Latest News

Tuesday, February 6, 2018

ပဲစင်းငုံအသစ်များ ဝယ်လက်များလာမှုကြောင့် ရက်ပိုင်းအတွင်း ဆက်တိုက်ဈေးမြင့်လာ

ပဲစင်းငုံအသစ်များ ဝယ်လက်များလာမှုကြောင့် ရက်ပိုင်းအတွင်း
ဆက်တိုက်ဈေးမြင့်လာ

မန္တလေး  ဖေဖော်ဝါရီ  ၅

ဇန်နဝါရီလလယ်ပိုင်းတွင် စတင်ပေါ်ထွက်လာ သည့် ပဲစင်းငုံအသစ်များ မန္တလေးဈေးကွက်သို့ အဖွင့်ဈေး ကျဆင်းစွာ ဝင်ရောက်လာသော် လည်း  ဖေဖော်ဝါရီ ၁ ရက်တွင် ဝယ်လက် များလာမှုကြောင့် ဈေးပြန်လည်မြင့်တက်လာ ကြောင်း မန္တလေးဈေးကွက်မှ သိရသည်။

အိန္ဒိယနိုင်ငံမှ အဝယ်ရပ်နားထားသဖြင့် ဈေးကျဆင်းနေသော ပဲစင်းငုံသည် ယခုနှစ် ထွက်ပေါ်ချိန်၌လည်း သုံးတင်းဝင်တစ်အိတ် လျှင် ငွေကျပ် ၃၃ဝဝဝ နှုန်းဖြင့် အဖွင့်ဈေးကျ ဆင်းကာ  ဝင်ရောက်လာသော်လည်း  ယခု ဖေဖော်ဝါရီ ၁ ရက်တွင်   ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့်  နီပေါနိုင်ငံမှ   ဝယ်ယူမှု ကြောင့် ကျပ်  ၃၇ဝဝဝ နှုန်းအထိ ရောက်ရှိလာ ပြီး ဖေဖော်ဝါရီ ၃ ရက်တွင် ကျပ် ၄ဝဝဝဝ ထိ  မြင့်တက်လာကြောင်း       မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

''အားလုံးစိတ်ဝင်စားနေတဲ့    ပဲစင်းငုံ ဈေးတက်ရတဲ့အကြောင်းက မနှစ်က အရှုံးနဲ့ ကြုံတွေ့ခဲ့ရတဲ့ လှောင်သမားတွေ အချင်းချင်း ဈေးညှိပြီး ဝယ်ကြတယ်၊ နောက်တစ်ချက်က အိန္ဒိယမှာလည်း  မနှစ်ကလို  အထွက်နှုန်း မကောင်းဘူးလို့ ကြားရတဲ့အတွက် ကြိုတင် ဝယ်ယူမှုတွေနဲ့အတူ   တခြားနိုင်ငံတွေက လည်း ဝယ်ယူမှုတွေရှိလာတော့ ဈေးတက် လာတာပါ၊     ဒီအတိုင်းဆို   အရှုံးပေါ်လို့ စိတ်ဓာတ်ကျပြီး ပဲစိတ်ကုန်လို့ အမည်ပြောင် ပေးထားတဲ့ ပဲစင်းငုံသီးနှံကတော့ တောင်သူနဲ့  ကုန်သည်တွေအတွက် အဓိကအားထားရတဲ့ သီးနှံပြန်ဖြစ်လာဖို့ မျှော်လင့်ချက် ရောင်ခြည် သန်းလာပြီလို့   ဆိုနိုင်ပါတယ်''ဟု   ¤င်းက ပြောသည်။

ပဲစင်းငုံသည်   ရာသီဥတုဒဏ်ခံနိုင်ပြီး စိုက်ပျိုးရန် လွယ်ကူသည့် သီးနှံဖြစ်သည့်အပြင် ပိုးသတ်ဈေးနှင့် ဓာတ်မြေသြဇာ သုံးစွဲမှုစရိတ် သက်သာသောကြောင့် အိန္ဒိယမှ အဝယ်ရပ် နားထားသော်လည်း  မြန်မာတောင်သူများ အနေဖြင့် စိုက်ပျိုးမှုကို လျှော့ချခြင်းမရှိကြောင်း သိရသည်။ မင်းထက်အောင်(​ကြေးမှုံ)

No comments:

Post a Comment