Latest News

Saturday, February 3, 2018

ခါးသက်သက်ခံစားချက်

ခါးသက်သက်ခံစားချက်

ခံစားချက်ဆိုရင် ချိုချိုအီအီလေး၊ မွှေးမွှေးပျံ့ပျံ့လေး၊ ကဗျာဆန်ဆန်လေး အဲဒီလိုမျိုးလေးတွေ ခံစားချင်တာပေါ့။ ဒါပေမဲ့လေ... တကယ့်လက်တွေ့ဘ၀က ပြုံးသာပြုံးနေရပေမဲ့ ဘာအတွက်ပြုံးနေရလဲ မသိ၊ လျှောက်သာလျှောက်နေရတယ် ဘာကြောင့်လျှောက်နေရမှန်းမသိ။ ဘယ်မလဲချိုချိုအီအီလေး၊ ဘယ်မလဲ မွှေးမွှေးပျံ့ပျံ့လေး။

ငယ်ငယ်က မဗေဒါသီချင်းကို နားမလည်ပဲ နာမည်ကြီးလို့ ခဏခဏကြားရတယ်။ ရုပ်ရှင်လည်း ကြည့်ဖူးတယ်။ ဒေါ်ကြည်ကြည်ဌေးကြီး သရုပ်ဆောင်တာ တစ်အားသရုပ်ပါတော့ သနားမိတာလေ တစ်အားကိုသနားတာ။ ဒါပေမဲ့ အဲဒါဇာတ်လမ်းသပ်သပ်ပဲလို့ အဲဒီလောက်ပဲ ခံစားတာပါ။ တကယ့်ဘ၀ထဲမှာ အဲဒီထက်ဆိုးတာတွေရှိတယ်ဆိုတာ မတွေးမိခဲ့ဘူး။

ဘ၀အစစ်က ငရဲတစ်ပိုင်းလို့ပြောရင်ရမလား မပြောတတ်ဘူး။ အဲဒီလောက်ကို ဆိုးတာပါ။ မခံစားနိုင်ဘူး။ တောင့်မခံချင်တော့ဘူး။ မုန်းတယ် လူတွေကို။ လက်စားချေချင်တယ်။ တစ်ခါတစ်ခါ သတ်ပစ်ချင်စိတ်ပေါက်တယ်။ စိတ်ချောင်ပိတ်မိလာရင် ငိုချင်တာပဲသိတယ်။ ကိုယ်ငိုမိရင် လူတွေကို ပိုမုန်းတယ်။ လူတွေဘာကြောင့် ဒီလောက် သူတစ်ဘက်သားကို အပြစ်မြင်ရတာလည်း၊ အခွင့်အရေးတွေ ပိတ်ထားရတာလဲ၊ ဘာကြောင့် ဒီလောက် မနာလိုရတာလဲ..... စတဲ့စတဲ့ မွေးခွန်းတွေနဲ့ လောကကို နာကျည်းတာလေ။

ခံစားရတာများတော့ အရေကြီးကထူထူကြီးဖြစ်နေသလိုဖြစ်နေရော။ ဂရုကိုမစိုက်ချင်သလို၊ အရွဲ့တွေတိုက်ချင်လာတယ်။ ပြိုင်ဆိုင်ချင်စိတ်ကလည်း မဖုံးနိုင်မဖိနိုင်နဲ့၊ မျက်နှာကိုမြင်တိုင်း ဆောင့်ဆောင့်ထိုးပစ်ချင်တာ။ လုပ်ထားပြီး သူမဟုတ်သလိုမျိုးကြီး ကိုယ့်ရှေ့မှာလာလာပြုံးပြနေတာ အူယားတာမှ ချက်ချင်းကို မျက်နှာကိုစုတ်ပြတ်သွားအောင် ထိုးပစ်ချင်တာ။

အဖေကသင်ပေးတယ်၊ အမေကသင်ပေးတယ်။ လူရိုင်းစိတ်နဲ့ အကုသိုလ်တဲ့။ အဖေနဲ့ အမေသာ မသင်ပေးခဲ့ရင် လူသတ်ပစ်မိမလားမသိဘူး။ အဖေနဲ့ အမေကို ကျေးဇူးတင်တယ်။ သူတို့ဆုံးမစကားကြောင့် လူရိုင်းမဖြစ်ခဲ့ဘူး။ သူတို့ညွှန်လို့ လမ်းကောင်းလျှောက်တတ်ခဲ့တယ်။ တော်ပါသေးရဲ့ အဖေနဲ့ အမေသာ ဆုံးမမှုလမ်းမမှန်ခဲ့ရင် လူရွတ်ကြီးဖြစ်နေလောက်ရောပေါ့။
ဘုရား၊ တရား၊ သံဃာ နဲ့ မိဘ၊ ဆရာသမားတွေရဲ့ ကျေးဇူးဟာ အနန္တပါပဲ။ လူသားတစ်ယောက်ရဲ့ အမြင်မှားကို ပြုပြင်ပေးနိုင်တာ မိဘရဲ့ အေးမြတဲ့မေတ္တာနဲ့၊ ဆရာရဲ့ မှန်ကန်တဲ့သွန်သင်မှုတွေပါပဲ။ မိဘရိပ်နဲ့ ဆရာသမားကောင်းရိပ်မမှီရတဲ့ ကလေးတွေရဲ့ဘ၀ အရမ်းသနားစရာကောင်းပါတယ်။ တစ်ခြားသူတွေက သူတို့မိဘလောက်၊ သူတို့ဆရာရင်းလောက် ဘယ်မှာစိတ်၊ စေတနာပေးနိုင်ပါလိမ့်မလဲ။ ခံစရာရှိလည်း တစ်ယောက်တည်းသာ ခံပေတော့၊ စံစရာရှိလည်း အရသာမရှိခါးသက်သက်သာ စံစားရင်း သနားစရာ ပန်းရိုင်းတွေပါ။

ဘယ်သူမှလည်း မသနားဘူး။ ဘယ်သူမှလည်း သူတို့ခံစားချက်ကို နားမလည်ပေးဘူး။ လောကအလယ်မှာ ဘယ်သူကရန်သူ၊ ဘယ်သူကမိတ်ဆွေဆိုတာကိုတောင် မဝေခွဲနိုင်တော့ပဲ တစ်နေ့တာ၊ တစ်ခဏတာ အဆင်ပြေဖို့ပဲ စဉ်းစားနိုင်ပြီး ဘ၀ပျက်နေရတာတွေ၊ ယိုင်နဲ့နေရတာတွေ အများကြီးပါ။  ဒါပေမဲ့လည်း ဒုက္ခတွေ ခါးသီးမှုတွေဘယ်လောက်များများ မဗေဒါလိုပဲ ဆက်လျှောက်နေရတာပဲမလား။

ခေတ်သစ်မဗေဒါတွေ၊ မောင်ဗေဒါတွေအတွက် အားပေးစကားကတော့ ခြေထောက်ပါနေတဲ့အတွက် ဆက်သာလျှောက်၊ ရောက်သင့်သလောက်ရောက်မှာပဲ။ လက်ပါနေတဲ့အတွက် ဆက်သာလှုပ် တစ်ခုခုတော့ ရနေမှာပဲ။ ဘာမှမရှိတာနဲ့စာရင် တစ်ခုခုရှိနေသေးတာတော်တာပေါ့။ အားတင်းထားပါ။ ဘုန်းကြီးလည်း ဆက်လျှောက်နေဆဲပါ။

အားလုံးအောင်မြင်ကြပါစေ။

အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်

No comments:

Post a Comment