Latest News

Thursday, February 8, 2018

ပင်လုံမြေသာစခန်း မြန်းကြစို့ တို့ညီအစ်ကိုတွေ - ​ဆောင်းပါး

ပင်လုံမြေသာစခန်း မြန်းကြစို့ တို့ညီအစ်ကိုတွေ - ​ဆောင်းပါး

၂ဝ၁၈ ခုနှစ်  ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် အမိမြန်မာနိုင်ငံတော်ကြီး၏ (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ပင်ဖြစ်ပေသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် ပြည်မနှင့် တောင်တန်းသား ညီအစ်ကိုများ၏ သွေးစည်းညီညွတ်မှုကို ပြသလိုက်သည့်   ၁၉၄၇ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ် (ပင်လုံ)  ချုပ်ဆိုခဲ့သည့် နေ့ထူး နေ့မြတ် ဖြစ်ပြီး ပြည်ထောင်စုနေ့ဟု သတ်မှတ်ခဲ့ရာ ယခု ၂ဝ၁၈ ခုနှစ် တွင် (၇၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံအတွင်းအေးအတူပူအမျှ မှီတင်းနေထိုင်ကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဖြင့် ပေါင်းစည်း ထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးပင်ဖြစ်သည်။
ငြိမ်းချမ်းရေးစကားဝိုင်းများကျင်းပ
မြန်မာနိုင်ငံတော်ကြီး ရှည်းလျားသည့် သမိုင်းကြောင်း အစဉ်အလာရှိခဲ့သည်။ နယ်ချဲ့တို့သည် မြန်မာနိုင်ငံကို ကျူးကျော်စစ်သုံးကြိမ်ဆင်နွှဲခဲ့ပြီးနောက် ၁၈၈၆ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှအင်ပါယာအတွင်းသို့ သွတ် သွင်းကျွန်ပြုခြင်းကိုခံခဲ့ရသည်။  သူ့ကျွန်ဘဝကို ကျရောက်ခဲ့ပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များက  အမျိုးချစ်စိတ် တိုင်းပြည်ချစ်စိတ်          ပြင်းထန်စွာဖြင့်အသက်သွေးချွေးမြောက်မြားစွာ ရင်းနှီး၍  မြန်မာနိုင်ငံ၏ လွတ်လပ် ရေးကိုပြန်လည် အရယူပေးခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ  ၄ ရက်နေ့တွင် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်သည့် မြန်မာနိုင်ငံကြီး အဖြစ်သို့ က္ဘာ့အလယ်တွင် တင့်တယ်စွာဖြင့် ပေါ်ထွန်းလာခဲ့သည်။
     သက္ကရာဇ်တွေ အလီအလီပြောင်းခဲ့သော်လည်း နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ရောက်တိုင်း ပြည်ထောင်စုနေ့ အခမ်းအနားများကို နိုင်ငံတစ်ဝန်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပကြသည်။ အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်  ပင်လုံမြို့တွင် ပင်လုံစာချုပ်ချုပ်ဆိုခဲ့ရာ ပင်လုံ ပြည်ထောင်စု ကျောက်တိုင်တွင်လည်း ခမ်းနားစွာဆင်ယင်ကျင်းပကြသည်။ ၂ဝ၁၄ ခုနှစ်မှ စတင်ကာ  ပင်လုံပြည်ထောင်စု ကျောက်တိုင်ဝင်းပန်းခြံ အဆင့်မြှင့်တင် ဆောင်ရွက် ပြီးနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်ပြီး  နိုင်ငံတော်သမ္မတထံမှ  ပေးပို့သော ပြည်ထောင်စုနေ့သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ ၂ဝ၁၇ ခုနှစ် နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသည် ထူးခြားစည်ကားသည့် ပွဲတစ်ပွဲဖြစ်ခဲ့ သည်မှာ ငြင်းဆန်၍ မရနိုင်သည့် သက်သေသာဓကပင်ဖြစ်သည်။ အကြောင်းမှာ  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ မိန့်ခွန်း ပြောကြားခြင်း၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် ခေါင်းဆောင်ကြီးများ ၏ ဆွေမျိုး တော်စပ်သူများကို ဖိတ်ကြား၍ တက်ရောက်လာကြသူများကို  တစ်ပေါင်း တစ်စည်းတည်းတွေ့မြင်ရခြင်း၊ တိုင်းရင်းသား တိုင်းရင်းသူများနှင့် ငြိမ်းချမ်းရေးစကား ဝိုင်းများကျင်းပခြင်းများကို ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်တော် သည် ''သမိုင်းဝင်မြို့ပင်လုံမှ သမိုင်းတွင်မည့် နှစ် (၇ဝ) မြောက် ပြည်ထောင်စုနေ့''ဟူ၍ ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပါသည်။  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်(၇ဝ)မြောက်ပြည်ထောင်စုနေ့ မိန့်ခွန်းကို အနည်းငယ် ကောက်နုတ်တင်ပြရသော် ''ပင်လုံဆိုတာဟာ ရှမ်းပြည်နယ်ရဲ့ တစ်စိတ်တစ်ဒေသပင် မဟုတ်ပါဘူး၊ ပြည်ထောင်စုတစ်ခုလုံးအတွက် အင်မတန်မှအရေးကြီးတဲ့နေရာ ဖြစ်ပါတယ်။ ဒီကနေစတင်ပြီး ပြည်ထောင်စုရဲ့  ညီညွတ်မှုအတွက် အခြေခံအုတ်မြစ်ကို ချလိုက်တာဖြစ်ပါတယ်။  စောစောကဖတ်ပြသွားတဲ့ ပင်လုံစာချုပ်ရဲ့ အချက်အလက် တွေကို လေ့လာမယ်ဆိုရင် တိုင်ပင်ခြင်း၊ ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်း၊ သဘောတူညီ မှုယူခြင်းဆိုတဲ့ မူတွေအပေါ် မှာ အခြေခံပြီးတော့ ပြည်ထောင်စုကို စတင်ထူထောင်ခဲ့ တာ ဖြစ်ပါတယ်။  
သမိုင်းရဲ့အင်မတန်မှ တန်ဖိုးရှိတဲ့အစိတ်အပိုင်းတစ်ခု
  ''ပြည်ထောင်စုသားစစ်စစ်ရဲ့ နှလုံးသားထဲမှာ ပင်လုံဆိုတဲ့ အင်မတန်မှ ရိုးရှင်း တိုတောင်းလှတဲ့ အမည်လေးဟာ စိတ်နှလုံးချမ်းသာဖွယ်ရာ၊ လှုပ်ရှားဖွယ်ရာဖြစ်ပါတယ်။ ပင်လုံကို အခမ်းအနားတစ်ခု အနေနဲ့မဟုတ်ဘဲ သမိုင်းရဲ့ အင်မတန်မှ တန်ဖိုးရှိတဲ့  အစိတ်အပိုင်းတစ်ခုအနေနဲ့ အသိအမှတ်ပြုထားပါတယ်။
''သမိုင်းဆိုတာဘယ်တော့မှ ရပ်မနေပါဘူး၊ ဆက်ပြီးတော့လှုပ်ရှားသွားတာဖြစ်ပါ တယ် ။ ဒီတော့ ကျွန်မတို့ရဲ့  လွတ်လပ်ရေး ခေါင်းဆောင်ကြီးများဟာ  ပင်လုံသမိုင်းကို စတင်ပြီးတော့ ထူထောင်ခဲ့တယ်။ ဒီသမိုင်းဟာ အောင်အောင်မြင်မြင်နဲ့ နိဂုံးချုပ်ဖို့ အတွက်တာဝန်ကတော့ ကျွန်မတို့အပေါ် ကျရောက်လာပြီ ဖြစ်ပါတယ် ။
''ကျွန်မတို့  ပင်လုံရယ်လို့ဖြစ်လာတာဟာ တိုင်းရင်းသားခေါင်းဆောင်ကြီးများ က လွတ်လပ်ရေးရဖို့အတွက် တိုင်းရင်းသားအားလုံး စုပေါင်းညီညာလုပ်မှသာလျှင် မြန်မြန် ဆန်ဆန်ချောချော မွေ့မွေ့ရရှိနိုင်တယ်ဆိုတာ ယုံကြည်လို့ လုပ်ခဲ့ကြတာ ဖြစ်ပါ တယ်၊   ဘာမှတော့ လွယ်လွယ်နဲ့ မရပါဘူး ၊ ကျွန်မတို့ အခုထိ လွတ်လပ်ရေးရပြီးကာလ ကနေစပြီးတော့ တစ်နိုင်ငံလုံးမှာ ငြိမ်းချမ်းရေးရရှိဖို့ မစွမ်းဆောင်နိုင်ခဲ့သေးပါဘူး၊ တစ်နေရာ မဟုတ်တစ်နေရာမှာတော့ ကျွန်မတို့အချင်းချင်းကြားမှာ စစ်မက်တွေ ဖြစ်ပွားခဲ့တယ်ဆိုတာဟာ  အားလုံးအသိပဲဖြစ်ပါတယ် ။ ဒီဟာတွေငြိမ်းအေးဖို့လုပ်ဖို့ ဆိုတာ ကျွန်မတို့မှာ အခွင့်အရေးရှိသလို တာဝန်လည်းရှိပါတယ်။ ကျွန်မတို့ရဲ့ အခွင့် အရေးကို ထိထိရောက်ရောက်နဲ့ သုံးစွဲစေချင်ပါတယ်။
''ကျွန်မတို့ယုံကြည်တဲ့အရေးဆိုတာဟာ ပြည်ထောင်စုနေ့မှာဆိုရင် အားလုံး အတွက် ငြိမ်းချမ်းရေးပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဟာ ကျွန်မတို့ယုံကြည်တဲ့အရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ်မှာ  သစ္စာရှိရမယ် ၊ မြတ်နိုးရမယ်၊ ငြိမ်းချမ်းရေးကို အမှန် တကယ် မြတ်နိုးရမယ် ၊ ငြိမ်းချမ်းရေးလိုချင်ပါတယ် လိုချင်ပါတယ်ဆိုပြီး တော့ ငြိမ်းချမ်း ရေးကို တကယ်မမြတ်နိုးရင်တော့  ငြိမ်းချမ်းရေး နဲ့ဖီလာဆန့်ကျင်တဲ့ အပြုအမူတွေကို လုပ်မိကြပါလိမ့်မယ်။နောက်ပြီးတော့ ဒီအရေးပေါ်မှာ သစ္စာရှိရမယ်၊ ငြိမ်းချမ်းရေး အရေးမှာသစ္စာရှိဖို့ဆိုတာက ငြိမ်းချမ်းရေးအတွက်  အားလုံးစွန့်လွှတ်ရဲရမယ်၊ စွန့်စား ရဲရမယ်၊ အဲဒါဟာသစ္စာရှိခြင်းပါပဲ။
''ငြိမ်းချမ်းရေးဆိုတာဟာ နောင်လာမယ့် မျိုးဆက်တွေအတွက်  ဘယ်လိုမှငြင်းလို့ မရတဲ့ ရတနာကြီး တစ်ရပ်ဖြစ်ပါတယ်။ ဒီရတနာကိုသာ နိုင်ငံသူနိုင်ငံသားတွေကို အမွေအနှစ်အနေနဲ့ ထားခဲ့ဖို့လိုပါတယ်။ သယံဇာတပစ္စည်းဆိုတာလည်း အရေးမကြီးပါ ဘူး။ လောလောဆယ် စီးပွားရေးအကျိုးအမြတ်ဆိုတာလည်း အရေးမကြီးပါဘူး။ လောလောဆယ် ကျွန်မတို့ကို ထောက်ခံမှု ဘယ်လိုထောက်ခံမှုပဲဖြစ်ဖြစ်၊ ရွေးကောက် ပွဲက ထောက်ခံမှုပဲဖြစ်ဖြစ်၊ သာမန်ထောက်ခံမှုပဲဖြစ်ဖြစ် အဲဒါတွေကလည်းအရေး မကြီးပါဘူး။ ဒီဟာတွေဟာ တစ်ခဏနဲ့ ပျောက်ကွယ်သွားမယ့် အမွေအနှစ်တွေဖြစ်နိုင်ပါ တယ်၊ သယံဇာတပစ္စည်းတွေဆိုတာလည်း တစ်ချိန်တစ်ခါမှာ ပျောက်ကွယ်သွား နိုင်တာပဲ၊ စီးပွားရေးဆိုတာလည်း အတက်အကျရှိတာပဲ၊  ဒီက္ဘာကြီးမှာ အင်မတန်မှ စီးပွားရေးတောင့်တင်းပါတယ်ဆိုတဲ့ နိုင်ငံတွေတောင်မှ  စီးပွားရေး အ$ကျပ်အတည်းနဲ့ ကြုံရတဲ့ အခါ ကြုံရတာပဲ၊ ကျွန်မတို့ဟာပြည်ထောင်စုကြီးကို  တကယ့်တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေး အမွေအနှစ်သာ ပေးခဲ့နိုင်မယ်ဆိုရင်  ဒါဟာသုံးလို့မကုန် ဖြုန်းလို့မကုန်တဲ့ အမွေအနှစ်လို့ ပြောချင်ပါတယ်၊ ပထမပင်လုံစာချုပ်ဟာ ကျွန်မတို့ပြည်ထောင်စုအတွက် သမိုင်း စာမျက်နှာ တစ်မျက်နှာအသစ် လှန်ပေးလိုက်လို့ ပြည်သူလူထုဟာ အခုထိ သတိရတမ်းတနေကြတာဖြစ်ပါတယ်၊ ကျွန်မတို့ဟာ (၂၁)ရာစု ပင်လုံအနေနဲ့ သမိုင်း စာမျက်နှာ တစ်မျက်နှာလှန်ရုံမက သမိုင်းစာအုပ် အသစ်တစ်အုပ်ဖွင့်လှစ်ကြပါစို့လို့ မေတ္တာရပ်ခံချင်ပါတယ်။   ကျေးဇူးတင်ပါတယ်။''    ဟူ၍    ပါရှိသည်ကို   တွေ့ရ သည်။
ထာဝရသွေးစည်းချစ်ကြည်မှုပုံရိပ်များပင်ဖြစ်
ထို့အတူ နှစ်(၇ဝ)မြောက်ပြည်ထောင်စုနေ့ ကျင်းပသည့် ပင်လုံ ကျောက်တိုင်ဝင်း ၌ မြင်တွေ့ ခဲ့ရသည့် မြင်ကွင်းများကိုလည်း  ဆက်လက်တင်ပြလိုပါသည်။
၂ဝ၁၇ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂၊ နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့  ထိုနေ့ နံနက် ၇ နာရီမှစတင်ကာ ပြည်ထောင်စုနေ့ ကျင်းပရေးကော်မတီများ၊ တာဝန်ရှိ သူများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည် အေးချမ်းတဲ့ ရှမ်းပြည်နယ်၏ ရာသီဥတုဒဏ်ကို အန်တုရင်းဖြင့် တက်ြ<ွကသောခြေလှမ်း၊ ပြုံးရွှင်သောမျက်နှာ၊ တည်ကြည်သော စိတ်ဓာတ်များဖြင့် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရာ        ပြည်ထောင်စုကျောက်တိုင်ကြီးတည်ရှိရာ ကျောက်တိုင်ဝင်းအတွင်း၌ အိုးစည်ဗုံ မောင်းအတီးအမှုတ်အကအခုန်များဖြင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ချီတက်လာကြပြီး ကျောက် တိုင်ဝင်းအတွင်းသတ်မှတ်နေရာများတွင် စနစ်တကျဝင်ရောက်နေရာယူကြရာ တိုင်းရင်းသားတို့၏  အရောင်အသွေးစုံသည့်   တိုင်းရင်းသားဝတ်စုံများဖြင့် ပြည်ထောင်စုဥယျာဉ်ကြီးသဖွယ် လှပနေသည်။ မြန်မာ့ရုပ်မြင်သံကြားကလည်း အမိအရ မှတ်တမ်းတင်ရိုက်ကူးပြီး တိုက်ရိုက် ထုတ်လွှင့်ပြသနေပေသည်။
နှစ်(၇ဝ)မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကို  သတ်မှတ်အစီအစဉ် များအတိုင်းကျင်းပကြသည်။ အခမ်းအနားသို့ တက်ရောက်လာကြသည့်တိုင်းရင်းသား ညီအစ်ကိုများ၊ ယဉ်ကျေးမှုအကအဖွဲ့ဝင်များက ပင်လုံညီလာခံ သီချင်းဖြင့် စုပေါင်း ညီညာကပြဖျော်ဖြေသည့် မြင်ကွင်းသည်လည်း ထာဝရ သွေးစည်းချစ်ကြည်မှု ပုံရိပ်များပင်ဖြစ်ပါသည်။အခမ်းအနားအပြီးတွင် ပင်လုံဒေသသို့ ရောက်ရှိလာသည့် ရပ်နီးရပ်ဝေးမှ တိုင်းရင်းသားညီရင်းအစ်ကို မောင်နှမများက  ပြည်ထောင်စုကြီး သန္ဓေတည်ရာ ပင်လုံမြေ ၊ ပင်လုံပြည်ထောင်စု ကျောက်တိုင်ကြီးနှင့် အတူမှတ်တမ်း ဓာတ်ပုံများ တဖျပ်ဖျပ်ဖြင့် ရိုက်ကူးမှတ်တမ်းတင်နေကြသည်မှာလည်း ပင်လုံ၏ ဝိသေသဂုဏ်ကို  အလေးအနက်ထားပြီး  တိုင်းရင်းသားများ၏ ပြည်ထောင်စု နှလုံးသားထဲတွင် မှတ်ကျောက်တင်သွားကြသည်။ ပင်လုံစာချုပ်တွင် လက်မှတ်ရေး ထိုးခဲ့သည့် ခေါင်းဆောင်ကြီးများ၏ ဆွေမျိုးတော်စပ်သူများသည်လည်း ဝေးလံသည့် အရပ်ဒေသမှ လာရောက်ရ၍ ဖော်မပြနိုင်သော ဝမ်းသာပီတိများခံစားရကြောင်း ကိုလည်း ခေါင်းဆောင်ကြီးများ၏ ဆွေမျိုးတော်စပ်သူများ၏ ရင်းတွင်းစကားများ လည်းကြားသိခဲ့ရသည်။ ပင်လုံဆိုသည့်ဒေသကို ရောက်ရှိလာရန် အိပ်မက်တောင် မမက်ခဲ့ဘူးကြောင်း၊  ယင်းကဲ့သို့  လာရောက်နိုင်အောင်စီစဉ်ပေးသည့်ဗိုလ်ချုပ် အောင်ဆန်း၏သမီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အထူးပင်ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြသည်။  ဤသည်မှာလည်း  ပြည်ထောင် စု၏ တိုင်းရင်းသား သွေးသားရင်းများပီပီ အရေးကြီးလျှင်သွေးစည်း ချစ်ကြည်မှုပင်ဖြစ် ပါသည်။   ထို့ကြောင့် ၂ဝ၁၈ ခုနှစ်  (၇၁)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရာ ပင်လုံပြည်ထောင်စု ကျောက်တိုင်သို့ ရပ်နီးရပ်ဝေးမှ တိုင်းရင်းသား ညီရင်းအစ်ကိုများမှ ပင်လုံမြေသာစခန်းကို အရောက်လှမ်းလာကြပါစေလိုကြောင်း၊ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများရရှိခံစားနိုင်ကြပါစေ ကြောင်း ဖိတ်ခေါ်၍ (၇၁)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုရေးသားလိုက်ရပေသည်။     ။ မိုးလွင်ဦး(လွိုင်လင်)မြန်​မာ့အလင်း

No comments:

Post a Comment