Latest News

Tuesday, February 6, 2018

မနက်ဖြန်တိုင်းဟာ အရေးကြီးပါတယ် - ​ဆောင်းပါး

မနက်ဖြန်တိုင်းဟာ အရေးကြီးပါတယ် - ​ဆောင်းပါး

အောင်မြင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့ တည်ဆောက် ခဲ့ပုံတွေ လေ့လာတဲ့အခါ ကြိုးစားအားထုတ်မှုအပြင် အသိ ပညာရှိမှုဟာလည်း အဓိကလိုအပ်ချက်ဖြစ်ကြောင်း သိလာရ သလို   အဲဒီအသိတရားတွေကို   လက်တွေ့ဘဝမှာ   ထိထိ ရောက်ရောက် အသုံးချတတ်ဖို့လိုကြောင်းကိုလည်း သိလာရ တယ်။ ဒါနဲ့ပတ်သက်လို့ အင်္ဂလိပ်စကားတစ်ခုမှာ ဘယ်လိုဖော်ပြ ထားသလဲဆိုတော့ ''Self conquest is the greatest of all victories ''၊ကိုယ့်ကိုယ်ကိုယ် အောင်မြင်အောင် လုပ်နိုင်ခြင်းဟာ အောင်မြင်မှု အားလုံးအနက် အကြီးကျယ်ဆုံး အောင်မြင်မှုပဲ'' ဆိုတာကို မှတ်သားခဲ့ဖူးပါတယ်။

ဘဝနဲ့ ဆန္ဒ
ယခုအခါမှာ  ဘဝနဲ့ဆန္ဒ  တစ်ထပ်တည်းကျပါစေလို့ ဆုတောင်းနေကြတာတွေကို  ကြားနေရပါတယ်။ တကယ်တော့  လောကလူသားတွေအတွက် ဘဝနဲ့ဆန္ဒ တစ်ထပ်တည်းကျဖို့ ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ပေမယ့် ဖြစ်ချင်တဲ့ဆန္ဒတော့  ရှိဖို့လိုပါလိမ့်မယ်။   ဒါမှလည်း   ကြိုးစားအားထုတ်မှုဆိုတာ  တစ်ခါတည်းကပ်ပါလာပြီး ဆန္ဒရဲ့စေ့ဆော်မှုကြောင့် ကြိုးစား အားထုတ်မှုဆိုတာ  ဖြစ်လာတယ်။  အဲဒီနောက်  အသိပညာနဲ့ ကြိုးစားအားထုတ်မှု  ပေါင်းစပ်လိုက်တဲ့အခါ  ကိုယ်လိုချင်တဲ့၊ ကိုယ်ဖြစ်ချင်တဲ့ဘဝကို အပြည့်အဝ မဟုတ်တောင် အနီးစပ်ဆုံး တော့ ဖြစ်လာကြပါတယ်။
ယနေ့နိုင်ငံတော်မှာ  လူငယ်အများစုဟာ  နည်းပညာ တိုးတက်မှုတွေကို စိတ်ဝင်စားမှုရှိလာကြသလို စီမံခန့်ခွဲမှု ပညာရပ်တွေကိုလည်း   နားလည်တတ်ကျွမ်းဖို့လိုကြောင်း သိလာကြပါတယ်။   ဒါမှ   မိမိတာဝန်ယူဆောင်ရွက်နေတဲ့ ဆောင်ရွက်ကြမယ့် အဖွဲ့အစည်းအတွင်း အကျပ်အတည်း ကာလ ကြုံကြိုက်လာရင် ဘယ်လိုဆုံးဖြတ်ချက်မျိုး ချနိုင်မယ် ဆိုတာကို   သိလာကြလို့ပဲ   ဖြစ်ပါတယ်။   အဖွဲ့အစည်းရဲ့ ကောင်းကျိုး  ဆိုးကျိုးတွေကို  တာဝန်ယူရမယ့်  အဆင့်မျိုး ဖြစ်နေရင် နည်းပညာပိုင်းရော၊ စီမံခန့်ခွဲမှုအပိုင်းပါ သိနေဖို့ လိုကြောင်း နားလည်လာကြပါတယ်။ ဒါကြောင့် ယိုယွင်းချို့တဲ့ နေတဲ့ ကဏ္ဍပေါင်းစုံကို ရေလောင်းပေါင်းသင် ပြုစုပျိုးထောင် နိုင်ဖို့ဆိုရင်   ဖော်ပြပါအရည်အချင်းနှစ်ရပ်နဲ့    ပြည့်စုံတဲ့ ခေါင်းဆောင်ကောင်းတွေ   လိုအပ်ပါတယ်။   အထူးသဖြင့်   စနစ်အပြောင်းအလဲ၊ ခေါင်းဆောင်အပြောင်းအလဲ၊ ကဏ္ဍ ပေါင်းစုံ  အပြောင်းအလဲတွေမှာ  စီမံအုပ်ချုပ်မယ့်သူတွေရဲ့ အရည်အချင်းဟာ များစွာအရေးကြီးပါတယ်။  အနာဂတ် လူ့အဖွဲ့အစည်းသစ်ကို  စီမံဖန်တီးကြမယ့်  ဗိသုကာလေးတွေ ဖြစ်လို့  မှန်ကန်တဲ့အသိနဲ့ ကြီးပြင်းလာဖို့ ထိန်းကျောင်းပေးရ ပါ့မယ်။
သူတို့ရဲ့ လုပ်ရပ်တစ်ခုကြောင့် အခြေအနေတစ်ခု ထူးခြား သွားတာ၊ တိုးတက်ပြောင်းလဲသွားတာမျိုးကို အားပေးရပါမယ်။  သို့သော် ဒီနေ့မှန်ပေမယ့် မနက်ဖြန်မှန်ချင်မှ မှန်မယ်။ ဘာဖြစ် လို့လဲ။  အမှန်တရားတွေအားလုံးဟာ  ပြောင်းလဲမှုဖြစ်နေလို့ ဆိုတာကို သိနေဖို့ပဲလိုပါတယ်။

စာတွေအများကြီးဖတ်ဖို့ လို
ကျွန်တော်တို့နိုင်ငံမှာ  ဦးဆောင်မှုပေးသူနဲ့  ဦးဆောင် တာဝန်ယူသူ ရောနေတယ်။ တကယ်တော့ ဦးဆောင်မှုပေးသူကို  ဦးဆောင်မှုတာဝန်ယူသူက  ပံ့ပိုးနိုင်ရမယ်။  ဒါ့အပြင်  တာဝန် ယူသူအပိုင်းက သိတာ၊ တတ်တာတွေက တလွဲမဖြစ်ဖို့ လိုတယ်။  အသစ်သိတာလား၊ အဟောင်းအတိုင်း မလုပ်တော့တာလား၊  သိပြီးသားကို ပုံစံတစ်မျိုးနဲ့ စဉ်းစားတာလား၊ ဒါကို အထူးသတိ ပြုဖို့ လိုပါတယ်။ လူတစ်ယောက်မှာ နားနှစ်ဖက်နဲ့၊ ပါးစပ်ပေါက် တစ်ပေါက်ပဲရှိတယ်။ ပြောတာထက် နှစ်ဆနားထောင်ပေးပါ ဆိုတဲ့ သဘောပါပဲ။ (ဒါပေမယ့် ပြောင်းပြန်ဖြစ်နေတယ်) ပါးစပ် နှစ်ပေါက် နားတစ်ဖက်၊ တချို့ကျတော့ နားတောင်ပါမလာဘူး။ အားလုံးမှာ ဦးဆောင်မှုပေးနိုင်တဲ့ အရည်အသွေးရှိတယ်။  ဒါပေမယ့် ခေါင်းဆောင်မှုပေးနိုင်တဲ့ အရည်အသွေးရှိဖို့သာ  အရေးကြီးတယ်။  သူများလုပ်တာ  လိုက်လုပ်ရင်  Copy ပဲ ဖြစ်မယ်။ သူများမလုပ်နိုင်တာကို ကိုယ်လုပ်နိုင်ဖို့က အဓိက  ဒါမှတန်ဖိုးရှိတယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုရင် စာတွေအများကြီးဖတ်ဖို့ လိုတယ်။ စာတွေအများကြီး တတ်ဖို့လိုတယ်။ ပျဉ်ထောင်အိမ်၊ ပျဉ်ခင်းလေး ပြောင်အောင်လှည်းနေကျ ကိုယ့်တံမြက်စည်း လေးကို ကျေနပ်နေမယ့်အစား ကြမ်းခင်းကော်ဇောပေါ်က ဖုန်မှုန့်ကို လှည်းပစ်နိုင်ဖို့ ကြိုးစားကြရပါ့မယ်။
ကျွန်တော်တို့ဟာ  သူများလုပ်တာလိုက်လုပ်တတ်တဲ့ အကျင့်ကို သင်ယူခဲ့ရလို့လားမသိ။ လူတစ်ဦး လုပ်ငန်းတစ်ခုနဲ့  အောင်မြင်နေရင် နောက်တစ်ဦးကလည်း လိုက်လုပ်တတ်တဲ့  အကျင့်မျိုးရှိကြတယ်။  ဥပမာ- လမ်းတစ်လမ်းမှာ မုန့်ဟင်းခါး ဆိုင်လေးဖွင့်လို့ ရောင်းကောင်းလာရင် လမ်းထိပ်မှာ အခြားသူ တစ်ဦးက  နောက်တစ်ဆိုင်ဖွင့်လာတယ်။  တကယ်လို့  သူပါ အောင်မြင်ရင် လမ်းလယ်မှာ နောက်တစ်ဆိုင်ကို အခြားသူ တစ်ဦးက  ထပ်ဖွင့်ကြတယ်။  မျှဝေခံစားချင်တဲ့  သဘောလို့ ထင်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတော့  အရင်းအနှီး နည်းပြီး ဖောက်သည်မရသေးတဲ့ လုပ်ငန်းရှင်ရဲ့ မုန့်ဟင်းခါး ဆိုင်လေးက ပိတ်သွားရတယ်။ တကယ်ဆိုရင် မုန့်ဟင်းခါးနဲ့တွဲပြီး ဘာရောင်းမလဲ၊ ဆိုင်ရဲ့အပြင်အဆင်ကအစ ဝန်ဆောင်မှုအဆုံး  ထူးခြားတာလေးတွေပါ ပေါင်းစပ်ပေးနိုင်မယ်ဆိုရင် နောက်မှ ဖွင့်ပေမယ့် မှတ်သားစရာနေရာလေးအဖြစ်  အသိအမှတ်ပြုခံ ရမှာဖြစ်ပါတယ်။ ဒါကြောင့် ''အရှေ့ရောက်ချင်ရင် ရှေ့တိုးမှပေါ့'' လို့ ပြောချင်တာပါ။

အားပေးလက်ခံလာ
ယနေ့က္ဘာကြီးမှာ      နိုင်ငံတကာကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေဟာ ဈေးကွက်ယှဉ်ပြိုင်မှုMarket Competition ပုံစံနဲ့ အပြိုင်အဆိုင် ဆောင်ရွက် နေကြပါတယ်။ စီးပွားရေးဆိုင်ရာလုပ်ငန်းတွေရဲ့  အောင်မြင်မှု  အရင်းအမြစ်ဖြစ်တဲ့ အရည်အသွေးပိုင်းမှာလည်း ကုန်ပစ္စည်း တွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်တော့ဘဲ၊ လူသားစွမ်းရည်ပါ  အကျုံးဝင်လာကြောင်း သိရှိလာရပါတယ်။

လုပ်ငန်းနယ်ပယ်စုံကို လွှမ်းခြုံကိုင်တွယ်ရတဲ့၊ လူသား တွေရဲ့   ပဓာနအခန်းကဏ္ဍ   (People Orientation)  ကို တိုးမြှင့်လိုက်ခြင်းဟာ   စွမ်းရည်စီမံခန့်ခွဲရေး  (Quality Management)ရဲ့ အခြေခံသဘောတရားဆိုတာကို  နားလည်လာကြပါတယ်။ လုပ်ငန်းအသီးသီးရဲ့ တိုးတက်မှု ဆိုတဲ့နေရာမှာ လူသားတွေရဲ့ စွမ်းဆောင်မှုအရည်အချင်းဟာ  အဓိကဖြစ်လို့ လုပ်ငန်းပိုင်းဆိုင်ရာ အတတ်ပညာ ကျွမ်းကျင်ရုံ သာမက အဲဒီပညာရှင်ကို လက်တွေ့အကျိုးရှိအောင် အသုံးချ တတ်ဖို့လိုကြောင်း  သိရှိလာကြပါတယ်။ ဒါပေမယ့်  စနစ်နဲ့ လုပ်နည်းလုပ်ဟန် ပြောင်းလဲချိန်မှာတော့ တွေ့ကြုံရမှာတစ်ခု ရှိပါတယ်။   ဘာလဲဆိုတော့  ''သာမန်ထက်  ထူးကဲတာ တစ်ခုခုရဲ့  အစပိုင်းမှာတော့ အမြဲလိုလို လူထုက လက်မခံကြ ပါဘူး''။   အင်္ဂလိပ်လိုတော့  (At the beginning of anything out of the ordinary, the mass of people always dislike it)တဲ့။ ဒါပေမယ့် အစိုးရအပြောင်းအလဲ ဖြစ်တဲ့အခါတိုင်း  အုပ်ချုပ်သူတွေရဲ့  အမည်နာမပြောင်းလဲ သွားတာမျိုးထက်  မပြည့်စုံနွမ်းပါးသူတွေရဲ့ ဘဝ  ပြောင်းလဲ သွားနိုင်အောင်  လုပ်နိုင်မယ်ဆိုရင်တော့  အစပိုင်းမှာရော၊ အဆုံးပိုင်းမှာပါ  တစ်ခဲနက်အားပေးလက်ခံလာကြပါတယ်။ ကိုရီးယားမှာရော၊ ဂျပန်မှာပါ တွေ့ခဲ့ဖူးပါတယ်။

ရပ်ကွက်ထဲက သက်ကြီးရွယ်အိုလူကြီးတချို့က ''လောက ကြီးကလည်း ဘက်စုံကဏ္ဍစုံမှာ ပူလောင်မှုတွေများလှချည်လား၊ အရာအားလုံး  မီးလောင်နေသလိုပဲ''လို့  ပြောကြတယ်။ တကယ်တော့ ''မီး'' လို့ဆိုတာနဲ့ ဘယ်မီးမှ ကောင်းကျိုးမပေး ပါဘူး။ လောဘမီး၊ ဒေါသမီး၊ မောဟမီး၊ သောကမီးအားလုံးဟာ  ပူလောင်မှုကို ဖြစ်စေပါတယ်။ လောင်ပြီလို့ဆိုတာနဲ့ အမြန်ဆုံး ငြှိမ်းသတ်နိုင်ဖို့လိုသလို၊ ထိရောက်တဲ့ငြှိမ်းသတ်မှုမျိုးလည်း  ဖြစ်ဖို့လိုပါတယ်။   လောင်ကျွမ်းမှုအချိန်   ကြာမြင့်လာလေ၊ ဆုံးရှုံးမှုတန်ဖိုးများလေ ဖြစ်ပါတယ်။ ပစ္စည်းဆုံးရှုံးမှုအတွက် ပြန်လည်ဖြည့်ဆည်းပေးဖို့  မခက်ပေမယ့်၊  စိတ်ဓာတ်ဆုံးရှုံး ရင်တော့    နဂိုအခြေအနေပြန်ရဖို့     အချိန်ယူရပါတယ်။ ဒါကြောင့် ကြီးမားတဲ့ ရည်မှန်းချက်အတွက်ဆိုရင် ကျွန်တော်တို့ ကြီးမားတဲ့ စွန့်စားမှုမျိုးပြုလုပ်ရဲရပါမယ်။ မလုပ်ခင် ဘက်စုံ စဉ်းစားရမယ်။ စဉ်းစားပြီးပြီဆိုရင်တော့ အင်တိုက်အားတိုက် လုပ်ဆောင်ဖို့သာ ဖြစ်ပါတယ်။
နားလည်ရတော့မယ့်အချိန်
မိမိရဲ့ ရှိပြီးသား၊ တတ်ပြီးသားပညာရပ်တွေကို အမြဲတစေ တိုးတက်အောင် ဆောင်ရွက်ရင်း တစ်နေ့တခြားပြောင်းလဲ  တိုးတက်နေတဲ့ ခေတ်ကြီးကို   ဦးဆောင်နိုင်ဖို့ဆိုရင်  မိမိ ဆောင်ရွက်နေရတဲ့လုပ်ငန်း အတတ်ပညာတွေကို ကျေညက်စွာ နားလည်ဖို့  လိုပါတယ်။  ကိုယ်ကျင့်တရားကောင်းမွန်ပြီး စိတ်ထားဖြူစင်ကာ၊ သည်းခံမှုများစွာနဲ့ စီမံခန့်ခွဲခွင့်ရသူတွေက  စီမံအုပ်ချုပ်သွားမယ် ဆိုရင်တော့ ''တူ၍မရပါ၊ မတူ၍မရပါ'' ဆိုတဲ့ ကိစ္စရပ်များကို ဖြေရှင်းပြီးသားဖြစ်သွားနိုင်ပါတယ်။

ခေတ်ကိုသဘောပေါက်တဲ့၊   ခေတ်ရဲ့ရေစီးကြောင်းကို မပြတ်သိနေတဲ့ နိုင်ငံတကာမှာ အောင်မြင်နေတဲ့ လုပ်ငန်းရှင် တိုင်းဟာ  နည်းပညာအသစ်ကို  တီထွင်ပြီး  အကျိုးအမြတ် ကြီးအောင် လုပ်တတ်ကြတယ်။ နည်းပညာသုံးစွဲမှုမှာလည်း  ကိုယ့်လုပ်ငန်းအတွက် မည်သူကမှ လိုက်မမီအောင် ထိပ်ဆုံး  ရောက်နေရဲ့လား။   ပမာဏချင်းတူရင်တောင်    ထိပ်ဆုံးမှာ ရှိရဲ့လား။   လုပ်ငန်းချဲ့ထွင်နိုင်အောင်   ဘယ်လိုတီထွင်  သုံးစွဲရ မလဲ။ ခြေကုတ်ကောင်းဖို့လိုသလို၊ ခြေလှမ်းစိတ်ဖို့လည်းလိုတယ်၊  ရဲရဲတင်းတင်းစိတ်ကူးယဉ်တာ။ ဒါတွေအားလုံးဟာ တကယ် အတုယူစရာတွေဆိုတာ နားလည်ရတော့မယ့်အချိန် ဖြစ်ပါ တယ်။

ဒါကြောင့်   နိဂုံးချုပ်အနေနဲ့    တင်ပြလိုတာကတော့ အဓိပ္ပာယ်မဲ့ခဲ့တဲ့ လုပ်ငန်းတွေကိုရပ်ပြီး အမှန်တကယ်အစကနေ  ပြန်ပြင်သင့်တဲ့  အရာတွေအပေါ်  အာရုံစူးစိုက်ရမယ့်အချိန် ဆိုတာကို  နားလည်ကြမယ်၊  လိုက်နာနိုင်ကြမယ်ဆိုရင်တော့ တိုင်းရင်းသားလူမျိုးစုပေါင်းစုံ သန်း ၅ဝ ကျော်နေထိုင်ကြတဲ့  မြန်မာနိုင်ငံအတွက်  ''မနက်ဖြန်တိုင်းဟာ  အရေးကြီးပါ ကြောင်း'' တင်ပြလိုက်ရပါတယ်။         ။
မင်းသိမ်း (နေပြည်တော်)မြန်​မာ့အလင်း

No comments:

Post a Comment