွဲယူ လိုက်ပြီး ရေနွေးပန်းကန်ထဲ ငှဲ့ထည့်ရင်း...

''ဦးမောင်မှာသလိုပဲ မှာလိုက်ဗျာ''

ဦးစိုးမောင်က  စားပွဲထိုးကလေးကို လှမ်းခေါ်လိုက်ပြီး သူသောက်နေကျအတိုင်းပဲ မှာလိုက်သည်။
 
အချိန်က နံနက် ၅ နာရီ။ အိမ်ရှေ့ထွက်ပြီး တံမြက်စည်းတစ်ချောင်းဖြင့် အမှိုက်တွေ သိမ်း လိုက်။ အိမ်ထဲက ဆွဲထုတ်လာတဲ့ ရေပိုက်ဖြင့် အိမ်ရှေ့မျက်နှာစာကို   ရေတွေဖျန်းလိုက်။ ဦးစိုးမောင်တစ်ယောက်တည်း အလုပ်တွေရှုပ် နေသည်။ မအားလပ်သည့်ကြားက နံနက် စာအတွက် အီကြာကွေးနှင့် လက်ဖက်ရည်ကို ရသည့်အချိန်ကလေးအတွင်းမှာ ပြေးဝယ် လိုက်သေးသည်။

အသက်က ၅ဝ ဝန်းကျင်။ သူမလုပ်နိုင် တာ ဘာမျှမရှိဟု အမြဲဂုဏ်ယူဝင့်ြ<ွကားတတ် သည်။ ဦးစိုးမောင်လို့ပြောလိုက်တာနဲ့ တစ်ရပ် ကွက်လုံးက မသိတဲ့သူ ခပ်ရှားရှား။ စကား ပြော ဖော်ရွေသည်။ မိတ်ဆွေအပေါင်းအသင်း ပေါသည်။ အချိန်တိကျသည်။ အလုပ်လုပ်ရင် စည်းစနစ်ကျသည်။ ဓာတ်ဆီဆိုင်လေးဖွင့်လှစ် ထားပေမယ့် သူ့ဝင်ငွေကို အထင်မသေးလိုက် ပါနှင့်။ တစ်နေ့တစ်နေ့ သူ့ဓာတ်ဆီဆိုင်လေး ကလည်း လေးငါးသောင်း အမြဲရောင်းနေရ သည်။ ဒီတော့ သူ့အတွက် ဘာမှပူစရာမလို။ သူ့မှာ လိုနေတာတစ်ခုတော့ ရှိပါသည်။အဲဒါ က မိသားစုရဲ့နွေးထွေးကြင်နာမှုကို သူအမြဲ တောင့်တလျက်ရှိသည်။တစ်ခါတလေတော့ လည်း ဦးစိုးမောင်ရဲ့ဘဝက နေစရာမပူရ၊ စားစရာမပူရပေမယ့်   သူ့ရင်ဘတ်ကြီးထဲ အလိုလို ပူပန်နေမိတတ်သည်။ သားသမီး နှစ်ယောက်ရှိသော်လည်း  ဦးစိုးမောင်ကို ခင်တွယ်မည့်သားသမီးကမရှိ။ တစ်ခါတစ်ခါ သူ့ဘဝကိုသူ စိတ်ပျက်အားငယ်နေမိတတ် သည်။ သူ့ကိုယ်ပိုင်အိမ်ဖြစ်သော်ငြားလည်း လုပ်ချင်တိုင်းလုပ်လို့မရ။ သူ၏ဇနီး ဒေါ်သိန်းခင် က လက်ဝါးကြီးအုပ်ပြီး ဝါးမျိုခြင်းကို ခံနေ ရ၏။   သားသမီး  နှစ်ယောက်တင်မက ဦးစိုးမောင်၏ အိမ်တစ်ခြမ်းကိုပါ အပိုင်သိမ်း ထား၏။ သူ့မှာ မိသားစုရဲ့ နွေးထွေးကြင်နာမှု က မရ။ ထစ်ခနဲဆို အိမ်ပေါ်ကဆင်းသွား ချည်းပဲ။  သူ့အိမ်မှာသူနေပြီး  အိမ်ပေါ်က အမြဲနှင်ချခံနေရသည်။

တစ်ခါတစ်ခါ ဘဝဆိုတာဘာလဲလို့ မေးရ လောက်အောင်  သူစိတ်ဓာတ်တွေ  အကြီး အကျယ် ကျနေသည်။ သူ့ဘဝကိုသူ စိတ်ပျက် အားငယ်နေမိတတ်သည်။ နေစရာအိမ်၊ သုံးစွဲ စရာငွေကြေးရှိလာပြန်တော့လည်း ပျော်ရွှင် မှုက အနည်းငယ်မျှသာရှိ၏။ အထီးကျန်ခြင်း ဆိုတဲ့ ဝေဒနာကို နေ့စဉ်ရက်ဆက် ခံစားလာရ တော့ သူ့ဘဝက ပိုပိုပြီးခြောက်ကပ်လာပါတော့ သည်။
 
တစ်ချိန်က ဦးစိုးမောင်နဲ့ဒေါ်သိန်းခင် ညားခဲ့ကြသည်မှာ အရက်ကြောင့်ဟု ဆိုကြ သည်။ ဦးစိုးမောင်ဟာ တက္ကသိုလ်ကျောင်းသား ဘဝမှာကတည်းက ကိုယ်ပိုင်ကားနဲ့ကိုယ်ပိုင်စီးပွားလုပ်နေတဲ့သူ။  ကိုယ်ပိုင်ပွဲရုံတစ်ခုကို တောင် သူကိုယ်တိုင်ဦးစီးပြီး ထူထောင်လာ ခဲ့တဲ့သူ။ အသောက်အစား မကင်းသူဖြစ် သည်။ သူငယ်ချင်းအပေါင်းအသင်း ခုံမင် တတ်သူဖြစ်သည်။   အဲဒီအသောက်အစား မကင်းမှုကြောင့် သူ့ဘဝကိုအရက်က ဖျက်ဆီး ခြင်းကို သူအလူးအလဲခံစားခဲ့ရလေ၏။

တက္ကသိုလ်နောက်ဆုံးနှစ် ဖြေပြီးကြတော့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ တစ်နေကုန် မြို့အနှံ့လျှောက်လည်ကြသည်။    အချိန် သာတရွေ့ရွေ့ကုန်ဆုံးသွားပြီး ညဥ့်က နက် သထက်နက်နက်လာသည်။ အိမ်ပြန်ဖို့ သတိ မရကြသေး။ သောက်ထားတဲ့ ဘီယာပုလင်း တွေက  ပုံနေပြီ။  ဘယ်အိမ်ကို  ရောက်လို့ ရောက်နေမှန်းလည်း သူတို့သတိမထားမိကြ။ အမူးလွန်ပြီး မှောက်တဲ့သူကမှောက်လို့။ အိပ် ပျော်နေတဲ့သူက အိပ်ပျော်နေကြပြီ။ အရက်ရဲ့ ဖောက်ပြန်မှု စွမ်းအားတွေကြောင့် ဦးစိုးမောင် ၏ ဘဝတစ်ခုလုံး ဗြောင်းဆန်မှုတွေ ဖြစ်ခဲ့ သည်ဆိုတာ မသိနိုင်တော့ပြီ။

မနက်လင်းလာတော့   ဦးစိုးမောင်၏ ဦးခေါင်းတစ်ခုလုံး ချာချာလည်နေခဲ့၏။ သူ၏ ဘေးနားမှာ  ဆူညံသံတွေ  ကြားနေရ၏။ ဦးစိုးမောင် မျက်လုံးကိုပြူးပြဲပြီးကြည့်သည်။ ထင်မှတ်မထားတဲ့ မြင်ကွင်းတစ်ခုကြောင့် ဦးစိုးမောင်   မယုံကြည်နိုင်လောက်အောင် ထိပ်လန့်တုန်လှုပ်သွားစေခဲ့၏။ ဘာမှန်းမသိတဲ့ အချိန်မှာ   ဘယ်ကမှန်းမသိတဲ့  မိန်းမ တစ်ယောက်ကို   ဦးစိုးမောင်   တရားဝင် လက်ထပ်ယူလိုက်ရပါတော့သည်။

ဦးစိုးမောင်ကျေနပ်ပုံမရ။ ဒါသက်သက်မဲ့ လုပ်ကြံဖန်တီးထားတဲ့  လုပ်ဇာတ်တွေဖြစ် ကြောင်း ဦးစိုးမောင်အြ<ွကင်းမဲ့ ယုံကြည် နေသည်။ သို့သော် ပြင်ဆင်၍ မရတော့ပါ။ အရာအားလုံးက ဖြစ်ပြီးနေပြီ။ လက်ထပ်ပြီးလို့ သိပ်မကြာသေးဘူး။ ဒေါ်သိန်းခင်မှာ ကိုယ်ဝန် သုံးလဗိုက်က လုံးလုံးကြီးပေါ်လာတော့သည်။ ဦးစိုးမောင် အကြီးအကျယ် ပေါက်ကွဲပစ်တော့ သည်။ ဂုဏ်သိက္ခာတစ်လုံးနဲ့နေကြတဲ့ မိသားစု အသိုင်းအဝိုင်းထဲမှာ  ဦးစိုးမောင်  ဘယ်လို မျက်နှာပြရမည်မသိ ဖြစ်နေသည်။ ဘယ်လို ရှင်းပြရမလဲဆိုတာ စဉ်းစားလို့မရအောင် ထူပူ နေတော့သည်။ အရာအားလုံးက ဖြစ်ပြီးနေပြီ။ နောက်ဆုံးတော့ ဦးစိုးမောင်၏ ဦးလေးရှိရာ စင်ကာပူနိုင်ငံသို့ တိတ်တဆိတ်ထွက်ခွာသွား ခဲ့သည်။ စင်ကာပူမှာ ၁၅ နှစ်လောက်ကြာပြီး နောက် မြန်မာပြည်သို့ အခြေချနေထိုင်ရန် ဦးစိုးမောင် အပြီးပြန်လာခဲ့သည်။ မြန်မာပြည် ပြန်ရောက်လာတော့ သူ့မိန်းမဒေါ်သိန်းခင် မှာ   သမီးမိန်းကလေးက    မွေးဖွားပြီး အရွယ်တောင်ရောက်နေလေပြီ။ ကိုယ်နဲ့ရတဲ့ ကလေးမဟုတ်ပေမယ့် ဦးစိုးမောင်ဟာ သူ့ ကလေးအရင်းသဖွယ် သဘောထားသည်။

ဖြစ်ပြီးခဲ့သမျှအရာအားလုံးကို အသစ် တစ်ဖန်ပြန်စမယ်ဆိုပြီး ဦးစိုးမောင် ဆုံးဖြတ် ချက်ချလိုက်သည်။ နောက်တော့ ဒေါ်သိန်းခင် မှာ ဦးစိုးမောင်နဲ့ရတဲ့ သားလေးတစ်ယောက် မွေးဖွားပေးခဲ့သည်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်ခုကို ဖန်တီးမည်ဟု ကြံရွယ် ကာရှိသေးသည်။ နောက်ဆက်တွဲပြဿနာ တွေက ထပ်ဖြစ်ပြန်သည်။

ဦးစိုးမောင်၏  ဆန်ပွဲရုံကြီးတစ်ခုလုံး မီးလောင်ပြာကျသွားခဲ့သည်။ ဦးစိုးမောင် အကြီးအကျယ် စိတ်သောကရောက်ခဲ့ရ၏။ ဘေးအိမ်တွေကို မီးကူးစက်လောင်ကျွမ်းမှု ကြောင့် အိမ်နှစ်လုံး ပျက်စီးဆုံးရှုံးသွားသည်။ သည့်အတွက် လျော်ကြေးငွေပေးလိုက်ရ၏။ အမှုက  ပြီးဆုံးသွားပေမယ့်   ဦးစိုးမောင် တစ်နေ့တစ်ရက်မှ စိတ်မချမ်းမသာ ဖြစ်နေ ခဲ့ရသည်။ တစ်နေ့တစ်နေ့ ဘီယာလေးသွား သောက်လိုက် အပေါင်းအသင်းမိတ်ဆွေတွေနဲ့ အချိန်ကုန်မှန်းမသိ ကုန်ဆုံးနေ၏။ သူ့ဘဝကို သူမေ့လျော့နေလေသည်။ ဒေါ်သိန်းခင်သည် ဘာအလုပ်အကိုင်မှ မရှိသော ဦးစိုးမောင်ကို တဖြည်းဖြည်း စိတ်ပျက်ညည်းညူလာသည်။ ခဏခဏ ရန်ထဖြစ်ကြသည်။ အိမ်ထောင် ရေးက   အဆင်မပြေ  ဖြစ်လာသည်။ ဒေါ်သိန်းခင်သည်  ဦးစိုးမောင်စင်ကာပူမှာ အလုပ်သွားလုပ်စဉ်အခါက ပို့သမျှငွေ တချို့ တစ်ဝက်ကို ဦးစိုးမောင်အား အသိမပေးဘဲ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ထားသည်။ ဒါကို ဦးစိုးမောင် မြန်မာပြည်ပြန်ရောက်မှ သိရသည်။ ကြီးကြီးမားမားကြီးတော့မဟုတ်။ အိမ်အောက်ထပ်တွင် ဆိုင်ကယ်ပစ္စည်းဆိုင်ကလေးဖွင့်ထား၏။ ဝင်ငွေအတော်အသင့် ကောင်းသည်။   အကျိုးအမြတ်ကတော့ ထက်ဝက်နီးပါးလောက်မြတ်သည်။ ဒေါ်သိန်း ခင်အတွက် အဆင်ပြေတဲ့ ကိုယ်ပိုင်စီးပွားရေး လို့ ဆိုရမှာပေါ့။

အလုပ်လက်မဲ့ဖြစ်နေသော ဦးစိုးမောင်ကို ဒေါ်သိန်းခင်က  ရန်ဖြစ်လျှင် အိမ်ပေါ်က ခဏခဏနှင်ချတော့သည်။ ဦးစိုးမောင် ခဏ ခဏ ပေါက်ကွဲပစ်သည်။

''ဒါငါ့အိမ်ကွ၊  တကယ်တမ်း ဆင်းသွား ရမှာက မင်း''

ဒေါ်သိန်းခင်က မကျေနပ်။ ဦးစိုးမောင်ကို ပြန်ခံပြီး ပြောသည်။ ''မဆင်းနိုင်ဘူး၊  ကျွန်မ ကို ဒီအိမ်ရဲ့တစ်ဝက်ကို ခွဲပေးရင်ဆင်းပေး မယ်၊ လုံးဝ အိမ်ပေါ်က ဆင်းမပေးနိုင်ဘူး၊ ကျွန်မလည်း တစ်ဝက်ပိုင်တယ်''

တစ်ယောက်နဲ့တစ်ယောက်    ငြင်းခုံ ရန်ဖြစ်ကြရင်းက အိမ်ထောင်ရေးအဆင်မပြေမှု တွေက တစ်နေ့တခြားပိုပိုပြီး ဆိုးရွားလာ ခဲ့ပါသည်။ ကွဲမယ်၊ ကွာမယ်လုပ်ကြပြန်တော့ လည်း ဦးစိုးမောင်က သူ့အိမ်တစ်ဝက်ခွဲ မပေးနိုင်။ စီးပွားရေးကပျက်။ သူ့ဘဝက ဇောက်ထိုးမိုးမျှော် ဖြစ်နေခဲ့ရသည်။
 
ဦးစိုးမောင်တို့ ဇနီးမောင်နှံနှစ်ဦးသည် တစ်အိမ်ထဲမှာ အတူနေပြီး သူ့စီးပွား၊ ကိုယ့် စီးပွားလုပ်ကိုင်ကြတော့သည်။ တစ်ယောက်နဲ့ တစ်ယောက် မခေါ်နိုင်၊ မပြောနိုင် သူစိမ်း တွေလို ဖြစ်နေကြ၏။ ထမင်းစားပြန်တော့ သူတစ်ကွဲ၊ ကိုယ်တစ်ကွဲ။ ဒေါ်သိန်းခင် ချက် ပြုတ်ထားတဲ့ ထမင်းဟင်းတွေကို ဦးစိုးမောင်က နည်းနည်းလေးမှ ယူမစား။ ဦးစိုးမောင်က သူကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ထမင်းဟင်း တွေကို ပေါ့သည်ဖြစ်စေ၊ ငန်သည်ဖြစ်စေ သူ့ဘာသာသူ  ခူးခပ်စား၏။  သားသမီး နှစ်ယောက်ကလည်း အမေဖြစ်သူ ဒေါ်သိန်းခင် နဲ့ပဲ    အောက်ထပ်မှာ    အတူနေကြသည်။ ဦးစိုးမောင်ကတော့   တစ်ယောက်တည်း အပေါ်ထပ်မှာ   အထီးကျန်  ငှက်တစ်ကောင်လို တစ်ကိုယ်တည်း သီးသန့်ခွဲပြီးနေ၏။

မျှော်လင့်တောင့်တခဲ့ရတဲ့ စိတ်ကူးအိပ် မက်ကလေးတွေ တစ်စစီကြေမွ ပျက်စီးသွား ခဲ့၏။ စိတ္တဇညတွေက ဦးစိုးမောင်ကို ပိုပြီး ချောက်ချားစေခဲ့သည်။ ကံတရားက သူ့ကို အမျိုးမျိုးလှည့်စားနေခြင်းကြောင့် လူ့ဘဝ ဆိုတာ ပျော်ပျော်နေပြီး ပျော်ပျော်သေရမည်ဟု စဉ်းစားတွေးတောတတ်လာသည်။ အထီးကျန် ခြင်းရဲ့  ဝေဒနာ အပိုင်းအစကလေးတွေကို လိုက်ကောက်ရင်း  ဒီကနေ့ဟာ  မနက်ဖြန် အတွက်    ခွန်အားဖြစ်စေရမည်ဟူသော မျှော်လင့်ချက် အလင်းရောင်ကလေးတွေ စုစည်းရင်း  အဖော်မပါ  တစ်ကိုယ်တည်း လွတ်လပ်စွာ ပျံသန်းနေလေ၏။   ။ မင်းနိုင်(ခ.စ)​ကြေးမှုံ

No comments:

Post a Comment