Latest News

Thursday, February 8, 2018

တိုက်ကြီးမြို့တွင်ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တု ရောက်ရှိလာမှုကို ပြည်သူများ သောင်းသောင်းဖြဖြကြိုဆို

တိုက်ကြီးမြို့တွင်ထားရှိမည့်  ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တု ရောက်ရှိလာမှုကို ပြည်သူများ သောင်းသောင်းဖြဖြကြိုဆို

တိုက်ကြီး    ဖေဖော်ဝါရီ    ၈

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့  ဘုရားလေးလမ်းနှင့် မြို့လယ်လမ်းဆုံ လမ်းလယ်ကျွန်းနေရာတွင် ထားရှိရန်အတွက် ရန်ကုန်မြို့မှသယ်ဆောင်လာသော ဗိုလ်ချုပ်မြင်စီးကြေးရုပ်တုမော်တော်ယာဉ်အဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက် ညနေ ၄ နာရီက တိုက်ကြီးမြို့သို့   ရောက်ရှိလာရာ ဒေသခံ မြို့သူ မြို့သားများ၊  အသင်းအဖွဲ့အစည်းများက တီးဝိုင်း၊ ရှမ်းရိုးရာအက၊ အိုးစည်ဝိုင်းဖြင့်  သောင်းသောင်းဖြဖြ ကြိုဆိုကြကြောင်း သိရသည်။

တိုက်ကြီးမြို့တွင်ထားရှိမည့်   ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုဖြစ်မြောက်ရေး   မြို့မိ မြို့ဖများ၊ ကော်မတီဥက္ကဋ္ဌ  ဦးဆန်းညွန့် ဦးဆောင်၍ ကော်မတီဝင်များအဖွဲ့က အလှူငွေများကောက်ခံ၍ ရန်ကုန်တိုင်းဒေသကြီး   တောင်ဒဂုံမြို့နယ် တွင် မှာယူသွန်းလုပ်ခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့  တိုက်ကြီးမြို့နယ်မှာထားရှိမယ့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တု  စိုက်ထူထားရှိနိုင်ဖို့အတွက် အုပ်ချုပ်ရေးအဖွဲ့တွေ၊  မြို့မိမြို့ဖတွေနဲ့တိုင်ပင်ပြီး ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တု ဖြစ်မြောက်ရေးကော်မတီကို  ဖွဲ့စည်းကာ အလှူငွေတွေကောက်ခံခဲ့ပါတယ်၊ စေတနာရှင်ပြည်သူတွေထံမှ ကောက်ခံရရှိတဲ့ငွေနဲ့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုကို အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုထားရှိရန် အုတ်ခုံအမြင့် ၁၁ ပေ၊ ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်တုက ၁၁ ပေ ဖြစ်ပြီး  မြေပြင်မှအမြင့် ၂၂ ပေ ရှိပါတယ်၊ ကြေးပိဿာချိန်  ၈ဝဝ ခန့်ကုန်ပြီး ကုန်ကျငွေကတော့ သိန်းသုံးရာကျော်ဖြစ်ပါတယ်'' ဟု ကော်မတီဥက္ကဋ္ဌက ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်တု     စိုက်ထူထားရှိရသည့်   ရည်ရွယ်ချက်မှာ     မြန်မာ့လွတ်လပ်ရေးဗိသုကာ  အမျိုးသားခေါင်းဆောင်ကြီး    ဗိုလ်ချုပ်အောင်ဆန်း၏   ကျေးဇူးတရားကို   ထာဝစဉ်အောက်မေ့သတိရစေရန်နှင့်  နောင်မျိုးဆက်သစ်များ အဆင့်ဆင့်လေးစားတန်ဖိုးထား အမှတ်ရရှိစေလိုသော ရည်ရွယ်ချက်များဖြင့် လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏  မြင်းစီးကြေးရုပ်တုကို ဂါရဝပြုထားရှိဆောင်ရွက်ခြင်းဖြစ်ကြောင်း နှင့်ဗိုလ်ချုပ်မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင်  ဖွင့်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလှိုင်(မြိုင်)​ကြေးမှုံ

No comments:

Post a Comment