Latest News

Sunday, February 4, 2018

နယ်စပ်ဆန်တင်သွင်းမှုကို တရုတ်နိုင်ငံက ကန့်သတ်ထားသော်လည်း နေ့စဉ်ဝယ်လိုအားရှိနေ

နယ်စပ်ဆန်တင်သွင်းမှုကို တရုတ်နိုင်ငံက ကန့်သတ်ထားသော်လည်း နေ့စဉ်ဝယ်လိုအားရှိနေ

မူဆယ်  ဖေဖော်ဝါရီ  ၎

တရုတ်နိုင်ငံအနေဖြင့်  နယ်စပ်မှ  ဆန်တင်သွင်းမှုကို ကန့်သတ်ထားသော်လည်း နေ့စဉ် မြန်မာနိုင်ငံဘက်မှ ဆန်တန်ချိန် ၆ဝဝဝ ခန့်ကို ဝယ်လိုအားရှိနေကြောင်း မူဆယ်နယ်စပ်ကုန်သည်များ၏ ပြောကြားချက်များအရ သိရသည်။

လက်ရှိအချိန်တွင် နယ်စပ်မှတင်ပို့နေသည့် ဧည့်မထ ဆန်များမှာ  ပဲခူးတိုင်းဒေသကြီး၊   ဧရာဝတီတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ထွက်ရှိသော ဆန်များဖြစ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် မူဆယ် နယ်စပ်ကုန်သွယ်ရေးဇုန်အပြင် ချင်းရွှေဟော်နှင့် လွယ် ဂျယ် ကုန်သွယ်ရေးစခန်းများမှလည်း နေ့စဉ်တင်ပို့နေ ကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးချမ်း သာဦးက ပြောသည်။
''လက်ရှိဘဏ္ဍာနှစ်မှာ ဆန်တန်ချိန် ၁ဝ၁၆ဝ၄၆ တန်  တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ ၃၃၈ သန်း ရရှိထားတယ်၊ အရင်ဘဏ္ဍာနှစ်ကထက် ပိုပြီးတင်ပို့ထား သလို  နှစ် ၅ဝ အတွင်း မြန်မာနိုင်ငံရဲ့ အများဆုံး ဆန် တင်ပို့နိုင်တဲ့စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်၊ ဒါဟာ Ove- rsea/border trade ဟန်ချက်ညီမျှအောင် အချိုး ကျကျ တင်ပို့နိုင်ခဲ့လို့ပါ''ဟု ¤င်းကပြောသည်။

လက်ရှိ မူဆယ်နယ်စပ်မှ အများဆုံး တင်ပို့လျက် ရှိသည့် ဧည့်မထဆန် ၂၅ မှတ်တန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၆ ခန့် ရရှိပြီး  ပင်လယ်ရေ ကြောင်းမှတင်ပို့နေသည့် ဆန်ဈေးကွက်တွင်မူ တစ်တန် လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂၉၈ ဒေါ်လာခန့်သာ ရရှိကြောင်း သိရသည်။ အလားတူ နယ်စပ်ဈေးကွက် တွင် ငစိန်ဆန် ၂၅ မှတ်တန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၃၅ ဒေါ်လာခန့် ရရှိနေပြီး  ပင်လယ်ရေကြောင်း ဈေးကွက်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၉၄ ဒေါ်လာခန့်သာ ရရှိနေကြောင်း သိရသည်။
တရုတ်ယွမ်ငွေဈေးနှုန်းမှာလည်း    ယမန်နှစ်က တရုတ်ငွေ  တစ်ယွမ်လျှင်  မြန်မာငွေ ၁၉ဝ ကျပ်ခန့် ရှိခဲ့သော်လည်း  ယခုဘဏ္ဍာနှစ်တွင် တရုတ်ငွေတစ်ယွမ် လျှင် မြန်မာငွေ ၂ဝ၃ ကျပ်ခန့်အထိ တိုးလာခဲ့ပြီး  ၁၃ ကျပ်ခန့် တိုးမြင့်လာသည်။

မူဆယ် ၁ဝ၅ မိုင်  ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ဆန်တန် ချိန် ၁၂ သိန်းကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၄၆ သန်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁ဝ သိန်းကျော် တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ ၃၇၄ သန်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ခြောက် သိန်းကျော် တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ ၂ဝ၈ သန်း ရရှိခဲ့ကြောင်း သိရသည်။
ဇာလင်းသူ(AMIA)၊ ဓာတ်ပုံ-ဝတ်ရည်မွန်(AMIA)မြန်​မာ့အလင်း

No comments:

Post a Comment