ရန်ကုန် ဖေဖော်ဝါရီ ၂၁
ရန်ကုန်မြို့ရှိ ရေမြောင်းစနစ်နှင့် အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အအုံများကို အဆင့်မြှင့်တင်၍ သဘာဝဘေး အန္တရာယ် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ယမန်နေ့က ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသော မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု စီမံကိန်း မိတ်ဆက်ပွဲမှ သိရသည်။
အဆိုပါစီမံကိန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ဦးဆောင်၍ ကမ္ဘာ့ဘဏ်၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ကမ္ဘာ့ ဘဏ်မှချေးငွေ အမေရိကန်ဒေါ်လာ ၁၁၆ သန်းနှင့် ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် နိုင်ငံတကာ အလှူရှင်များစွာ ပါဝင်သည့် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် အာမခံရန်ပုံငွေ (SEADRIF) အတွက် ပံ့ပိုးကူညီငွေ အမေရိကန်ဒေါ်လာ တစ်သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁၇ သန်း ဖြင့် ရန်ကုန်မြို့၏ သဘာဝ ဘေးအန္တရာယ်နှင့် သက်ဆိုင်သည့် လုပ်ငန်းများ၊ ရန်ကုန်မြို့ရှိ ရေမြောင်း စနစ်များနှင့် အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အအုံများကို အဆင့်မြှင့်တင်မည် ဖြစ်သည်။
စီမံကိန်း Process များ အနေဖြင့် ပြည်ထောင်စု အစိုးရကသာ ဆောင်ရွက်နိုင် သည့် စီမံကိန်းတစ်ခု ဖြစ်သောကြောင့် ယင်းစီမံကိန်းငွေကြေးကို ပြည်ပမှ ချေးယူရမည်ဖြစ်၍ ပြည်ထောင်စုလွှတ်တော် ၌ တင်ပြကာ အတည်ပြုချက် ယူရမည်ဖြစ်သည်။
ယင်းစီမံကိန်းကို ပြီးခဲ့သည့်နှစ်က ကမ္ဘာ့ဘဏ်ဒါရိုက်တာ ဘုတ်အဖွဲ့က အတည်ပြုခဲ့ပြီး ရန်ကုန်မြို့ ရေမြောင်းစနစ်နှင့် အရေးပါသော အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရန် စာချုပ်များ ချုပ်ဆိုခဲ့ပြီးဖြစ် ကြောင်း သိရသည်။မြ၀တီ
No comments:
Post a Comment