Latest News

Friday, February 16, 2018

တိမ်မျှင်တစ်ခုရယ်သာ

တိမ်မျှင်တစ်ခုရယ်သာ

        သူဖြစ်ချင်တာ တိမ်ထုကြီးတစ်ခု။ လောကကြီးကို ထစ်ချုန်း ကြိမ်းဝါးပစ်ချင်တဲ့ မိုးတိမ်တောင်တိမ်ထုကြီးတစ်ခု။ ဒါပေမဲ့ သူဖြစ်ခွင့်ရ တာကတိမ်မျှင်လေးတစ်ခုရယ်သာပါ။

 မကျေနပ်ချက်တွေ အများကြီးနဲ့သူ။ စိတ်တိုင်းမကျတာတွေ ပြည့်သိပ်နေတဲ့သူ။ ဖြစ်ခွင့်သာရှိရင် မိုးတိမ်တောင်ကြီးတစ်ခုအဖြစ်နဲ့ တစ်လောကလုံးကို မကျေနပ်တာတွေ ပွင့်အန်သွန်ချပြီး၊ ထစ်ချုံး ဟိန်းဟောက်ပစ်လိုက်ချင်တာပါ။ တစ်လောကလုံး ချောက်ချား သွားအောင်ကို မာန်တွေထုတ်ပြချင်မိခဲ့တဲ့သူ။

 သူ့ကို မြန်မာပြည်အထက်ပိုင်း ဒေသတစ်ခုမှာမွေးခဲ့တယ်။ ညီအကိုမောင်နှမတွေထဲမှာ သူကအငယ်ဆုံးသား။ အားလုံးက အလိုလိုက်ထားတာပေါ့။ ဉာဏ်လည်းကောင်းတယ်။ စာလည်း တော်တယ်။ ခက်တာက မိသားစုက အလိုလိုက်ထားခဲ့တဲ့အတွက် ပေပေတေတေနေတတ်တာပါပဲ။ မြန်မာပြည်အထက်ပိုင်းရဲ့ ယဉ်ကျေးမှု တစ်ခုက သားတွေထဲမှာ တစ်ယောက်လောက် သာသနာ့ဘောင်ထဲရှိရင် မိသားစု ဂုဏ်ရှိတယ်ဆိုတဲ့ ယဉ်ကျေးမှုလေးပါပဲ။ သားတွေပါလာတဲ့အထဲ မှာ ဒီသားလေးက အငယ်ဆုံးလေးဆိုတော့ လောကထဲမှာ မပင်ပန်းစေချင်တော့ မိဘ ဆွေမျိုးတွေက ရှင်သာမဏေ၀တ်ပေးပြီး ၁၂ နှစ်အရွယ်မှာ မန္တလေးကိုထည့်လိုက်တယ်။

 သူတို့သား သူတို့မောင် သာသနာ့အာဇာနည်တစ်ပါး ဖြစ်လာစေဖို့ ပေါ့။ လောကကြီးရဲ့မာယာက မထင်ထားတာတွေပဲ ဖြစ်တတ်တာလေ။ သူစာတော်ပါတယ်။ ကိုရင်လေး စာတော်တယ်။ ဒါပေမဲ့ ရွတ်တယ်၊ ပေတယ်။ အိမ်မှာအငယ်ဆုံးဆိုတော့ အခုလည်း ဘယ်သူနဲ့မှ မတည့်ဘူး။ ဦးဇင်းတွေနဲ့ပါ မတည့်တာပါ။ နာမည်ဆိုးတောင်ရှိချင်လာတော့တယ်။ အသားလေးဖြူတယ်၊ ရုပ်ရည်လေးသန့်တယ်။ ဒါပေမဲ့ ဆွမ်းခံလို့မရရင် ဘာမှမစားပဲ မှောက်အိပ်နေတဲ့အထိ ပေပါတယ်။

 စာမေးပွဲဖြေရင်တော့ အမှတ်တွေကောင်းနေတတ်တယ်။ သူက စာကိုကျက်စရာမလိုပဲ မှတ်မိနေတတ်တာ။ ဉာဏ်ကောင်းတော့ ပေါ့တယ်။ ဒါပေမဲ့ ရည်ရွယ်ချက်တော့ရှိပါတယ်။ ဆိုးတာက ကြာလေ ကြာလေ ပတ်ဝန်းကျင်နဲ့ အဆင်မပြေဖြစ်လာတာပါပဲ။ ဒါကတော့ မိဘ အလိုလိုက်ခဲ့တဲ့ ဆိုးကျိုးပေါ့။ စကားပြောကလည်း တော်တော် နားထောင်ရခက်ပါတယ်။

 သူစာသင်တိုက်ရောက်တဲ့နှစ်မှာပဲ သူ့ရဲ့ဆရာဖြစ်လာမဲ့ သူအရမ်း ချစ်မဲ့ ရဟန်းတစ်ပါး သူနေတဲ့ စာသင်တိုက်ကို ရောက်လာပါတယ်။ သူ့အကျင့်အတိုင်း ရဟန်းတွေကို မလေးမစားဆက်ဆံတတ်တော့ သူ့ဆရာဖြစ်လာမဲ့ရဟန်းကိုလည်း မလေးမစားဆက်ဆံမိလိုက်တယ်။ သူမှားသွားတာက သူ့ဆရာဖြစ်လာမဲ့ ရဟန်းက သူ့ဂုဏ်သိက္ခာကို အရမ်းတန်ဘိုးထားတယ်ဆိုတာပါပဲ။ ဒီတော့ သူ့ရဲ့ မလေးမစားဆက်ဆံ မှုကို ရဟန်းတော်က ဇက်ပိုးကို ခပ်ဆတ်ဆတ်အုပ်လိုက်ပြီး "ငါ မင်းဆက်ဆံနေတဲ့ ရဟန်းမျိုးမဟုတ်ဘူး"လို့ အသံအုပ်အုပ်နဲ့ ပြောပြီး တုံ့ပြန်လိုက်တယ်။

 သူအံ့သြတုန်လှုပ်သွားတယ်။ သူမျှော်လင့်ထားတာ အဲဒီလို မဟုတ်ခဲ့ဘူးလေ။ သူထိတ်လန့်မှုနဲ့အတူ အတွင်းစိတ်က အဲဒီအချိန်ထဲက မသိမသာဆရာကို လေးစားချစ်ခင်သွားတယ်။ ဆရာက ဘယ်သူနဲ့မှကို မတူတာပဲကိုး။ ဆရာက အနေတည်တယ်။ ဖော်ရွေတယ်။ သန့်သန့်နေတတ်တယ်။ ဆရာက စာအရမ်းတော်တယ်။ စာချတန်းကို ပေါ့ပေါ့ပါးပါးလေး အောင်သွားပြီး စာချတောင်ပြန်ဖြစ်နေပြီ။ သူဆရာ့ကို အရမ်းလဲလေးစားတယ်။ ချစ်လဲချစ်တယ်။

 ဆရာက သူစာချဖြစ်လာကတည်းက တပည့်တွေကို အရမ်း မေတ္တာကြီးတာ။ သူလည်း ဆရာ့ရဲ့ တပည့်တစ်ပါးဖြစ်ခဲ့ရတယ်လေ။ ပထမဆုံးတွေ့ချိန်မှာ ဇက်ပိုးအုပ်ခံလိုက်ရတာကလွဲလို့ ဆရာက ဒီနေ့အထိ သူ့ကိုမိဘလို စောင့်ရှောက်နေပြီလေ။ ဆရာညွှန်ကြားတဲ့ အတိုင်းသူမနေနိုင်တာက သူ့ရဲ့အားနည်းချက်ပါပဲ။ ငယ်သေးတော့ ဘ၀ကိုနားလည်းမလည်တတ်ခဲ့ဘူး။ သူကအလုပ်လုပ်ရင် အမှားအမြဲ ဖြစ်တတ်တာ အစဉ်အလာကိုဖြစ်နေတယ်။ ဆရာက ခဏခဏဆုံးမပေမဲ့ သူပြင်လို့မရဘူး။

 သူကိုင်တဲ့ဖန်ခွက် ကျကွဲတတ်တယ်။ သူကိုင်တဲ့ပစ္စည်း ပျက်တတ်တယ်။ သူစီစဉ်ရင် အမြဲအမှားကြုံတတ်တယ်။ ကားလက်မှတ် ဖြတ်ထားရင် အမြဲနောက်ကျတတ်တယ်။ ရထားစီးလည်း အမြဲနောက်ကျ တတ်တယ်။ ခရီးတစ်ခုကို လက်မှတ် ၂-ခါဝယ်မှ ပါသွားတတ်တယ်။ ဆရာက သူ့ကို အမြဲဆုံးမတယ်။ သူကလည်း အမြဲဖြစ်နေကျအတိုင်း မပြောင်းမလဲလေ။ ဆရာ့ခမျာသနားစရာပါ။ အချိုးမပြင်လာသော တပည့်ကိုဆုံးမရင်း ဆုံးမရင်းနဲ့ တစ်နေ့ဆရာနဲ့ လမ်းစခွဲရတယ်။ တိုးတက်ဖို့ရာအတွက် ဆရာက ဓမ္မာစရိယတန်းကောင်းကောင်း လုပ်လို့ရမဲ့ ကျောင်းကို ပြောင်းခိုင်းတယ်။

 ဒီမှာတင် သူလမ်းပျောက်ဖို့ စတော့တာပါပဲ။ သူစာမကြိုးစားခဲ့ဘူး။ သူစိတ်ကစားလာမိတယ်။ သူ့စိတ်တွေ ဆရာဆုံးမနေတဲ့ကြားက ဆန့်ကျင်ဘက်အာရုံမှာ သာယာလာမိတယ်။ ဆရာက ဖုန်းနဲ့အမြဲ စာသင်တိုက်ကောင်းကောင်း မြန်မြန်ဝင်ဖို့ပြောပေမဲ့ သူ့ရည်ရွယ်ချက်က လူထွက်ဖို့ ဖြစ်လာတယ်။ ဓမ္မာစရိယတန်းမှာ အခက်ဆုံး ပါရာဇိကဏ်ကျမ်းကို အောင်ပြီးခါမှ သူ့ရည်ရွယ်ချက်တွေေ၀၀ါး ကုန်တယ်။ သူ တံလျှပ်ကို ရေထင်မိခဲ့ပြီလေ။ ဆရာက စာသင်တိုက်ဝင်ဖို့ ပြောနေပေမဲ့ သူက ကွန်ပျူတာသင်တန်းပဲတက်တော့မယ်လို့ ပြန်ဖြေလိုက်ချိန်မှာ ပါးနပ်လွန်းတဲ့ ဆရာက "မင်းလူထွက်မလို့မလား၊ မင်းအကြောင်းကို ရိပ်မိတာကြာပြီ။ အေး - ကိုယ်လုပ်ချင်တာလုပ်ပြီးရင်၊ ငါ့ကိုပြန်မပတ်သက်နဲ့တော့။ ဘယ်တော့မှ ငါ့ကို မဆက်သွယ်နဲ့တော့။ ငါနဲ့မင်းနဲ့ကိစ္စ ဒီမှာတင်ပြီးပြီ"လို့ ပြောလိုက်ချိန်မှာ သူမျက်ရည်မထိန်းနိုင် ဖြစ်ခဲ့ရပြီလေ။ ဆရာက တကယ်စွန့်လိုက်ပြီလား။

 ဆရာက ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တယ်။ ငယ်ငယ်က ဇက်ပိုးတစ်ချက်အုပ်ခံရတုန်းက တုန်လှုပ်သွားတာထက် အဆအရာ အထောင်မက တုန်လှုပ်ခံစားလိုက်ရတယ်။ ဆရာသူ့ကို တကယ် ပြတ်သွားပြီလားပေါ့။ ဒါပေမဲ့ သူအမြင်မှန်မရခဲ့ပါဘူး။ တစ်ဘက်က အားသာလွန်းနေတော့ သူလူထွက်ဖြစ်သွားတယ်။ သူ့မိဘတွေလည်း ရင်ကျိုးကုန်ကြတယ်။ သူအားလုံးနဲ့ အဆက်ဖြတ်လိုက်တယ်။ အားလုံးနဲ့ကို အဆက်ပြတ်သွားတာပါ။ ဆရာအပါအ၀င်ပေါ့။

 လောကနိဗ္ဗာန်လို့ သူထင်နေတဲ့အိပ်မက်ဟာ သိပ်မကြာခင်လေး မှာတင် မြန်မြန်ဆန်ဆန် ပျက်ဆီးသွားပါတော့တယ်။ သူ့ကို သူ့ကောင်မလေးက ထားခဲ့ပြီလေ။ တကယ်တမ်းကျတော့ သူဟာ ဘာမှမှမဟုတ်တာကိုး။ တန်းပညာ ၄ တန်းလောက်သာ တတ်ခဲ့တဲ့သူ။ မိဘကြောင့် သာသနာ့ဘောင်ရောက်ခဲ့ရသူ။ သာသနာ့ဘောင်မှာ ထူးချွန်အောင်ဆက်မရှောက်ခဲ့သူ။ ပညာရပ် ၂ ဘက်လုံးမှာ မပြီးဆုံးသူ။ အလုပ်အကိုင်မရှိသူ။ သူလိုလူမျိုး ဘယ်လိုသမီးရှင်က သဘောတူပါ့မလဲ။ သူလိုလူမျိုး ဘယ်လိုမိန်းကလေးကလည်း တစ်ဘ၀စာပုံအပ်ပါ့မလဲ။ သာတဲ့သူနောက်ပါသွားပြီပေါ့။

 သူအမြင်မှန်မရသေးပါဘူး။ မခံချင်စိတ်နဲ့ ဘ၀ကို အံတုချင်တယ်။ သူဆက်ရွတ်နေတယ်။ ငယ်ငယ်က ဆွမ်းမရလဲ ဗိုက်မှောက်နေခဲ့တဲ့ သူ့ဗီဇကပါလာတာကိုး။ သူထမင်းငတ်တယ်။ သူဒုက္ခတွေတွေ့တယ်။ သူအဆင်မပြေတာတွေ ဆက်တိုက်တွေ့တယ်။ ကံကောင်း ထောက်မစွာ ဆရာနဲ့ အဆက်အသွယ်ပြန်ရတယ်။ သူဝမ်းသာသွားတာလေ။ တကယ့်ကို မျက်ရည်လည်ရွဲ ၀မ်းသာသွားတာပါ။

 သူ့မှာ အလင်းပျောက်နေပြီ။ သူ့ကို ဘယ်သူမှ လက်မခံချင်တော့ ဘူး။ ဒါကလည်း သူ့အမှားသက်သက်ပဲကိုး။ တစ်ဘက်မှာ မွှန်ပြီး အားလုံးကို အဆက်ဖြတ်ခဲ့တာကိုး။ ဆရာက မေတ္တာမပျက်တာ တွေ့ရတော့ သူအားဖြစ်မိတယ်။ ဆရာ့ရဲ့ အရိပ်ကို ပြန်နားခွင့်ရတယ်။ ဆရာက လောကထဲမှာ အသုံးတဲ့မဲ့ ပညာရပ်တွေဖြည့်ပေးတယ်။ English, Computer အကုန်သင်ပေးပြန်ပါတယ်။

 သူအမြင်မှန်မရသေးပြန်ပါဘူး။ အသက်မွေးဝမ်းကြောင်းလေး နဲနဲ တတ်လာတော့ သူလောကကြီးကို အံတုချင်လာပြန်တယ်။ သူမကျေနပ် သောလောကကြီး၊ သူ့ကိုလှည့်စားခဲ့တဲ့လောကကြီး၊ သူမာန်တွေနဲ့ ပြန်တုံ့ပြန်ချင်မိခဲ့တယ်။ ထစ်ချုံးမိုးတွေရွာချပြီး ပြန်အံတုချင်တယ်။ ဆရာ့ရင်ကို တစ်ခါပြန်ကန်ခဲ့မိပြန်တော့တာပေါ့။ ဆရာက မထူးဆန်းတဲ့ မျက်နှာပေးနဲ့ တုံ့ပြန်လိုက်ပါတယ်။ ဆရာ့ရဲ့ တုံ့ပြန်မှုတိုင်း သူမျက်ရည် ကျရတာပါပဲ။ ဆရာက ပညာရှိတော့ စကားများများမပြောပဲ စကားလုံး ကျစ်ကျစ်လျစ်လျစ် နဲ့ လေသံနဲ့တင် လူကိုအသေသတ်သလို ပြောတတ်တာလေ။

 သူမာန်မလျှော့သေးပါဘူး။ ဆရာ့ကို ကန်မိတိုင်း သူဒုက္ခ ရောက်တာ အရမ်းသိသိသာသာဖြစ်လာတယ်။ ဆရာ့မှာရှိတဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် က သူအနီးကပ်နေထားတော့ သိထားပြီးသား။ ဒါ့အပြင်ဆရာ့ရဲ့ မေတ္တာက မိဘအရင်းထက်တောင်သာတာ သူကောင်းကောင်းသိထားတယ်။ ဒါကြောင့် ဆရာ့ကို တစ်ခါ ကန်မိတိုင်း သူဒုက္ခရောက်မှာသိနေတယ်။ အဲဒီအသိကို ဆန့်ကျင်ဘက်အာရုံရဲ့ ဆွဲအားကလွှမ်းမိုးသွားပြန်ပါတယ်။

 ဆရာ့ကို တစ်ခါပစ်ထားခဲ့တိုင်း တစ်ခါဒုက္ခရောက်နေတဲ့သူ၊ မရိုးနိုင်သော ဒုက္ခတွေတွေ့နေရပါပေါ့လား။ ဒါပေမဲ့လဲ ဆရာက မိဘလိုကိုဖြစ်နေတော့ ဒုက္ခရောက်တိုင်းလဲ သူ့အနားဘယ်သူမှ မရှိချိန် ဆရာရှိနေတတ်ပြန်ပါတယ်။ သူဘယ်လောက် ဆက်မှားနေဦးမလဲ၊ ဘယ်လိုတွေ ရင်ဆိုင်ရဦးမလဲ သူမတွေးတတ်ဘူး။ မမြင်တတ်ဘူး။ ဒါပေမဲ့ ဆရာကတော့ အဆုံးစွန်ကို သူ့ရဲ့လမ်းကြောင်းကို ပြောပြပြီးပြီ။

 ဆရာကပြောတယ်။ လွှင့်ချင်သလောက်လွှင့်၊ လွင့်ချင်သလောက် လွင့်ပေတော့တဲ့။ မနိုင်တဲ့ပြဿနာတွေ မဖြစ်စေနဲ့။ နိုင်တာမှန်သမျှ အကုန်ရှင်းပေးမယ်တဲ့။ ဒုက္ခရောက်တိုင်း ခဏတော့ အမြဲနားခွင့်ပြု တယ်တဲ့။ ဒါပေမဲ့ ထာဝရဆိုတာကတော့ စဉ်းစားရမယ်တဲ့။ သူနားလည် ပါတယ်။ ဒါအဆုံးစွန်သော လိုက်လျောမှုပဲလေ။ ဆရာ့ကို အရမ်းချစ်ပါတယ်။ တစ်လောကလုံးမှာ ဆရာ့လောက်ချစ်သူ မရှိတော့ပါဘူး။ သို့သော် လောကကို သူအံတုကြည့်ချင်ပါသေးတယ်။

 အံတုချင်သော်လည်းပဲ၊ ထစ်ချုံးပြလိုက်ချင်သော်လည်းပဲ၊ သူ့ဘ၀ဟာ တိမ်ထုကြီးဘယ်တော့မှ ဖြစ်မလာခဲ့ပါဘူး။ မျှော်လင့်ချက် ရေးရေးလေးပဲရှိတဲ့ ဘာမှ အတည်တစ်ကျမရှိတဲ့ တိမ်မျှင်လို ဘ၀မျိုး ရယ်သာပါ။ လိုသုံးခဏသာ အသုံးခံရပြီး၊ အမေ့ခံဘ၀မှာသာ နေရတဲ့၊ တန်ဘိုးထားခြင်းမခံရတဲ့ ဘာမှမထင်ရှားသော တိမ်မျှင်လေး တစ်ခုမျှရယ်ပါ။ ဘယ်အချိန် လွင့်ပြယ်သွားလေမလဲလို့ စိုးရိမ်စွာနဲ့ပဲ ဘ၀ကိုတည်ဆောက်နေရသူရယ်ပါ။

 သူဖြစ်ချင်ခဲ့တာ တိမ်တိုက်ကြီး၊ သူဖြစ်နေရတာ တိမ်မျှင်လေးမှ ခပ်ရေးရေးသာထင်တဲ့ တိမ်မျှင်လေးရယ်ပါ။ ရွေးချယ်ပြီးတဲ့လမ်းကို သူဆက်လျှောက်ရမှာပဲလေ။ ဆရာ့ဆုံးမမှုတွေက အခုမှ အသုံးတည့်နေတော့တာပါ။ ဆရာကလူတွေအကြောင်းသင်ပြတယ်။ အပြောင်းအလဲတွေအကြောင်းသင်ပြတယ်။ စာထဲမှာ မပါတာတွေ သင်ပြတယ်။ သူ ဆရာ့ကို ကျေးဇူးအရမ်းတင်တယ်။ အရမ်းလည်း ချစ်ပါတယ်။

 ဒါပေမဲ့ လူဆိုတာ စရိုက်တို့ ဗီဇတို့နဲ့ တည်ဆောက်ထားတဲ့ သက်ရှိဆိုတော့ သူ့ဗီဇအတိုင်းတော့ ဆက်မှားနေမိဦးတော့မှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ဖြစ်တည်မှု တိမ်မျှင်သာသာဘ၀လေးကို ပုံရိပ်မပျောက်ရအောင် ဆရာကတော့ အမြဲလိုက်ကြိုးစားပြုပြင်ပေး လျက်ပါပဲ။ တိမ်မျှင်လေးရဲ့ မသေချာတဲ့ ပုံရိပ်လေး ပျက်ပြယ် လွင့်ပျောက်သွားရရင်တောင်မှ သူကျေနပ်ပါတယ်။ ဒီနေ့အထိ တိမ်မျှင်လေးအဖြစ် ဆက်ရပ်တည်နိုင်အောင် ဖာထေးပြုပြင်မွန်းမံ ပေးနေရှာတဲ့ ဆရာ့ကို သူအကြိမ်ကြိမ်ရှိခိုးဦးချနေမိပါတော့တယ်။

 စာသင်သား လူငယ်လေးများ အမှားလမ်းမလိုက်မိစေဖို့ ရည်ရွယ်လျက်...................

အရှင်သုစိတ္တ (မော်ကျွန်း)
မေတ္တာဖြင့်ရေးသားသည်။
၂၂-၁၀-၂၀၁၇၊ ညနေ ၅း၁၅ တွင် ပြီးသည်။

No comments:

Post a Comment