Latest News

Thursday, February 22, 2018

ဝိတ်တန်းနှစ်ခုရဲ့ တစ်ဦးတည်း ချန်ပီယံဖြစ်ဖို့ ကြိုးစားပြင်ဆင်ထားတဲ့ အောင်လအန်ဆန်

ဝိတ်တန်းနှစ်ခုရဲ့ တစ်ဦးတည်း ချန်ပီယံဖြစ်ဖို့ ကြိုးစားပြင်ဆင်ထားတဲ့ အောင်လအန်ဆန်

ကမ္ဘာ့မစ်ဒယ ဝိတ်တန်း MMA ချန်ပီယံ အောင်လအန်ဆန်နှင့် တွေ့ဆုံခြင်း

ပထမဆုံးအနေနဲ့ ဒီပြိုင်ပွဲက ပုံမှန်ဝိတ်တန်းထက် တစ်ဆင့်မြင့်တဲ့အတန်းမှာ ချန်ပီယံ လုရမှာဆိုတော့ ခံစားချက်ကို ပြောပြပေးပါဦး။

One Championship မှာ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်နှစ်မျိုးကို တစ်ယောက်တည်း မရဖူးဘူးဆိုတော့ ဒါကသမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်တယ်။ ဒါကြောင့် ဒီပွဲအတွက် ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။

ပြိုင်ဘက်က ဘရာဇီးနိုင်ငံသားဆိုတော့ အချုပ်ပိုင်း ပညာဖြစ်တဲ့ ဂျူဂျစ်စုကို ပိုင်နိုင်တဲ့သူ တစ်ဦးဖြစ်တဲ့အတွက် ဒီအတွက် ဘယ်လိုပြင်ဆင်ထားပါသလဲ။

ဟုတ်ပါတယ်။ ကျွန်တော့်ထက် သူက ဂျူဂျစ်စုကို အားသာပေမယ့် ကျွန်တော် မကြောက်ပါဘူး။ သူက ဂျူဂျစ်စုပညာကို ငယ်ငယ်လေးကတည်းက သင်ကြားတတ်မြောက်ထားတာပါ။ ကျွန်တော်က ဒီလောကထဲ ကိုဝင်မှ သင်ကြားရတာဆိုတော့ ပညာပိုင်းတော့ ကွာပါတယ်။ ဒါပေမဲ့ သူ့အားသာချက်က ဂျူဂျစ်စုပါ။ သူ့အားနည်းချက်က ရပ်ပြီးတိုက်ခိုက်တဲ့ အပိုင်းပါ။ ဒီပြိုင်ပွဲမှာ အနိုင်ရဖို့အတွက်ရော ဘယ်လိုနည်းစနစ်ပိုင်းတွေကို အသုံးပြုသွားမလဲ။ ကျွန်တော့်အနေနဲ့ ရပ်ပြီးတိုက်ခိုက်တဲ့ အပိုင်းကို အများဆုံး အသုံးပြုမှာ ဖြစ်ပါတယ်။ ပြီးတော့ သူချုပ်တဲ့ အချိန်မှာ မချုပ်နိုင်အောင် နည်းစနစ်ပိုင်းတွေကိုလည်း လေ့ကျင့်ထားပါတယ်။

ပြိုင်ဘက် ကစားသမားရဲ့ ပွဲတွေကိုရော ကြည့်ထားလား။ ဘယ်လို အခြေအနေရှိလဲ။

နှစ်ပွဲ၊ သုံးပွဲလောက် ကြည့်ထားပါတယ်။ သူ့ရဲ့ပွဲအားလုံးကို ကြည့်စရာမလိုဘူး။ အကုန်ကြည့်ရင် နည်းစနစ်ပိုင်း မှားသွားနိုင်လို့ပါ။ အဲဒီတော့ နောက်ဆုံးနှစ်ပွဲ၊ သုံးပွဲလောက်ကြည့်ရင် လုံလောက်ပါပြီ။ ဘယ်လို အခြေအနေရှိလဲဆိုတော့ သူက ဂျူဂျစ်စုပိုင်းမှာ အားသာပါတယ်။

အရင်ပွဲတွေကလို ဒီပွဲမှာရော ဘယ်နှချီနဲ့ အနိုင်ယူမယ်လို့ ထင်လဲ။

ဒီပွဲက သိပ်မသေချာဘူး။ သူဘယ်လောက် လေ့ကျင့်ထားလဲ ကျွန်တော်မသိဘူး။ အကယ်၍ သူသက်လုံ ကောင်းရင် သုံးချီလောက်အထိ ထိုးနိုင်မယ်။ သက်လုံမကောင်းရင်တော့ နှစ်ချီလောက်ပေါ့။ ဒါကြောင့် သူ့ အမှားကိုပဲ စောင့်ရမှာ ဖြစ်တဲ့အတွက် ဘယ်နှချီနဲ့ အနိုင်ယူမလဲ ဆိုတာတော့ မပြောနိုင်ပါဘူး။

ဒီပွဲနိုင်ရင်ကမ္ဘာ့ချန်ပီယံနှစ်ခုယူပြီး မြန်မာနိုင်ငံမှာ နှစ်ကြိမ်အောင်ပွဲခံပြီး သမိုင်းသစ် ရေးထိုးနိုင်မယ့် အခွင့်အရေးအတွက် ဘယ်လိုခံစားရလဲ။

ကျွန်တော့်ပန်းတိုင်က ကမ္ဘာ့မစ်ဒယ်ဝိတ် တန်းချန်ပီယံဖြစ်ဖို့ပါ။ အခု ပန်းတိုင်ရောက်နေပြီ။ နောက်ထပ်ပန်း တိုင်က ကမ္ဘာ့လိုက် ဟဲဗီးဝိတ်တန်းခါးပတ်ကို အရယူဖို့ပါ။ ပြိုင်ဘက်ကိုလည်း လေးစားပါတယ်။ မြန် မာနိုင်ငံ အတွက် ဂုဏ်ယူနိုင်အောင်ကြိုးစားမှာပါ။ မိသားစုနဲ့ခွဲပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတဲ့အတွက် ကျွန် တော့်ပန်းတိုင်ကို အရောက်သွားမှာပါ။ ကျွန်တော် MMA ကစားတာ အပျော်ကစားတာ မဟုတ်ပါ ဘူး။ ကမ္ဘာ့ ချန်ပီယံဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကစားတာပါ။ အခုဆိုရင် နှစ်ထပ်ကွမ်း ချန်ပီယံဖြစ်မယ့် အခွင့်အရေးဆိုတော့ အရမ်းပျော်တယ်။ မြန်မာနိုင်ငံမှာပဲ အောင်ပွဲရတာဆိုတော့ ပိုပျော်တယ်။ ကျွန်တော့်ကို အားပေးတဲ့ မြန်မာနိုင်ငံက ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။

အစ်ကို့အနေနဲ့ အခုပြိုင်ပွဲက ကိုယ့်ဝိတ်တန်းထက် တစ်ဆင့်မြင့်ပြီး ယှဉ်ပြိုင်တာဆိုတော့ နောက်ထပ်တိုးပြီး ယှဉ်ပြိုင်ဦးမလား။

ဒီထက်တော့ မတိုးတော့ဘူး။ ဟဲဗီးဝိတ်ကတော့ မကစားတော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော် ဟဲဗီးဝိတ်နဲ့ လေ့ကျင့်တယ်။ အရပ် ၇ ပေလောက်ရှိတဲ့သူတွေဆိုတော့ ကျွန်တော့် အရပ်က ၆ ပေလောက်ပဲရှိ တော့ မဖြစ်နိုင်ဘူး။

အခု အသက်က ၃ဝ ကျော်ပြီဆိုတော့ ဘယ်တော့လောက် အနားယူမလဲ။
အနားယူပြီးရင်ရော ဘာတွေ ဆက်လုပ်မလဲ။

အနားယူတဲ့အချိန်မှာ ဘာလုပ်မလဲဆိုတော့ မြန်မာနိုင်ငံမှာ MMA ကစားချင်တဲ့သူရှိရင် သူတို့ကို သင်ပေးဖို့ ရည်ရွယ်ထားတယ်။ အဲဒါအဆင်မပြေရင်တော့ တခြားစီးပွားရေး လုပ်ရမှာပေါ့။

One Championship မှာ ခါးပတ်နှစ်ခုရထားတာ တခြားတစ်ဦး ရှိတယ်ဆိုတော့ အစ်ကိုအခုရရင် အတူတူ ဖြစ်သွားမလား။

အဲဒါကမတူပါဘူး။ သူတို့က လိုက်ဝိတ်နဲ့ ဖယ်သာဝိတ် ၁ဝ ပေါင်ပဲကွာတယ်။ ကျွန်တော်က မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်က ပေါင် ၂ဝ ကွာတယ်။ အဲဒါကွာခြားပါတယ်။ ၂ဝ၁၈ ခုနှစ်မှာ ဘယ်နှပွဲလောက် ယှဉ်ပြိုင်ဖို့ရှိလဲ။ သုံးပွဲလောက်ယှဉ်ပြိုင်ချင်တယ်။ ဒီပွဲနိုင်ပြီး မစ်ဒယ်ဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်ချင်တယ်။နောက်ပြီး  ဒီနှစ်မကုန်ခင် လိုက်ဟဲဗီးဝိတ်ခါးပတ်ကို ကာကွယ်ချင်တယ်။

ဒီပွဲပြီးရင် မြန်မာနိုင်ငံ လာဖို့ရှိသေးလား။

မတ်လမှာ ကျွန်တော့်အမျိုးသမီးနဲ့ သားကိုပါခေါ်ပြီး ပြန်လာမယ်။ တစ်ပတ်လောက်နေမယ်။ အဓိကကတော့  ကျွန်တော့် မိသားစုကို မြန်မာနိုင်ငံရဲ့အလှအပနဲ့ အစားအစာတွေကို သိစေချင်လို့ပါ။

ဒီပွဲနဲ့ပတ်သက်ပြီး  မြန်မာပရိသတ်တွေအတွက် ဘာများ ပြောချင်သေးလဲ။

မြန်မာပရိသတ်တွေအားလုံး ဂုဏ်ယူနိုင်အောင် ကျွန်တော် အစွမ်းကုန် ကြိုးစားထားပါတယ်။ ဒီပွဲမှာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားတယ်။ အောင်မြင်မှုက ကြိုးစားမှုနဲ့ သက်ဆိုင်တယ်။ကြိုးစားသလောက် အောင်မြင်နိုင်တယ်။ အဲဒီအတွက် ကျွန်တော်ကြိုးစားထားတော့ အောင်မြင်မှုရမယ်လို့ ယုံကြည်တယ်။ ဒီပွဲမှာလည်း အကောင်းဆုံးဖြစ်မယ်လို့ ရာနှုန်းပြည့် ယုံကြည်ထားပါတယ်။မြ၀တီ

No comments:

Post a Comment