Latest News

Sunday, February 4, 2018

ကြက်သမား ဇော်ကြီး - ​ဆောင်းပါး

ကြက်သမား  ဇော်ကြီး - ​ဆောင်းပါး

ကြက်ပွဲတစ်ပွဲတွင် အနိုင်ရရှိလာသော ဇော်ကြီး၊ ဖိုးထောင်နှင့် ကျောက်ခဲတို့ သုံးယောက်သည် ထန်းရည်ဆိုင်တစ်ဆိုင်၌ အောင်ပွဲခံနေကြ၏။

''သူငယ်ချင်း  ဇော်ကြီး ဒီနေ့ ကြက်ပွဲနိုင်တာ မင်းကြက်ကုကောင်းလို့ကွ''

ဖိုးထောင်သည် ဇော်ကြီး၏ ကြက်ကုပညာကို ချီးမွမ်းထောမနာပြုလိုက်၏။

ဇော်ကြီးသည် အနိုင်ရလဒ်ရရှိအောင် ခြေစွမ်းပြကာ ခွပ်ခဲ့သည့် ကြက်ဖ ကို ရင်ခွင်ထဲတွင်ထားလျက် ထန်းရည်ကို ဟန်ကျကျမော့သောက်ပုံမှာ စတိုင်မိ လှ၏။ ဖိုးထောင်၏ ချီးမွမ်းစကားကြောင့်လည်း ဘဝင်မြင့်သွားပုံရ၏။

''ဒါပေါ့ကွာ မြင်းကောင်းစီးတဲ့ ဂျော်ကီဟာ မြင်းစီးကောင်းတဲ့ ဂျော်ကီ ကောင်း မဟုတ်ဘူးကွ၊ အေး အဲဒီလိုပဲ ကြက်ကောင်းကိုင်တဲ့ ကြက်သမားဟာ လည်း ကြက်ကုကောင်း မဟုတ်နိုင်ဘူးလေ၊ အရေးနိမ့်နေတဲ့ ကြက်ကို အလား အလာကောင်းလာအောင်အထိ ကြိုးစားပြီး ကုတတ်သူကိုသာ ကြက်ကုကောင်း လို့ ခေါ်တယ်ကွ ဖိုးထောင်ရ''

တိုက်ကြက်ကောင်းများသာကိုင်၍  ကြက်ကုရာတွင်လည်း အင်မတန် ထူးချွန်သော ဇော်ကြီး၏ စကားကို အတူဝိုင်းဖွဲ့သောက်နေသည့် ဖိုးထောင် နှင့် ကျောက်ခဲတို့သည် ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံကြ၏။

''အမေရေ အမေ့သမီး ဘာတွေကြော်လှော်နေတာလဲ၊ ညှော်လိုက်တာဗျာ''

ဒေါ်အေးခင်သည် သားဖြစ်သူ ဇော်ကြီး၏ ခေါ်သံမေးသံများကြောင့် ဘုရားစင် ရှေ့တွင် ဆွမ်းတော်ကပ်၍ ဘုရားရှိခိုး အမျှအတန်းပေးဝေနေရင်းကပင် အသံလာရာ အိမ်ရှေ့ခြံစည်းရိုးအပေါက်ဝဆီသို့ လှမ်းကြည့်လိုက်၏။ ထုံးစံ အတိုင်းပင် ဇော်ကြီး ထန်းရည်မူးပြီး ပြန်လာပြီဟု ဒေါ်အေးခင် သိလိုက်သည်။ ဇော်ကြီးသည် ခြံစည်းရိုးဝတွင် ပုဆိုးကိုစလွယ်သိုင်းလျက် ကြက်ဖကို ရင်ခွင် ထဲတွင် ပိုက်ကာ ဒယိမ်းဒယိုင်ဖြစ်နေ၏။ ခြံထဲကိုပင် မဝင်သေးပေ။ ခြံထဲကို မဝင်သေးခြင်းသည် အကြောင်းရှိ၏။ သည်အချိန်ဆိုလျှင် သူ့အစ်မ အေးမြ သည် တစ်ခုမဟုတ်တစ်ခုတော့ ကြော်လှော်ချက်ပြုတ်နေမည်ဆိုသည်ကို ဇော်ကြီး သိနေသည်။

''သားရေ ခဏနော်၊ သားကြိုက်တဲ့ ကြွက်သား သားအစ်မ ကြော်နေလို့ ပါ''

''ဟာဗျာ မြန်မြန်ကြော်ခိုင်းဗျာ၊ အေးမြ နင့်ကြွက်ကြော်အိုးကြီး ချလိုက် တော့ဟာ၊ ငါ့ ကြက်ဖ ညှော်မိပြီး သေလို့ကတော့ နင်မလွယ်ဘူးသာမှတ်''

အစ်မဖြစ်သူသည် သူကြိုက်တတ်သည့် ကြွက်ကြော်နေသည် မှန်သော် လည်း သူ့ကြက်အတွက်ဆိုလျှင် မည်သူ့ကိုမျှ မျက်နှာသာမပေးပေ။

ဇော်ကြီးသည် ညှော်နံပျောက်မပျောက် သေချာစွာ အနံခံရင်း ကြက်ဖကို ပိုက်လျက် အိမ်ပေါ်သို့တက်လာ၏။ အနိုင်ရရှိအောင် ခွပ်ပေးခဲ့သည့် ကြက်ဖ ကြီးကို ''ဖေ့သားကြီးကွ''ဟု ပြောလျက် တရှုပ်ရှုပ်နမ်းနေ၏။ ကြက်ဖကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရရှိလာသော ဒဏ်ရာဒဏ်ချက်များကို အသင့်ဆောင် ထားသည့် ဆေးများဖြင့် စနစ်တကျလိမ်းပေး၏။ အနိုင်ရရှိလာသည့် ကြက်ဟု ဆိုသော်လည်း အနည်းနှင့်အများ ထိခိုက်ဒဏ်ရာ ရရှိစမြဲပင်ဖြစ်သည်။ ကြက် တစ်ကောင်နှင့်တစ်ကောင် ခွပ်ကြရာတွင် အင်မတန် နာကျင်ကြပါသည်။ မိမိ ကိုယ်တိုင် ကြက်အခွပ်ခံဖူးပါက နားလည်လိမ့်မည်ဖြစ်သည်။ ဇော်ကြီးသည် ကြက်သမားတစ်ယောက်တွင်   ရှိသင့်ရှိထိုက်သော  ကြက်သားဖောက်ခြင်း၊ ကျွေးမွေးပြုစုစောင့်ရှောက်ခြင်း၊ မတိုက်ခင် ကြိုတင်ပြင်ဆင်ခြင်း၊ တိုက်နေစဉ် ကျွမ်းကျင်ပိုင်နိုင်စွာ ကုသတတ်ခြင်းနှင့် တိုက်ပြီးချိန်တွင် ပြုစုခြင်း စသည့် ပညာရပ်များကို နည်းလမ်းကျကျ ဆောင်ရွက်တတ်သူဖြစ်သည်။ ဇော်ကြီးသည် ကြက်နှင့်ပတ်သက်၍ နေ့စဉ်နှင့်အမျှ အမေ(သို့)အစ်မနှင့် စကားများရန်ဖြစ်ရ၏။ အမေနှင့် အစ်မကလည်း ဖတဆိုးသားလေးမို့ အလိုလိုက်ရှာ၏။ ထို့ကြောင့်ပင် ဇော်ကြီးသည် အမေနှင့် အစ်မအပေါ် ဗိုလ်ကျနေ၏။

ဇော်ကြီးကို ဗိုက်ထဲတွင်  လွယ်ထားရချိန် ကိုယ်ဝန်ရှစ်လခန့်တွင် ဒေါ်အေးခင် ၏ခင်ပွန်း ဇော်ကြီး၏ဖခင်သည် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဇော်ကြီး၏ ဖခင် သည် ကြက်ကြောင့်ပင် သေဆုံးခဲ့ရ၏။ ကြက်ဝိုင်းတစ်ခုတွင် စကားများရန်ဖြစ် ရာမှ ဓားထိုးခံရ၍ သေဆုံးခဲ့ရခြင်းဖြစ်သည်။ ဒေါ်အေးခင်သည် ငါးနှစ်အရွယ် သမီးလေးတစ်ယောက်ကို အဖော်ပြုရင်း ဇော်ကြီးကို အောင်မြင်စွာ မွေးဖွားနိုင် ခဲ့သည်။

သမီးဖြစ်သူ အေးမြသည် လိမ္မာသော်လည်း ဇော်ကြီးသည် ထန်းရည်လေး တမြမြသောက်၍ ကြက်တိုက်ခြင်းအလုပ်နှင့်သာ အချိန်ကုန်နေသည်။ တစ်ခါ တစ်ရံဆိုလျှင် တစ်လကိုးသီတင်း အိမ်မပြန်ဘဲ ကြက်ဝိုင်းရှိရာ ဒေသများသို့ လှည့်လည်သွားနေတတ်သေးသည်။ ထိုအချိန်မျိုးတွင် ဒေါ်အေးခင်နှင့် အေးမြ တို့သည် ဇော်ကြီး၏ ကြက်များကို ကျွေးမွေးစောင့်ရှောက်ရ၏။ ဇော်ကြီးမရှိသည့် အချိန်တွင် ကြက်ပေါက်တစ်ကောင်မျှ၊ ကြက်ဥတစ်လုံးမျှ သေခဲ့၊ ကွဲခဲ့ပါက ဇော်ကြီး ပြန်ရောက်လာလျှင် ဒေါသူပုန်ထ၍ အမေနှင့်အစ်မကို ရန်လုပ်တတ်မြဲ ပင်ဖြစ်သည်။ ဒေါ်အေးခင်သည် ပြောမရ၍သာ ဇော်ကြီး ကြက်တိုက်ဝါသနာ ကြီးနေခြင်းကို လွှတ်ထားရသည်။ ဇော်ကြီးကို တစ်စက်ကလေးမျှ စိတ်မချပေ။ သူ့အဖေကဲ့သို့ အဖြစ်မျိုးကို  နောက်တစ်ဖန် မကြုံတွေ့  မခံစားချင်မိပေ။ သို့သော် ဖခင်၏ ဝါသနာဗီဇအတိုင်း တစ်ထပ်တည်းဖြစ်နေသော ဇော်ကြီးသည် ကြက်တိုက်ခြင်းအလုပ်ကိုသာ ခုံမင်နေ၏။

''ဟေ့ ကြက် ရှီး ရှီး သြော် ဒီကြက် ကဲဟယ်''

ဘုရားကျောင်းဆောင်ပေါ်သို့တက်၍ တကွပ်ကွပ်ဖြင့် ကြက်မကိုခေါ်ကာ ဥကျင်းပြနေသည့် ကြက်ဖကို မြင်သော အေးမြသည် မောင်း၍မရသည့်အဆုံး မီးဖိုချောင်ထဲတွင် အသင့်ရှိသည့် ကြက်သွန်နီဥဖြင့်  ပစ်ပေါက်လိုက်၏။ မီးဖိုချောင်ထဲတွင် ကြက်သွန်နီဥထက် ပြင်းထန်သည့်အရာဝတ္ထုများရှိသော် ငြားလည်း ဘုရားကျောင်းဆောင်ပေါ်တွင် ဖြစ်နေခြင်းကြောင့်တစ်ကြောင်း၊ ဇော်ကြီးသည် အိမ်တွင်ရှိနေခြင်းကြောင့်တစ်ကြောင်း အေးမြသည် အသေးငယ် ဆုံးသော ကြက်သွန်နီဥလေးဖြင့် ပစ်ပေါက်လိုက်ခြင်းဖြစ်သည်။ ပစ်ပေါက် လိုက်ခြင်းသည် ကြက်ကိုပင်မထိ။ ဘေးထရံကိုသာမှန်၏။ သို့သော် ဘုရားကျောင်း ဆောင်ခန်းထဲတွင်ရှိနေသော ကြက်ဖသည် လန့်၍ထပျံရာ ဘုရားပန်းအိုးများနှင့် ထိခိုက်မိကာ အတောင်တစ်ချောင်း  ကျွတ်သွား၏။  ထိုစဉ် အိပ်ရာထဲတွင် အိပ်နေသော ဇော်ကြီးသည် ကြက်အော်သံများကြောင့် နိုးလာ၏။

''အေးမြ နင် ငါ့ ကြက်ဖကို ဘာနဲ့ ပစ်လိုက်တာလဲ''

''ကြက်သွန်ဥလေးနဲ့ပါ''

ဇော်ကြီးသည် အေးမြကို မေးရင်းက ကြက်အတောင် တစ်ချောင်းကို တွေ့လိုက်၏။ ထိုစဉ် စိုးရိမ်စိတ်များဖြင့် စောစောက   အေးမြ  ခြောက်လှန့် ပစ်ပေါက်လိုက်၍ လန့်ထွက်ပြေးသွားသော ကြက်ဖကို ချော့မြှူဖမ်းယူ စစ်ဆေး ရာ ငယ်တောင်၏နောက်ကအတောင် ကျွတ်သွားသည်ကို တွေ့လိုက်ရ၏။ ဇော်ကြီး၏ ဒေါသများသည် အထွတ်အထိပ်သို့ ရောက်ရှိကာ အစ်မဖြစ်သူ အေးမြကို သတ်မည်ဆိုသော ရည်ရွယ်ချက်ဖြင့် အိမ်ပေါ်သို့ ပြေးတက်လိုက် သည်။ ဒေါသမီးလျှံများကြောင့် အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှား အမှန်၊ လုပ်သင့်မလုပ်သင့်ဆိုသည့် ဆင်ခြင်တုံတရားများပင် မရှိတော့ပေ။ နေ့စဉ်နှင့်အမျှ အကုသိုလ်စိတ်များနှင့်သာ မွေ့လျော်နေသော ဇော်ကြီးသည် အစ်မဖြစ်သူကို သတ်မည်ဟုပင်ဆိုကာ အိမ်ပေါ်သို့ ပြေးတက်စဉ် ခြေချော်၍ လဲကျသွား၏။ ထိုစဉ် ဇော်ကြီး၏ ညာဘက်မျက်လုံးအိမ်ထဲသို့ ချွန်ထက်သည့် အရာဝတ္ထုတစ်ခု ထိုးဝင်သွား၏။ လှေကားတက်မှလဲကျစဉ် လှေကားရင်းတွင် ပက်လက်အနေအထားဖြစ်နေသော ထွန်ခြစ်တံသည် ဇော်ကြီး၏ မျက်လုံးအိမ် ကို ထိုးဝင်သွားခြင်းဖြစ်သည်။ ဇော်ကြီးသည် မျက်ဝန်းတစ်စုံကို စူးရှနက်ရှိုင်း သည့် မီးလျှံများနှင့် ပစ်ပေါက်ခံရသကဲ့သို့ နာကျင်စွာ ခံစားလိုက်ရ၏။

''အား ကယ်ပါဦး၊ မျက်လုံးတွေ ဘာမှ မမြင်ရတော့ဘူး''

လှေကားတက်မှ ''ဝုန်း''ဟူသော အသံနှင့်အတူ ဇော်ကြီး၏ ငယ်သံပါ အောင် အော်သံကြောင့် အေးမြသည်  မီးဖိုချောင်မှ ကပျာကယာပြေးထွက် လာ၏။ ဇော်ကြီးကို လှေကားရင်းတွင် လဲကျနေသည်ကို တွေ့လိုက်၏။ မျက်လုံး မှထွက်နေသော သွေးများသည် ဇော်ကြီး၏ မျက်နှာတစ်ခုလုံးတွင် ပေကျံနေ၏။ အေးမြသည် သွေးစိမ်းရှင်ရှင်ထွက်၍ အလူးအလဲခံစားကာ အော်ဟစ်ငိုကြွေး နေသော မောင်လေးကို မကြည့်ရက်မမြင်ရက်ပေ။ အေးမြသည် မျက်ရည်များ ပင်ကျလျက် အိမ်နီးချင်းများအား အကူအညီတောင်း၍ ဆေးရုံသို့ အမြန်ဆုံး တင်နိုင်ခဲ့သည်။ ဥပုသ်နေ့ဖြစ်ခြင်းကြောင့် ရွာဦးဘုန်းကြီးကျောင်းတွင် ဥပုသ် သီလစောင့်ထိန်း၍ ကျောင်း၌ပင် တရားထိုင်၊ တရားမှတ်နေသော ဒေါ်အေးခင် သည် သားဖြစ်သူ ဇော်ကြီး၏သတင်းကို ကြားသိရချိန် ပုထုဇဉ်လူသားလည်းဖြစ် ဝမ်းနှင့်လွယ်မွေးထားရသော မိခင်လည်းဖြစ်ဆိုတော့ ''ဖြစ် ပျက်''ဟု ရှုမှတ်နေ သော ဝိပဿနာတရားကိုပင် Óဏ်မခိုင်ဈာန်ယိုင်လျှောကာ ဝမ်းနည်းပူဆွေး မျက်ရည်များဖြင့် သားရှိရာ ဆေးရုံသို့ စိုးရိမ်သောကကြီးစွာ လိုက်သွားတော့ သည်။

''မောင်လေးရဲ့ မျက်လုံး လုံးဝပျက်စီးသွားပြီ အမေ''

ဒေါ်အေးခင် ဆေးရုံကို ရောက်လာပြီဆိုလျှင်ပဲ ငိုကြီးချက်မဖြင့် အေးမြ ပြောလိုက်သောစကားကြောင့် ဒေါ်အေးခင်သည် နှလုံးသွေးများ ရပ်တန့်သွား မတတ်၊ သတိလစ်မေ့မျောသွားမတတ် ခံစားလိုက်ရပါတော့သည်။

ဒေါ်အေးခင်နှင့် အေးမြတို့သည် ဇော်ကြီး လှေကားတက်ကနေ ခြေချော် လဲကျသည်ဟုပင် သိသည်။ ဖြစ်ကြောင်းကုန်စဉ်ကိုပင် မသိ။ ဤသို့ မသိခြင်း သည်ပင်လျှင် သည်မိသားစုအတွက် ကောင်းမွန်သောဆုလာဘ်တစ်ခု ဖြစ်ပေ လိမ့်မည်။

''ဇော်ကြီးရေ သူငယ်ချင်း၊ သွားကြမယ်ဟေ့''

ဇော်ကြီး၏ တပည့်ကျော်များဖြစ်သည့် ဖိုးထောင်နှင့် ကျောက်ခဲတို့နှစ်ဦး သည် ကြက်ဝိုင်းသွားရန် ခေါ်နေခြင်းဖြစ်သည်။  သည်နေ့သည်  ဇော်ကြီး၏ တိုက်ကြက်များထဲက   လက်ရွေးစင် ''နွဲ့ဆိုး''ဟုပင် အမည်ပေးထားသည့် ကြက်ဖနှင့် ဝိုင်းကြီးဝိုင်းကောင်း ချိန်းဆိုထားသည့်နေ့ပင်ဖြစ်သည်။ သို့သော် မနေ့က အဖြစ်အပျက်များကိုပင်   ဖိုးထောင်နှင့်  ကျောက်ခဲ သိဟန်မတူ။ ဘေးအိမ်က ပြောပြလိုက်၍သာ ဇော်ကြီးရှိရာ ဆေးရုံဆီသို့ လိုက်သွားကြ၏။

''နွဲ့ဆိုး''ဟူသော ကြက်သည် ရွာနီးချုပ်စပ်ရှိ တိုက်ကြက်မှန်သမျှကို အနိုင်ရရှိထားသော ကြက်ဖြစ်၏။ ထို့ကြောင့်ပင် မြို့ပေါ်ရှိ ငွေကြေးချမ်းသာသော ကြက်သမားများက ဈေးကောင်းပေး၍ ဝယ်ယူနေချင်ကြ၏။ သို့သော် ဇော်ကြီး သည် ကြက်သမားပီသစွာ သူအကြိုက်ဆုံး ကြက်ဖကို မည်သူ့ကိုမျှမရောင်း။ သူလောင်းနိုင်သမျှ ငွေကြေးဖြင့် သူကိုယ်တိုင်တိုက်မည်ဟု ဆုံးဖြတ်ထားသည်။ ''နွဲ့ဆိုး''ဟူသော ကြက်ကြောင့် ဇော်ကြီးသည် ပြုံးပျော်ကြည်နူးစွာ အောင်ပွဲ အလီလီရရှိသကဲ့သို့ ''နွဲ့ဆိုး''ဟူသော ကြက်ကြောင့်ပင် ပြင်းထန်သော နာကျင်မှု ဝေဒနာများနှင့်အတူ မျက်လုံးတစ်လုံးပင် ဆုံးရှုံးလိုက်ရ၏။ သို့သော် ဇော်ကြီး သည် မျက်လုံးတစ်လုံး ဆုံးရှုံးလိုက်ရ၍ ကြက်လောကကို စွန့်လွှတ်သွားလိမ့်မည် မဟုတ်ချေ။

''သားရယ် ကြက်တိုက်တဲ့အလုပ်တွေ မလုပ်ပါနဲ့တော့၊ အဲဒီအလုပ်တွေက မကောင်းဘူး၊ ဝဋ်လိုက်တတ်တယ် သားရဲ့၊ ခုဆိုရင် ငါ့သား မျက်စိတစ်ဖက် ပျက်စီးသွားရပြီ၊ အဲဒါ ချက်ချင်း  ဝဋ်လိုက်နေတာပဲ သား၊ သားတို့ ကြက်တိုက် ရင် ကြက်တွေဟာ မကြာခဏဆိုသလို မျက်လုံးပျက်စီးကြတာ   သားတို့ ပြောပြောနေလို့  အမေ  သိနေရတယ်လေ၊   သားတို့ကြက်ကခွပ်လိုက်လို့ တစ်ဖက်ကြက် မျက်လုံးကန်းသွားရင် သားတို့ အားရကျေနပ်နေကြတယ်လေ၊ တစ်ခါတလေ သားတို့ ကြက်တွေလည်း မျက်လုံးမျက်ဆံကို အခွပ်ခံရရင် ကန်းကြတာချည်း မဟုတ်လား၊ သားမှာတောင် မျက်လုံးတစ်လုံးကန်းနေတဲ့ ကြက်ဖကြီးတစ်ကောင် ရှိတယ်မိုလား၊ သနားပါတယ် သားရယ်၊ သတ္တဝါလေး တွေ လွတ်လပ်ပျော်ရွှင်စွာ နေကြပါစေ''

ဒေါ်အေးခင်သည် သားဖြစ်သူ  ဇော်ကြီးကို  ကြက်မတိုက်တော့ဖို့ရန် တတွတ်တွတ် ပြောနေ၏။ ဇော်ကြီးသည် ဆေးရုံက ဆင်းလာခါစဖြစ်ပြီး ဒဏ်ရာကလည်း လုံးလုံးလျားလျား မပျောက်သေးသည့်အတွက်ကြောင့်သာ မိခင် ဒေါ်အေးခင်၏စကားကို ဘာမျှပြန်မပြောဘဲ နားထောင်ပေးနေခြင်းဖြစ် သည်။ ဒဏ်ရာလုံးလုံးလျားလျား   ပျောက်ကင်းသက်သာသွားချိန်မှာတော့ ဖိုးထောင်၊ ကျောက်ခဲတို့နှင့်အတူ ကြက်တိုက်မြဲပင်ဖြစ်သည်။

''သူငယ်ချင်း ဇော်ကြီး၊ ဟိုတစ်ခါတုန်းက ''နွဲ့ဆိုး''နဲ့  တိုက်ဖို့ချိန်းပြီး ပွဲဖျက်လိုက်ရတဲ့ ကောင်တွေက ပြန်ချိန်းနေတယ်ကွ၊ မင်း ဘယ်လိုသဘောရလဲ''

ဖိုးထောင်၏ အမေးစကားကြောင့် ဇော်ကြီး တွေဝေသွား၏။ ''နွဲ့ဆိုး''ဆိုသည့် ကြက်တိုက်ရန် တစ်ရက်အလိုတွင် အစ်မဖြစ်သူ အေးမြ၏ ခြောက်လှန့် မှုကြောင့် အတောင်တစ်ချောင်းကျွတ်သွားခဲ့သည်။ ယင်းအတွက်ကြောင့်ပင် ဒေါသထွက်ကာ မပြုလုပ်အပ်သည့် အမှားတစ်ခုကို ကျူးလွန်ဖို့စဲစဲ အချိန်အထိ ရောက်ခဲ့ဖူးသည် မဟုတ်လား။ ဇော်ကြီးသည် ထိုမြင်ကွင်းကို ပြန်လည် မြင်ယောင်မိနေ၏။ ဇော်ကြီး၏   စိတ်ထဲတွင် ''နွဲ့ဆိုး''ဟူသော ကြက်နှင့် ပတ်သက်၍ နာကျင်ကြေကွဲစရာများ ပြည့်ကျပ်နေ၏။

ဖိုးထောင်သည် ဇော်ကြီး၏ပခုံးကိုပုတ်၍ ''သူငယ်ချင်း ဘာတွေငေးမောနေ တာလဲကွ''ဟု မေးလိုက်ချိန်မှသာ ဇော်ကြီး၏ အတွေးစိတ်များ ရပ်တန့်သွား၏။

''ဘယ်လိုလဲ တိုက်မယ်မိုလား''

''အေး တိုက်မယ်ကွာ၊ ဒါပေမဲ့  ''နွဲ့ဆိုး''ရဲ့  ညာဘက်အတောင်မှာ အတောင်တစ်ချောင်းမရှိဘူး၊ နောက်ပြီး ငါဆေးရုံတက်နေတဲ့အချိန်မှာ ကြက်ကို မပြုစုရတော့ သိပ်ခွပ်နိုင်မယ်မထင်ဘူး၊ အဲဒါကြောင့် တစ်ပတ်လောက် ပြုစု လိုက်ဦးမယ်ကွာ''

''ဟုတ်ပြီ၊ နောက်တစ်ပတ် အင်္ဂါနေ့ ချိန်းလိုက်မယ်ကွာ''

''ချိန်းလိုက်ကွာ၊ အဲဒီကြက်ပွဲဟာ  ငါ့ဘဝအတွက်  နောက်ဆုံးတိုက်မယ့် ကြက်ပွဲပဲ၊ အဲဒီကြက်ပွဲ ရှုံးရှုံးနိုင်နိုင် နောက်ဘယ်တော့မှ ကြက်မတိုက်တော့ဘူး''

ဇော်ကြီးသည် ပြောပြောဆိုဆို ထပြန်လာခဲ့သည်။ ဇော်ကြီး၏ စိတ်ထဲတွင် လေးလံထိုင်းမှိုင်းနေ၏။ အဘယ်ကြောင့်ဆိုသည်ကိုဖြင့် ဇော်ကြီးတစ်ယောက် တိကျသေချာသည့် အဖြေပေးနိုင်မည်  မဟုတ်ပေ။   သေချာသည်ကတော့ ဇော်ကြီးသည် ကြက်တိုက်ရန် အရင်ကကဲ့သို့ အားတက်သရောမရှိချေ။ သည်ကြက် ကြောင့် သူ၏ မျက်လုံးတစ်လုံး ဆုံးရှုံးလိုက်ရသည့်အတွက် ကြက်တိုက်ခြင်းကို စိတ်ကုန်ဟန်ဖြစ်နေ၏။ နောက်တစ်ချက်သည် တိုက်မည့်ကြက်တွင် အတောင် တစ်ချောင်းမရှိ ဖြစ်နေခြင်းကို အားမလိုအားမရဖြစ်နေပုံရ၏။

''သားရေ မနက်ဖြန်ဆိုရင် သား အသက်သုံးဆယ်ပြည့်ပြီကွဲ့၊ ဒီနှစ်က သားရဲ့ မွေးနေ့မွေးရက် တစ်ထပ်တည်းကျတယ်လေ သားရဲ့''

''ဟုတ်လား အမေ၊ သားတောင်သတိမထားမိဘူး၊ အမေက မှတ်မိသားပဲ''

''မမှတ်မိဘဲ နေမလား သားရယ်၊ သမီးကြီးရဲ့ မွေးသက္ကရာဇ်၊ သားရဲ့ မွေးသက္ကရာဇ်တွေကို ဘယ်ပြက္ခဒိန်၊ ဘယ်ဒိုင်ယာရီစာအုပ်ထဲမှာမှ မှတ်မထားပါ ဘူး၊ အမေ့ရဲ့ နှလုံးသားအလယ်ဗဟိုမှာ ကမ္ပည်းထိုးပြီး မှတ်ထားတာလေ''

''ဟား ဟား အမေကတော့ ပိုပြီ၊ အဲဒါဆို သားရဲ့ မွေးနေ့မှာ ခြေထောက် ကျိုးနေတဲ့ ကြက်ဖလေးတစ်ကောင်ပေးမယ်၊   ဟိုဘက်အိမ်က ဘကြီးမှုံကို သတ်ခိုင်းပြီး ချက်စားလိုက်တော့''

''မဟုတ်တာ သားရယ်၊ မွေးနေ့မှာ ကုသိုလ်ပြုရမယ်လေ၊ အကုသိုလ် အလုပ်တွေကို ကိုယ်တိုင်လည်းမလုပ်နဲ့ တစ်ပါးသူကိုလည်း အားပေးအားမြှောက် မလုပ်ရဘူး သားရဲ့၊ ခြေထောက်ကျိုးနေတဲ့ ကြက်ကလေး နေပါစေ၊ သားမွေးနေ့ အတွက် ဘုန်းကြီးကျောင်းကို ဆွမ်းအုပ်ပို့ဖို့ သားအစ်မ စီစဉ်ထားပြီးပြီ၊ သား မနက်ဖြန် ရွာဦးဘုန်းကြီးကျောင်းကို လိုက်ရမယ်နော်''

''ဟုတ်တယ် မောင်လေးရဲ့၊ မနက်ဖြန် အင်္ဂါနေ့ မောင်လေးရဲ့ အသက် သုံးဆယ်ပြည့်မွေးနေ့မှာ အစ်မလည်း ကုသိုလ်လိုက်ယူမယ်လေ၊ မွေးနေ့ဆိုတာ မိမိရဲ့မွေးနေ့ဆိုတာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ တကယ်တမ်းကျတော့ မိခင် အသက်လုရတဲ့နေ့ဆိုရင် ပိုမှန်တယ် မောင်လေး၊ အဲဒါကြောင့် မေမေလည်း စိတ်ချမ်းသာအောင်၊ မောင်လေးလည်း ကုသိုလ်ရအောင် မနက်ဖြန် ဘုန်းကြီး ကျောင်းကိုလိုက်ပြီး ဥပုသ်စောင့်ရမယ်နော်''

အမေနှင့်အစ်မတို့၏ စကားကိုနားထောင်ရင်း ဇော်ကြီး စဉ်းစားနေ၏။ မနက်ဖြန် အင်္ဂါနေ့တွင် ချိန်းထားသည့် ကြက်ဝိုင်းကလည်းရှိနေ၏။ တစ်ကြိမ် တစ်ခါမျှ ဥပုသ်မစောင့်ခဲ့ဖူးသော ဇော်ကြီးသည် အမေနှင့်အစ်မတို့၏ ဆန္ဒကို လည်း ဖြည့်ဆည်း၍ ဥပုသ်စောင့်ချင်မိ၏။

''သား လိုက်မယ် အမေ၊ ဘယ်အချိန် ဘုန်းကြီးကျောင်းသွားမှာလဲ''

''ဆယ်နာရီလောက် သွားမယ်လေ''

''ဟုတ်ကဲ့ အဲလိုဆိုရင် သားလိုက်နိုင်ပါတယ် အမေ'' ဇော်ကြီးသည် မနက်ဖြန် သူ့ဘဝရဲ့ နောက်ဆုံး ကြက်ဝိုင်းပြီးသည်နှင့် ဘုန်းကြီးကျောင်းကိုသွား၍ မွေးနေ့ကုသိုလ်ဓနပြုရင်း ဥပုသ်သီလစောင့်မည်ဟု ဆုံးဖြတ်လိုက်၏။

''သား ကြက်ဖကြီးနဲ့ ဘယ်သွားမလို့လဲ''

''ကြက်ဖကြီးကို ဖိုးထောင်တို့အိမ် ပို့ထားမလို့ပါ''

''ဆယ်နာရီ ဘုန်းကြီးကျောင်း သွားမှာနော် သား''

''ဟုတ်ကဲ့ပါ အမေရဲ့၊ သားရဲ့ သူငယ်ချင်းတွေပါ ခေါ်လာခဲ့မယ်၊ ဘုန်းကြီး ကျောင်းကသာ အမေတို့စောင့်နေ။'' ဇော်ကြီးသည် ''နွဲ့ဆိုး''ဟူသော ကြက်ဖကို ပိုက်လျက် ချိန်းဝိုင်းရှိရာဆီသို့ ထွက်လာခဲ့၏။ ချိန်းဝိုင်းဖြစ်သည့်အတွက် စကားအထွေအထူးပြောစရာပင်မလို လောင်းကြေးကိုသာထပ်၍ တိုက်လိုက်ကြ ၏။ ထိုစဉ် ကြက်ပွဲလုပ်မည်ကို သတင်းရရှိထားသော ရဲတပ်ဖွဲ့ဝင်များသည် သတင်းရရှိရာ နေရာဆီသို့ ရောက်ရှိလာကြ၏။

''ရဲတွေလာတယ်ဟေ့''ဟူသော အသံကြောင့် ကြက်ဝိုင်းရှိ လူအားလုံးသည် ''နောက်ကျတဲ့ခြေထောက်သစ္စာဖောက်'' ဟုပင်ပြောကာ   လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ပြေးကုန်ကြသည်။ ဇော်ကြီးသည်လည်း ကြက်ဖကို ပိုက်လျက် ပြေးမိပြေးရာ ပြေးလေတော့သည်။ မျက်စိအာရုံတစ်လုံးချို့ယွင်းနေသော ဇော်ကြီးသည် ပြေးရင်းလွှားရင်းကပင် အတောင်သုံးဆယ်ကျော် နက်သည့် ရေတွင်းပျက်ကြီးတစ်ခုအတွင်းသို့ ပြုတ်ကျ၍ သေဆုံးရရှာသည်။

ဇော်ကြီးသည် ကုသိုလ်နှင့် အကုသိုလ် လွန်ဆွဲသည့်ပွဲတွင် အကုသိုလ်ကို အရေးပေးပြီး ရှေ့တန်းတင်ခဲ့မိခြင်းကြောင့် အသေဆိုးဖြင့်သာ သေပွဲဝင်ရရှာလေ တော့သည်။    ။
ဟိန်းမင်း(မြန်အောင်ရေနံမြေ)​ကြေးမှုံ

No comments:

Post a Comment