Latest News

Tuesday, February 6, 2018

ရိုးမထဲက ဆင်ဘေးမဲ့တော - ​ဆောင်းပါး

ရိုးမထဲက   ဆင်ဘေးမဲ့တော - ​ဆောင်းပါး

ကျိန္တလီချောင်းနံဘေးက ဘေးမဲ့တော၏ ကင်းစခန်းသို့ စက်လှေဆိုက်ကပ်ချိန်တွင်ပင် တောတောင်တို့၏ ရနံ့ သစ်များကို ရှူရှိုက်နေရပြီ။  ခပ်လှမ်းလှမ်းဆီမှ တဲ သုံး၊ လေးလုံးဖြင့် စခန်းကို ချောင်းကမ်းစပ်က မြင်နေရသည်။ ဘေးပတ်လည်မှာတော့ တောတွေ၊ တောင်တွေက စိမ့်ညို ၍ ဝန်းရံထားလျက်။ ဂွမြို့မှ ရတနာမြိုင်ကျေးရွာသို့ ကားဖြင့် ၃၃မိုင်။ ယင်းကျေးရွာမှသည် ကင်းစခန်းသို့ ချောင်းရိုးတစ်လျှောက် စက်လှေဖြင့် ၁၃မိုင် စီးရပြီး လျှင် ကျွန်တော်တို့ စခန်းချမည့် ဘေးမဲ့တောအစပ်ကို ရောက်ပါပြီ။

ဤနေရာကား အနီးဆုံး ကျေးရွာနှင့်ပင် ၁ဝ မိုင်ကျော် ကျော် ကွာဝေးသည်။ ကင်းစခန်းက ဘေးမဲ့တောကြီး၏ နယ်နိမိတ်အစတွင် တည်ဆောက်ထားသည်။ ကင်း စခန်းနာမည်မှာ ကြိမ်ခါးခုံကင်းစခန်းဖြစ်ပြီး ရခိုင်ရိုးမ ဆင်ဘေးမဲ့တောကြီး၏ ကင်းစခန်း သုံးခုအနက်တစ်ခုပါ။ ရခိုင်ရိုးမဆင်ဘေးမဲ့တောကို လွယ်လွယ်ကူကူ အဝင်နိုင် ဆုံးဖြစ်သည့် ကျိန္တလီချောင်းနံဘေးမှာ ဆောက်လုပ်ထား သည်။

အရေးကြီး

 ဘေးမဲ့တော တောင်ဘက်ခြမ်း တစ်ခုလုံးကို သည် ချောင်းရိုးက စီးဆင်းနေသည့်အတွက် ချောင်းရိုးကို ထိန်းသိမ်းနိုင်ပါက တောင်ဘက်ခြမ်းကို ခြိမ်းခြောက် လာမည့် အန္တရာယ်တွေကို  ကာကွယ်နိုင်သောကြောင့် အရေးကြီးသော ကင်းစခန်းအဖြစ် တွေ့မြင်ရသည်။ သည်လိုအရေးကြီးသော အခြားကင်းစခန်းနှစ်ခုမှာ ဘိုကလေးကင်းစခန်းနှင့် ကျားချောင်းကင်းစခန်းဖြစ်ပါ သည်။

 ဤကင်းစခန်းသုံးခုမှတစ်ဆင့် ထိုဆင်ဘေးမဲ့တော တွင် အဓိကကျက်စားသော တောဆင်ရိုင်းများ အပါ အဝင် အခြားသော သားငှက်တိရစ္ဆာန်များ ထိန်းသိမ်း ကာကွယ်ရေး ဆောင်ရွက်နေသည်။ ဤဘေးမဲ့တောသည် မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများ ထိန်းသိမ်းရာ ပထမ ဦးဆုံး သဘာဝနယ်မြေတစ်ခုဖြစ်သည်ဟု ရခိုင်ရိုးမ ဆင်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းကပြောသည်။

''ပြည်သူတွေကို သိစေချင်တာက ဒီဘေးမဲ့တောဟာ ဆင်တွေအတွက် တကယ့်ကို အရေးကြီးတယ်၊ မြန်မာ့ တောဆင်ရိုင်းတွေကို ဒီလိုသာ မထိန်းသိမ်းနိုင်ရင် မြန်မာ မြေပေါ်မှာ မျိုးသုဉ်းပြီး ရှိမှာ မဟုတ်တော့ဘူး။ တခြား သော ရှားပါးသားငှက်တိရစ္ဆာန်တွေအတွက်လည်း ဒီ ဘေးမဲ့တောဟာ အရေးကြီးတယ်ဆိုတာကိုလည်း သိစေ ချင်တာပဲ'' ဟု သူက ဆိုသည်။

ကျက်စားလျက်ရှိ

ဤဘေးမဲ့တောတွင် ရှားပါးမြန်မာ့တောဆင်ရိုင်း၊ အင်းကျား၊ ပြောင်အပါအဝင် နို့တိုက်သတ္တဝါ ၄ဝ မျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ ၆၃ မျိုး၊ လိပ်ပြာ ၂၆ မျိုး၊ ရေချိုငါး  ၂၈ မျိုးနှင့် အင်းဆက် ၁၂ မျိုး ကျက်စားလျက်ရှိသည်။ သဘာဝပေါက်ပင်များအဖြစ် ပျဉ်းကတိုး၊ ပျဉ်းမ၊ ကသျှစ် အပါအဝင် သစ်မျိုး ၇၆  မျိုး၊ သစ်ခွ ၁၁ မျိုး၊ ဝါး ကိုးမျိုး၊ ကြိမ် လေးမျိုးနှင့် ပရ ဆေးပင် ၄၇ မျိုး ပေါက်ရောက်ကြောင်းလည်း မှတ်တမ်း များတွင် ဖော်ပြထားသည်။

ရခိုင်ရိုးမဆင်ဘေးမဲ့တောသည် အမြဲစိမ်းတောဂေဟ စနစ်ဖြစ်ပြီး ခရင်ဝါးတောကြီးများသည် ဧရိယာ၏ ၇ဝ ရာခိုင်နှုန်းခန့်ကို ဖုံးလွှမ်းထားသည်။ ဘေးမဲ့တော၏ အရှေ့ဘက်တွင် ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ မြို့နယ်တို့ ဆက်စပ်ရှိနေပြီး တောင်ဘက်တွင် ဂွမြို့နယ် နှင့် မြောက်ဘက်တွင် သံတွဲမြို့နယ်ရှိသည်။ ဘေးမဲ့တော ကို ၁၉၉၇  ခုနှစ်တွင် တောဆင်ရိုင်းများ ထိန်းသိမ်းရာ သဘာဝနယ်မြေတစ်ခုအဖြစ်စတင် သတ်မှတ်ခဲ့ပြီး ၂ဝဝ၂ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ဘေးမဲ့တောသည် ဧရိယာအားဖြင့်  ဧက  လေးသိန်းသုံးသောင်းကျော် ကျယ်ဝန်းသည်။


ကျွန်တော်တို့အဖွဲ့ ကြိမ်ခါးခုံကင်းစခန်းတွင် ရှိနေစဉ် တစ်နေ့ ကျိန္တလီချောင်းရိုးတစ်လျှောက် ဘေးမဲ့တော အတွင်းသို့သုတေသနပြုရေးအတွက်  ၈ မိုင်ခန့်သွားခဲ့ ကြသည်။  ကျွန်တော်တို့အဖွဲ့၏  စက်လှေသုံးစီးမှာ ရေစီးကြမ်းသော၊ ရေတိမ်သော ချောင်းရိုးနေရာများတွင် ဆင်း၍ လမ်းလျှောက်ရသည်။ လမ်းတစ်လျှောက်မှ ကျားအော်ချောင်း၊ ကြက်လွှတ်ချောင်း၊ လိပ်ရုပ်ချောင်း၊ ရေကြမ်းကြီးချောင်း၊ ဖိုးပုံချောင်းစသည့် ချောင်းလက် တက်များကို ဖြတ်သန်းလာခဲ့ရပြီး ယင်းတို့တွင် ဤသို့ နာမည်တွင်လာကြသည့် ရာဇဝင်များလည်း အသီးအသီး ရှိကြသည်။

ရခိုင်ရိုးမဆင်ဘေးမဲ့တော၏ တည်ရှိပုံက တောတွေ မြင့်သည်။ တောင်တွေ မတ်စောက်သည်။ ချောင်းရိုး မြောင်းရိုးထူထပ်သည်။ ချောင်းရိုးတစ်လျှောက်မှာလည်း ကျောက်တုံး၊ ကျောက်စိုင်ကြီးများဖြင့် ကြမ်းသည်။ သဲ ကြမ်းသည်။ သွားရေးလာရေး ခက်ခဲသော ဘေးမဲ့တော ကြီးတစ်ခုအဖြစ် တွေ့မြင်ရသည်။ ဘေးမဲ့တော၏အတွင်း ပိုင်းကို သွားမည်ဆိုလျှင် ဤချောင်းရိုးမြောင်းရိုးများ ကိုသာ အသုံးပြုရသည်။

ပြောင်းလဲပျက်စီးမှုမရှိ

သည်ဘေးမဲ့တောတွင် တောဆင်ရိုင်းထိန်းသိမ်းရေးဆောင်ရွက်နေသော ဦးစောထူးသာဖိုးက တောမြင့်များ နှင့် ဝါးတောများကို လက်ညှိုးထိုးကာ ဤဘေးမဲ့တော သည် သဘာဝ၊ ပထဝီဝင် အနေအထားကိုက ဆင်တွေ လုံးဝကျက်စားသောဒေသ၊ ဆင်တွေအတွက် အထိ အခိုက်လည်း အလွန်လျော့နည်းသောဒေသ၊ ဘေးမဲ့တော တည်ထောင်စဉ်ကတည်းက ဆင်ကိုထိန်းသိမ်းဖို့ ဦးတည် ချက်ထားပြီး တည်ထောင်ခဲ့သောဒေသ၊ သစ်တော ခုတ်ထွင်မှုလည်း မရှိသေးသည့်ဒေသ၊ ဂေဟစနစ်များ ထူးခြားစွာ ပြောင်းလဲပျက်စီးမှု မရှိသေးသောဒေသအဖြစ် ရှင်းပြသည်။

 ဦးစောထူးသာဖိုးသည် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)တွင် အကြီးတန်း ညှိနှိုင်းရေးမှူး အဖြစ် ဤဘေးမဲ့တောတွင်  တောဆင်ရိုင်းကာကွယ် ထိန်းသိမ်းရေးနှင့်  သုတေသနလုပ်ငန်းများကို  ကူညီ ဆောင်ရွက်နေသူဖြစ်သည်။

ဆယ့်ငါးဦးခန့်ရှိသော ကျွန်တော်တို့အဖွဲ့သည် သွား လမ်းတစ်လျှောက်တွင် တွေ့ရှိရသော သားငှက်တိရစ္ဆာန် များနှင့် ယင်းတို့၏ ခြေရာများ၊ မစင်များကို မှတ်တမ်း ယူသူ၊ ယူ၍ သုတေသနပြုလုပ်သူက ပြုလုပ်၍ သွားကြ သည်။

ရခိုင်ရိုးမဆင်ဘေးမဲ့တောတွင် တောဆင်ရိုင်းအကောင် ရေ ၁ဝဝ ခန့် ပျံ့နှံ့ကျက်စားကြသည်ဟု တာဝန်ရှိသူများ က ခန့်မှန်းသည်။ ယင်းအချက်အလက်များသည် သိပ္ပံ နည်းကျကောက်ယူထားသော စာရင်းမဟုတ်ပေ။ ယခု အချိန်ထိ   သိပ္ပံနည်းကျ   မကောက်ယူနိုင်သေးပေ။ ဦးစောထူးသာဖိုးကတော့ သိပ္ပံနည်းကျစာရင်း ကောက်ယူ ရေးကို ယခုလိုရှင်းပြသည်။

စာရင်းကောက်ရမည်

ဘေးမဲ့တောတွင် တောဆင်ရိုင်းများ မည်သည့်နေရာ များတွင် ကျက်စားသည်ကို သိရှိနိုင်ဖို့ လာမည့်နှစ်တွေ အတွင်း ဆောင်ရွက်နိုင်ရန် ကြိုးစားနေသည်ဟု သူက ပြောသည်။ ပထမအဆင့် ဆင်ပျံ့နှံကျက်စားသော နေရာ များအားလုံးကို သိပြီးလျှင် ဆင်ကောင်ရေ ဘယ်လောက်ရှိ သည်ကို ဆက်လက် သုတေသနပြုလုပ်ရမည်ဖြစ်သည်။ ဧက လေးသိန်းကျော်ရှိသော ဤဘေးမဲ့တောတွင် အဖွဲ့ ငယ်တွေ များစွာဖြင့် တစ်ပြိုင်နက် သုတေသနပြုရမည်။ ၁၄ ရက်အတွင်း ဧရိယာတစ်ခုလုံးကို စာရင်းကောက် ရမည်ဖြစ်ပြီး ထိုကဲ့သို့ သုတေသနကို သုံးလအတွင်း ငါးကြိမ်ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။

''ဒီလေ့လာမယ့် ဆင်စာရင်းကောက်တဲ့ လုပ်ငန်းက ဆင်ရဲ့ မစင်ကနေ မျိုးရိုးဗီဇခွဲခြားတဲ့နည်းလမ်း (DNA Analysis) နဲ့ တစ်ကောင်ချင်းကို ဖော်ထုတ်ပြီးတော့ ခန့်မှန်းတွက်ချက်နိုင်တဲ့ နည်းစနစ်ဖြစ်ပါတယ်။ ဆင်မစင် တွေကို ပြည်ပကို ပို့ပြီးတော့ ခွဲခြားရမယ်။ ကုန်ကျစရိတ် ကလည်း အလွန်များပါတယ်။ ယခုလက်ရှိအခြေအနေအရ ကာကွယ်ထိန်းသိမ်းရေးကိုဦးစားပေးဆောင်ရွက်နေရ လို့ လာမယ့် ၄/၅/၁ဝ နှစ်အတွင်းမှာ လုပ်နိုင်ဖို့ ရည် မှန်းထားပါတယ်'' ဟု ဦးစောထူးသာဖိုးက ပြောသည်။

ထို့အပြင် ရခိုင်ရိုးမဆင်ဘေးမဲ့တောတွင် ကျက်စား နေကြသော ဆင်၊ ပြောင် အပါအဝင် ရှားပါးသား ငှက် တိရစ္ဆာန်များမှာ ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့လာနေရပြီ ဟု ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးစန်းဝင်းကပြောသည်။ ဤဘေးမဲ့တောနှင့် ဆက်စပ်နေသော အထူးသဖြင့် ဂွချောင်းကြိုးပြင်ကာကွယ် တောနှင့်  တောင်ညိုကြိုးပြင် ကာကွယ်တောများတွင် တောဆင်ရိုင်းသတ်ဖြတ်ခံရမှုများ ကြုံတွေ့နေရသည်ဟု ၎င်းက ဆိုသည်။

ဤဘေးမဲ့တောမှာလည်း အရှေ့ဘက်ခြမ်းနှင့် ဆက် စပ်နေသော    ဧရာဝတီတိုင်းဒေသကြီးရှိ   ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ မြို့နယ်တို့က မုဆိုးများ ကျူးကျော်ဝင်ရောက်၍ တောဆင်ရိုင်းအပါအဝင် အခြား သားငှက်များကို အမဲလိုက်ခြင်းများ၊ အဆိပ်ချငါးဖမ်း ခြင်းများ ပြုလုပ်ကြသည့် အထောက်အထားများ တွေ့နေ ရပြီ ''အဓိက ရင်ဆိုင်နေရတဲ့ပြဿနာက အမဲလိုက်တာ''ဟု ဦးစန်းဝင်းက ပြောသည်။

မနိုင်မနင်း

ရခိုင်ရိုးမဆင်ဘေးမဲ့တောတွင် တရားဝင် ဖွဲ့စည်းပုံ ဝန်ထမ်းအင်အားမှာ  ၈၁ ဦးဖြစ်သော်လည်း လက်ရှိ တွင် ဝန်ထမ်းအင်အား ၂၅ ဦးခန့်သာ ရှိသည်။ သို့သော် ကင်းလှည့်ဝန်ထမ်းမှာ ၁၅ ဦးခန့်သာ ဖြစ်သည်။ ဝန်ထမ်းအင်အား အလွန်နည်းပြီး မနိုင်မနင်း ဖြစ်ရသည် များလည်း ရှိကြောင်း ဦးစန်းဝင်းက ဆိုသည်။

သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်) ၏ထောက်ပံ့မှုဖြင့် ဒေသတွင်းရှိကျေးရွာများမှ ဒေသခံ ကင်းသား ၁၁ ဦးကို ရွေးချယ်ခန့်ထား၍ ဝန်ထမ်းများ တို့နှင့်အတူ ပူးပေါင်းကာ ကင်းလှည့်ထိန်းသိမ်းခြင်း များကို ဆောင်ရွက်လျက်ရှိသည်။ ဤဘေးမဲ့တောတွင် တောဆင်ရိုင်းများကို သစ်တောဦးစီးဌာနနှင့် ပူးပေါင်း၍ သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)က ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသည်။  ဤသို့ဖြင့် ကင်းလှည့်ဝန်ထမ်း (Rangers- ရိန်းဂျားများ)များ စုစုပေါင်း ၂၅ ဦးခန့်ရှိသော်လည်း ဘေးမဲ့တောဧရိယာ တစ်ခုလုံးကို ကင်းလှည့်ရန် အဖွဲ့ သုံးဖွဲ့၊ ဖွဲ့စည်းလိုက် သောအခါ တစ်ဖွဲ့လျှင် ခုနစ်ဦး၊ ခုနစ်ဦးခန့်ဖြင့်သာ တစ်လလျှင် ရက် ၂ဝ ခန့် ကင်းလှည့်ကြရသည်ဟု ရိန်ဂျားများက ပြောသည်။

သို့အတွက် တောထဲတွင် မုဆိုးများဖြင့် ရင်ဆိုင်ရသော အခါ မုဆိုးများမှာ ၁၈ ယောက်၊ အယောက် ၂ဝ အင်အားရှိပြီး အမဲလိုက်ခွေးအုပ်များ၊ လှံများ၊ သေနတ် များလည်း ပါလာသည့်အတွက် အန္တရာယ်များသော ကြောင့်  နောက်ဆုတ်ရသည်များလည်း  ရှိကြောင်း ရိန်းဂျားများက ပြောသည်။

အထောက်အထားများဖြစ်

သာဓကအားဖြင့် ဘေးမဲ့တောတွင် ထိန်းသိမ်းရေး ဝန်ထမ်းများ ကင်းလှည့်ရာ မုဆိုးများ၏ ကြပ်စင်များ၊ တဲများ၊ တူမီးသေနတ်များကို သိမ်းဆည်းရမိသည်များ လည်း ရှိသည်။ မုဆိုးများနှင့် ထိန်းသိမ်းရေးအဖွဲ့များ ထိပ်တိုက်ရင်ဆိုင်ရမှုများလည်းရှိသည်။ ဘေးမဲ့တော၏ ပတ်ဝန်းကျင်ရွာအချို့တွင် ပြောင်သားရောင်းချနေသည် ကိုလည်း တွေ့ရပြီး ယင်းတို့သည် မုဆိုးများ အမဲလိုက် သော အထောက်အထားများ ဖြစ်သည်ဟု ဘေးမဲ့တော ဝန်ထမ်းများက ဆိုသည်။

ဤသို့   အခြေအနေများကို   ဖြေရှင်းရန်   ဝန်ထမ်း အင်အား တိုးမြှင့်ခန့်ထားခြင်း၊ ထိန်းသိမ်းရေးကင်းစခန်း များ တိုးချဲ့ဆောက်လုပ်ခြင်း၊ ဒေသခံများကို ပညာပေး ခြင်း၊ ကင်းလှည့်ထိန်းသိမ်းရေးကို ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပြီး ထိရောက်သော အရေးယူ ဆောင်ရွက်မှုများ လိုအပ်သည်ဟု ဘေးမဲ့တော ထိန်း သိမ်းရေးသမားများက ပြောသည်။ ကင်းလှည့်ဝန်ထမ်း များကို  လက်နက်တပ်ဆင်ပေးရန်လည်း လိုအပ်သည် ဟုလည်း ဆိုကြသည်။

ခြိမ်းခြောက်ခံနေရ

ရခိုင်ရိုးမ  ဆင်ဘေးမဲ့တောရှိ တောဆင်ရိုင်းများ  ခြိမ်းခြောက်ခံနေရသကဲ့သို့  မြန်မာနိုင်ငံ အနှံ့အပြားရှိ တောဆင်ရိုင်းများသည်လည်း တစ်ပတ်လျှင် တစ်ကောင် နှုန်းသတ်ဖြတ်ခံနေရသည်ဟု မြန်မာ့တောဆင်ရိုင်း ထိန်းသိမ်းရေးသမားများက ပြောသည်။ ၂ဝ၁ဝ ပြည့် နှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း တောဆင်ရိုင်းများ သတ်ဖြတ် ခံရမှုနှင့် သေဆုံးမှုမှာ ၁၄ဝ ကျော်ရှိသည် ဟု သစ်တော ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ရခိုင်ရိုးမဘေးမဲ့တောသည် ခြိမ်းခြောက်မှုများ ရင်ဆိုင် နေရသော်လည်း ရေရှည်တည်တံ့ရန် ထိန်းသိမ်း ထားနိုင် ပါက သဘာဝအခြေပြုခရီးသွားလုပ်ငန်းများ ဖော်ဆောင် ဖို့ လွန်စွာကောင်းမွန်သည်။ တော၊ တောင်ထဲ သဘာဝ လေ့လာရေး   ခရီးသွားနိုင်မည်။   သားငှက်မျိုးစုံကို လေ့လာနိုင်မည်။  တောဆင်ရိုင်းများကို    လေ့လာနိုင် မည်။ ဇီဝမျိုးစုံမျိုးကွဲမျိုးစိတ်များကို   လေ့လာနိုင်မည်။ ဒေသခံတွေအတွက်   အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာလိမ်မည်ဟု    ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးစန်းဝင်းက ပြောသည်။

သည်ဘေးမဲ့တောထဲ ဆင်သုတေသလုပ်နေသည့် ဦးစောထူးသာဖိုးက ''ဒီဘေးမဲ့တောဟာ ဆင်တွေအတွက် အလွန်ကောင်းတဲ့ နေရင်းဒေသတစ်ခုဖြစ်တဲ့အတွက်  ဒီ နေရာကို အရေးတကြီးထိန်းသိမ်းဖို့ လိုအပ်နေပါတယ်'' ဟု ဆိုသည်။     ။
ညီတူး(​ကြေးမှုံ)

No comments:

Post a Comment