Latest News

Sunday, February 4, 2018

လူမွဲတို့၏ ထွက်ရပ်လမ်း ပညာခန်းကိုဖွင့် - ​ဆောင်းပါး

လူမွဲတို့၏ ထွက်ရပ်လမ်း ပညာခန်းကိုဖွင့် - ​ဆောင်းပါး

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကြီးနှင့် အလှူ ရေစက်လက်နှင့်မကွာသူ အမေရိကန်ကြီး ဘီလ်ဂိတ်သည် ကမ္ဘာတစ်လွှားဆင်းရဲမွဲတေ မှုလျှော့ချရေးအလို့ငှာ 'ထိပ်တန်းနွားမကြီး' (ဝါ)Super Cow  ဟု အမည်ပေးထားသော သုတေသနလုပ်ငန်း အစီအစဉ်တစ်ရပ် အတွက် ဒေါ်လာသန်း ၄ဝ လှူဒါန်းပါမည် ဟု ကတိပြုလိုက်သည်ဆိုသော သတင်း တစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရလေသောအခါ ''လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ် တော့မည်'' ဟူသော ဂီတစာဆို ဆရာရွှေ တိုင်ညွန့်၏ 'နဂါးနီ' သီချင်းတစ်ပိုင်းတစ်စ ကို ပြန်လည်ကြားယောင်မိလေ၏။

ကိုလိုနီခေတ်ဦးကာလက ထင်ပေါ်ကျော်ကြားခဲ့သော နဂါးနီစာအုပ်အသင်း ကြီး၏ မူဝါဒများကို သခင်လူငယ်များက ပြည်သူတို့သိစေလိုသဖြင့် သီချင်းတစ်ပုဒ် ဖြင့် ဝါဒဖြန့်ချိရာမှ ''ဆင်းရဲခြင်း လွတ်ကင်းအောင်၊ လမ်းပြဆောင်ပါမည်၊ ရတနာခုနစ်သွယ် တကယ်ပင်စုံညီ တို့အမျိုးသားတိုင်း ပြည်၊ မွဲတဲ့လူ လှူဒါန်းနိုင်မည်၊ ကျောင်း ဆောက်ကာ ဘုရားတည်၊ ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဇဂေါဏတို့ မတဲ့ကိန်းဆိုက်မည်'' အစရှိသည့် တေးသီချင်းမှာ မြန်ပြည်
တစ်ခွင် မော်ကြွားလောက်ခဲ့လေသည်။

'ထိပ်တန်းနွားမကြီး' စီမံကိန်းဟူသည် ကား နို့ထွက်ကောင်းသော နွားမကြီးများ၊ ဥထွက်ကောင်းသော ကြက်မကြီးများ အရေအတွက် တိုးပွားလာစေရေးအတွက် မွေးမြူရေးသမားများအား မျိုးကောင်းမျိုး သန့် တိရစ္ဆာန်များ ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်သည့် သုတေသနစီမံကိန်းတစ်ရပ် ပင်ဖြစ်လေသည်။

ဝင်ငွေနည်း ပြည်သူများနှင့် အလယ် အလတ်တန်း ဝင်ငွေရှိပြည်သူများနေထိုင် ရာ နိုင်ငံများ၌ လူပေါင်းသန်း ၇၅ဝ မှာ ကျွဲ၊ နွား မွေးမြူခြင်း၊ ဆိတ်မွေးမြူခြင်း၊ သိုး မွေးမြူခြင်းစသည့် တိရစ္ဆာန်မွေးမြူရေးလုပ် ငန်းအပေါ် တည်မှီနေထိုင်ကြရပေရာ ယင်းစီမံကိန်းက ဆင်းရဲမှုလျှော့ချရေး ရည်
မှန်းချက်ကို ဖော်ဆောင်ပေလိမ့်မည်။

ထောင်စုနှစ်ရည်မှန်းချက်များ

ကုလသမဂ္ဂ၏ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များကို ကျွန်ုပ်လေ့လာဖတ်ရှု လေသောအခါ ဆာလောင်မွတ်သိပ်မှုနှင့်
ကုန်းကောက်စရာမရှိအောင်  ဆင်းရဲမှု ချုပ်ငြိမ်းရေးကို နိုင်ငံတကာ အစီအစဉ်တစ်ရပ်အဖြစ် လုပ်ဆောင်သွားရန် သတ် မှတ်ထားသည်ဟု မှတ်သားရပြန်ရာ ဆင်းရဲ သားများအတွက်  ဤကဲ့သို့သော သတင်း ကောင်းမျိုး တိုး၍တိုး၍ ကြားသိရပါလို၏ဟူသော စိတ်ဆန္ဒဖြစ်မိ၏။

'ဆာလောင်မွတ်သိပ်မှု' တည်းဟူသော ဝေါဟာရကို ကျွန်ုပ်လေ့လာကြည့်သော အခါဝယ် အမေရိကန်သမ္မတတစ်ဦးဖြစ်ခဲ့ သူ ဗိုလ်ချုပ်ကြီးဟောင်း ဒွိုက်ဒီအိုင်စင်ဟောင်ဝါ၏ အဆိုအမိန့်တစ်ရပ်ကို ပြန် ပြောင်း သတိရမိလေသည်။ သူက -

''သေနတ်တစ်လက် ထုတ်လုပ်တိုင်း၊ စစ်ရေယာဉ်တစ်စင်း တပ်တော်ဝင်တိုင်း၊ ဒုံးကျည်တစ်စင်း ပစ်လွှတ်တိုင်း ငွေကြေး များစွာကုန်ကျ၏။ လက်နက်ကမ္ဘာကြီး ထူထောင်ကြခြင်းကြောင့် ဆာလောင်မွတ် သိပ်ကာ အရိပ်အာဝါသ ကင်းမဲ့နေသော ဆင်းရဲသားများ၏ နိစ္စဓူဝ လူမှုဘဝလိုအပ် ချက်များ ဆုံးရှုံးရခြင်းကို ဖြစ်ပေါ်စေသည် သာမက  အလုပ်သမားများ၏ ချွေးများ၊
သိပ္ပံပညာရှင်တို့၏ ဥာဏ်စွမ်းများ၊ ကလေး သူငယ်များ၏ အနာဂတ်မျှော်လင့်ချက်များ ပါ အဟောသိကံ ဆုံးရှုံးရ၏'' ဟူ၍ ဆိုမိန့်
ခဲ့လေသည်။

ဆင်းရဲမွဲတေမှု အကြောင်းရပ်ကို ထွေ လီကာလီ ရေးဖွဲ့သီရန် အာရုံဝင်စားမိလေ တိုင်း ကျွန်ုပ်၏ နှလုံးသားအိမ်ဝယ် လူနင်း ပြားတို့၏ နုံချာသော ဘဝဖြစ်တည်မှုပုံရိပ် များကို ပြေးမြင်မိရင်း မျက်ရည်ဝဲမိ၏။ မိမိ ၏ ဆွေမျိုးသားချင်းများအပါအဝင် သာမန် ပြည်သူတို့မှာ တစ်ရက်လျှင် အမေရိကန်
ဒေါ်လာ ၂ ဒေါ်လာ (မြန်မာကျပ် ၂၆၅ဝခန့်) အောက်သာရှိကြ၏။

'ဆွေမျိုးဥာတကာတို့ကို ပေးအပ်ချီးမြှောက်ရာသည်' ဟူသော မင်္ဂလာတရား တော် အဆုံးအမရှိထားပါလျက် မိမိကိုယ် တိုင် မိမိအောက် ဝင်ငွေနိမ့်ပါးသော အမျိုးအနွယ် အဆွေခပင်းတို့ကို ဥစ္စာဓနအရ ချီးမြှင့်ထောက်ပံ့နိုင်ခြင်း မရှိလေသောအခါ'တောင်မင်း မြောက်မင်း မကယ်နိုင်' သည့်
ငါလိုဘဝမျိုးတွေ ရှိနေပါသေးသည်ဟု ဆို ချင်သည်။

ဆင်းရဲမွဲတေမှု လျှော့ချရေး ပြဿနာသည် ကျွန်ုပ်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံများ၏
'ဘုံ' ပြဿနာ (ဝါ) နိုင်ငံများ၏ တူညီသော ပြဿနာဖြစ်ပြီးလျှင် ကျွန်ုပ်တို့၏ နိုင်ငံတော်၌ ပြဿနာဖြေရှင်းရေး နည်းလမ်းတစ်ရပ်  အဖြစ် အသေးစားငွေချေးလုပ်ငန်းကို မြှင့် တင်ကြဖို့ တိုက်တွန်းနှိုးဆော်သံများကို
ကျယ်ကျယ်လောင်လောင် ကြားသိနေရချိန်လည်းဖြစ်၏။

ဘဝနှစ်မျိုး

ဆင်းရဲခြင်းနှင့် ချမ်းသာခြင်းသဘော တရားတို့ကို ကျွန်ုပ်ဝေဖန်တိကပြုရလျှင် ဦးစွာ ဘဝနှစ်မျိုးကို တွေ့မြင်ရ၏။ ရေအစုန်လေအဟုန်ဖြင့် ရွက်တိုက်သွားနိုင်သော ဘဝကတစ်မျိုး၊ လှိုင်းအထန် ရေအဆန်တွင် လူးလွန့်ကျော်ဖြတ်ရသော ဘဝကတစ်ဖုံ ဘဝနှစ်မျိုးရှိ၏။

လောက၏ အထုအထောင်းကို နောက် ကျောကော့အောင် ခံစားထားရသဖြင့် ထုသားပေသားရသူဖြစ်ရသည့်တိုင် လောကဓံတရားကို  ကြံ့ကြံ့ခံ  ရင်ဆိုင်ကျော်လွှား နိုင်သူတို့မှာ ဘဝရသ၊ ဘဝဓမ္မတို့ မွမ်းထုံ ကာ 'အညတရ သူတော်ကောင်း' အဖြစ် မားမားမတ်မတ်ရပ်တည်နိုင်၏။

''လေထန်တိုင်းသာ ပွင့်ကြွေပါမူ ဘယ်မှာ ပန်းများ ကျန်မည်နည်း။ လှိုင်းပုတ်တိုင်း သာ ကမ်းပြိုပါမူ ဘယ်မှာ မြေကြီးကျန် မည်နည်း၊ ကျရှုံးတိုင်းသာ ငိုရပါမူ ဘယ်မှာမျက်ရည်ကျန်မည်နည်း၊ အမှောင်တစ်ဝက်
လင်းတစ်ဝက်သည် တစ်ရက်တစ်ခါ ကြုံရ
မြဲတည်း'' ဟူ၍ ကျွန်ုပ်ငယ်စဉ်ဘဝက နှစ်သက်ခံစားမိသော ကဗျာတစ်ပိုင်းတစ်စ ကို သတိရမိရင်း လောကဓံတရားနှင့် ရင် ဆိုင်ကြုံတွေ့ရလေတိုင်း မတုန်မလှုပ်ဖြစ် ဖို့လိုအပ်လှသည်ဟု ကျွန်ုပ်ဆိုချင်သည်။

'ကာလနိယာမ' သဘောတရားကို သိပြီ ဆိုလျှင် သူဌေးနှင့် ဆင်းရဲသားအကြား ကတ္တားခြားထားသော ဂုဏ်မာနတံတိုင်း ကြီး ပြိုကွဲလေတော့သည်။ ကာလနိယာမ ဟူသည်ကား အချိန်တိုက်စားမှုနှင့်အတူ ပြောင်းလဲသွားတတ်သော သဘောတရား ပါပေတည်း။ သာဓကဆောင်သော် -

ပုရွက်ဆိတ်တို့ကို စားသောငှက်တို့ သေ လွန်သော် ငှက်တို့မှာ ပုရွက်ဆိတ်အစာဖြစ် ရပြန်၏။ သစ်တစ်ပင်ကို အသုံးပြု၍ သန်း
ပေါင်းများစွာသော မီးခြစ်ဆံများ လုပ်နိုင်၏။ သို့ရာတွင် သန်းပေါင်းများစွာသော သစ်ပင်များ လောင်ကျွမ်းအောင် မီးခြစ်ဆံ
တစ်ချောင်းသာ လိုအပ်၏။ သို့ဖြစ်ရကား ဘဝတွင် မည်သူ့ကိုမျှ မနှိမ့်ချမိပါစေနှင့်ဟု သူတော်စင်တို့က သတိပေးတပ်လှန့်ခြင်း ဖြစ်၏။

ဧကန်မူကား လူတို့သည် 'ဘဝနာရီ စံနှုန်းကို' နားမလည်ခြင်းကြောင့်သာ ကြွယ်ဝ သော ဘဝကို မက်မောကြခြင်းဖြစ်သည်။ ရာထူးအာဏာကို  တပ်မက်ကြခြင်းဖြစ်သည်။

၁၂၁၄ ခုနှစ် (ခရစ်သက္ကရာဇ် ၁၈၅၃) က မင်းတုန်းမင်းတရားကြီး အထွတ်အမြတ်သို့ ရောက်တော်မူလျှင် ထွဋ်ခေါင်ဆရာ တော်အား ရွှေနန်းတော်သို့ပင့်၍ ရာဇဂုရု ခတ်နှိပ်သော မင်းဆရာတံဆိပ်တော်ကို လှူဒါန်းရာ သူတော်စင် ဆရာတော်ကြီးက -

''ဤတံဆိပ်တုံးသည် အသုံးမကျချေ။ ငါသေလျှင် တံဆိပ်တုံးကြီးကို  ခေါင်းအုံး နံဘေးချထားမည်ကို ငါရှက်နိုးလှသည်'' ဟု ပယ်တော်မူကာကျောင်းသို့ ပြန်ကြွလာ ခဲ့သည်ဆို၏။

ပါမောဇ္ဇကျမ်းပေါင်း ၁၃ ကျမ်းရေးသား တော်မူခဲ့သော ထွဋ်ခေါင်ဆရာတော်ကြီး၏ သံပေါက်လင်္ကာများမှာ အဖိုးအနဂ္ဃထိုက် တန်သော အဆုံးအမတို့ပါပေတည်း။

လူသားတို့၏ ဘဝဖြစ်တည်မှုသည် ရပ် တန့်နေခြင်းမရှိဘဲ အစဉ်ပြောင်းလဲလျက်ရှိ သည်။ ယနေ့ ဆင်းရဲသား၊ နောင်တွင် ရှင်ဘုရင်ဖြစ်လာမည့် အတ္ထုပ္ပတ္တိတို့ကို တွေ့မြင်နိုင်သည်။ သာဓကတစ်ရပ်ဆောင်ရ
လျှင် မြန်မာရာဇဝင်တွင် 'မဂဒူးမင်းဆက်' (မုတ္တမမြို့၏မင်းဆက်) စတင် တည်ထောင်သူ မဂဒူးသည် မင်းမျိုးမင်းနွယ်မှမဟုတ်မူ၍ ဆင်းရဲသားဘဝမှ ကြံရည်၊ ဥာဏ်နှင့် ဝီရိယတို့ကြောင့် ရှင်ဘုရင်ဖြစ်လာသော မွန်ဘုရင်
ဖြစ်သည်။ သူတည်ထောင်ခဲ့သော နိုင်ငံ တော်သည် မွန်ပြည်နယ်မှသည် အောက် မြန်မာပြည်တစ်ဝန်းသို့ ရောက်ပြီး မင်းဆက်
၁၈ ဆက်တိုင်ရှိခဲ့လေသည်။

အရေးကြီးလှသည်မှာကား ဆင်းရဲနုံချာ သည့်ဘဝသို့ ကျရောက်နေသည့်တိုင် လေးနက်လှသည့်ဘဝဦးတည်ချက်ရှိရန်နှင့်  ယင်းဦးတည်ချက်ကို မျက်ခြည်ပြတ်မခံဖို့ဖြစ်၏။ ဘဝဦးတည်ချက်ဆိုသည်မှာ ဘဝ
ကို တရားသောနည်းလမ်းနှင့်အညီ မြင့်မြတ်သောစိတ်ထားနှင့်အတူ ဖြတ်သန်းမည်ဆိုသော သန္နိဋ္ဌာန်ဖြစ်၏။ ဘဝခံယူချက် မှန်
ကန်စွာဖြင့် အေးချမ်း၊ မွန်မြတ်၊ သန့်စင်သော ဘဝတစ်ခုကို လူတိုင်းတည်ဆောက်ကြဖို့လို၏။ ဦးတည်ချက်ဖြင့် အလုပ်လုပ်ကြ
သည့်အခါ ဘယ်အခါမျှ နောက်မဆုတ်နှင့်။ ဘဝ၏ အရင်းအနှီးအစစ်အမှန်မှာ ကိုယ်ကျင့်တရားနှင့် ပညာသာ မဟုတ်ပါလော။

ဗလငါးတန်

ဤတွင်ရွေ့ကား ကျွန်ုပ်အနေဖြင့် 'ဗလငါး
 တန်' ပြည့်ဝသော ပြည်သူများနေထိုင်ရာ နိုင်ငံတော်ကြီးအဖြစ်   ဝိုင်းဝန်းတည်ဆောက်ကြရန် လိုအပ်ပုံကို ဂရုဓမ္မပြုမိလေ သည်။ ဗလငါးတန်ပြည့်ဝစေရန် စိတ်ရည် သန်ကြရမည်မှာ ကျွန်ုပ်တို့ ပြည်သူများ၏ ရည်မှန်းချက်ဖြစ်သင့်လှပေသည်။  ဗလ ငါးတန်ဟူသည်ကား ခွန်အား (ကာယဗလ)၊
ဥာဏ်အား (ဥာဏဗလ)၊ ပစ္စည်းအား
(ဘောဂဗလ)၊ မိတ္တအား (မိတ္တဗလ)နှင့် ကိုယ်ကျင့်အား (စာရိတ္တဗလ) တို့ဖြစ်သည် ဟူပေ။

ပုဂ္ဂိုလ်တစ်ဦးချင်းမှအစပြု၍ ပြည်သူ ပြည်သားအားလုံး ထာဝစဉ် ဖြည့်ဆည်းအပ်သော အရာသည်ကား ဗလငါးတန်ပင်ဖြစ် ၏။

ပြည့်ခွန်အားသည် ပြည်တွင်း၌သာရှိ၏။ ပြည်သူ့အားသည် ပြည့်ခွန်အားဖြစ်၏။ တိုင်းပြည်သာယာအောင် ပြည်သူတို့ စည်းလုံးညီညာကြရလိမ့်မည်။ ပြည့်Óဏ် အားမှာမူ ပြည်သူတို့၏ လူ့စွမ်းအားအရင်း အမြစ် တောင့်တင်းခိုင်မာမှုကို ရည်ညွှန်း နိုင်သည်။ ရုပ်ပိုင်းအရ တည်ရှိနေသော  သယံဇာတအရင်းအမြစ်ထက် လူ့စွမ်းအား အရင်းအမြစ်က သာလွန်အရေးကြီးလှ
ပေသည်။

ဥာဏ်ပညာထက်သန်သော ပြည်သူတို့
သည် မိမိတို့၏ လောကီအရေးတွင်သာမက သံသရာ (ဝါ) အနာဂတ်အရေးအတွက်ပါ စွမ်းဆောင်ရှင်များဖြစ်ကြလိမ့်မည်။ နိုင်ငံ ကြီးပွားရေးတွင် Óဏ်ပညာရှိပါမှ ဝီရိယ အကျိုးနားလည်၍ လုံ့လစိုက်ကာ တိုင်းပြည်
သာသာယာယာရှိစေနိုင်သည်။

ပရိသတ်ဗိုလ်ပုံ အလယ်မှာလည်း ''ပညာ
ရဲရင့်သူတို့သာ ပွဲလယ်တင့်'' နိုင်ကြသည်။ ဘူးလုံးနားမထွင်း အဖျင်းအအ ပညာအောက်တန်းကျနေသူတို့မှာ စည်းစိမ်ရှင်ပင်
ဖြစ်လင့်ကစား အထက်တန်းသို့ မတက် လှမ်းနိုင်ပါချေ။

ကမ္ဘာကို လွှမ်းမိုး၍ အုပ်စိုးနိုင်သူတို့မှာ ပညာအရည်အချင်း မြင့်မားသူများသာဖြစ် ကြသည်။ ဓနရှင်တို့မှာ ပညာရှင်တို့ကို ကူညီသဖြင့် ကြီးပွားရေး၌ ဝေစုရသူများသာလျှင်ဖြစ်ကြသည်။

အသေးအဖွဲ ရန်ပွဲကလေးမှစ၍ တိုင်း နိုင်ငံအချင်းချင်း စစ်ခင်းသည်အထိ အား ပြိုင်ပွဲမှန်သမျှတွင် ပညာရှိတို့ဘက်ကသာ အောင်ပွဲရစမြဲဖြစ်သည်။ စတုဓမ္မ ဇာတ်တော်၌ ဂင်္ဂါမြစ်အတွင်း သူ့နယ်ဖြစ်သော စစ်တလင်းမှာပင် အလောင်းတော်မျောက် မင်းက မိကျောင်းကို ပညာဖြင့် အနိုင်ရခဲ့ ဖူးလေသည်။

မဟော်သဓာ ဇာတ်တော်၌ မရေမတွက် နိုင်အောင် များမြောင်လှသော စစ်တပ်တို့ ဖြင့် ချဉ်းကပ်လာသော ကေဝဋ် ပုဏ္ဏားနှင့် စူဠဏီမင်းကို အလောင်းတော်၏ ပညာ အစွမ်းဖြင့် ကျီးခြောက်သလို ခြောက်လှန့်
၍ ခံ့ခံ့ကြီးအောင်ပွဲဆင်ခဲ့ပေသည်။

နိုင်ငံတစ်နိုင်ငံ ဘောဂဗလ တောင့်တင်း
ခိုင်မာမှသာ ကြီးပွားရေးအတွက် ရင်းနှီး မြှုပ်နှံမှုများ ဆပွားတိုးပြုလုပ်နိုင်ပေမည်။

မိတ်ဆွေအား (မိတ္တဗလ) သည် ပေါင်း
သင်း ဆက်ဆံတတ်မှုအင်အားဖြစ်ပြီး ကိုယ် ကျင့်တရားအား (စာရိတ္တဗလ) မှာမူ စာရိတ္တမဏ္ဍိုင်ခိုင်မြဲရေးအတွက် အထူးအရေးကြီး လှသည်။

စာရိတ္တသီလ (ကျင့်အပ်သော အကျင့်) နှင့် ဝါရိတ္တသီလ (ရှောင်ကြဉ်အပ်သော အကျင့်) တို့ကို နိုင်ငံသားတို့ ဖြည့်ဆည်းကြ ခြင်းဖြင့် အကျင့်သီလကောင်းမွန်သော နိုင်ငံအဖြစ် ရပ်တည်လာနိုင်ပေမည်။

ဧကန်မူကား ဆင်းရဲနုံချာခြင်းသည် ရှက်ဖွယ်ရာမဟုတ်ပါချေ။ ပညာရှိ (ဝါ) သူတော်ကောင်းတို့ ရှုတ်ချအပ်သော အမှားကို ပြုလုပ်ခြင်းသည်သာလျှင် ရှက်ဖွယ်လိလိဖြစ်လိမ့်မည်။

လူဟူသည်ကား စုပေါင်းနေထိုင်သော သက်ရှိများဖြစ်ပေရာ အချင်းချင်းရိုင်းပင်း ကူညီရန် လိုအပ်လင့်ကစား ပုဂ္ဂိုလ်တစ်ဦး ကြီးပွားတိုးတက်ရေး၌ သူတစ်ပါးအကူအညီသည် ပဓာနမဟုတ်၊ မိမိ၏ စွမ်းပကား
သည်သာ ပဓာနဖြစ်၏။

တစ်ကိုယ်ကောင်းစိတ်ဓာတ်ကို မမွေး၊ စေတနာကင်းသော ရက်စက်မှုကို ရှောင်၊ ဆင်းရဲသားက ချမ်းသာသူအပေါ် မုဒိတာပွား၊ သူဌေးက လူ့နင်းပြားတို့အပေါ် စာနာသနားကာ တတ်စွမ်းသရွေ့ စောင့်ရှောက် ကြပါလျှင် ရပ်ရွာအတွင်း ကြက်သရေခပင်းနှင့် ပြည့်စုံလိမ့်မည်ဟူပေ။

ပညာ ဒသက အရွယ် (ဝါ) ပညာရှာမှီးဖို့ ဥာဏ်အထက်ဆုံးအရွယ်တွင် အချိန်မဖြုန်းဘဲ အချိန်ကိုသုံးကြဖို့ အရေးကြီးလှပြီးလျှင်
ငွေမရှိခြင်း (ဝါ) ဆင်းရဲခြင်းက ပဓာနမဟုတ်၊ အသိတရားဆင်းရဲခြင်းကသာ အခရာကျပြီး 'မရှိတာထက် မသိတာခက်' ဟု ဆိုစမှတ်ပြုကြသည်။ လူ့ဘဝတွင် အသိတရားခေါင်းပါးခြင်းတည်းဟူသော ဆင်းရဲ ခြင်းတစ်မျိုးသည် ဘဝ၏ အနာဂတ်ကို ပျောက်ဆုံးစေနိုင်သည်ဟု တွေးတောမိရင်း ''လူမွဲတို့၏ ထွက်ရပ်လမ်း ပညာခန်းကို
ဖွင့်'' ဟု ကျွန်ုပ်ကျူးရင့်မိပါသတည်း။    ။

Ref: $40  million dollar 'Super Cow' by Bill Gates to end world poverty (Science Examiner)The Mirror Daily

No comments:

Post a Comment