သမီးကြီးအဖြစ် ရပ်တည်ချင်သော ပိုးမီ
Myanmar Idol Season (2) တွင် Top 3 အထိ ပါဝင်ခဲ့ ပြီး ဘဝကို အရိုး ရှင်းဆုံး ဖြတ်သန်းနေသူလေးအဖြစ် ပရိသတ် အသိအမှတ်ပြု ခံခဲ့ရသူလေး ပိုးမီ၏ ပထမဆုံး တစ်ကိုယ်တော်ခွေ ဖြစ်သည့် '' နောက်ထပ် ---တစ်ယောက်မရှိဘူး'ဟု အမည်ရသည့် တေးစီးရီးခွေကို မတ် ၁ ရက်မှစတင်ကာ The Sun Music တေးထုတ်လုပ်ရေးမှ မြန်မာတစ်ပြည်လုံးဖြန့်ချိသွားမည်ဟု သိရသည်။
''နောက်ထပ်---တစ်ယောက်မရှိဘူး ဆိုတဲ့ သီချင်းအဓိပ္ပာယ်လေးက ဘဝနဲ့ သက်ဆိုင်တဲ့အကြောင်း လေးတွေပါပဲ၊ အဓိပ္ပာယ်လေးကိုတော့ ညီမ အခွေလေး ထွက်မှ နားဆင်စေချင်ပါတယ်၊ အကြောင်းအရာလေးတွေကတော့ ပရိသတ် အကြိုက်တွေ့စေမယ့် အကြောင်းအရာလေးတွေပါပါတယ်၊ သီချင်း ရွေးချယ်မှုပိုင်း ကတော့ ဆရာမ မေသော်နဲ့ သေချာတိုင်ပင်ပြီး ရွေးချယ်ဖန်တီးပါတယ်၊ အန်တီ မေသော်က တစ်ဝက် ညီမက တစ်ဝက်ရေးထားကြပါတယ်၊ ညီမက ငါးပုဒ်၊ အန်တီ မေသော်က ငါးပုဒ်ရေးထားပါတယ်၊ ညီမရေးထားတဲ့ သီချင်းလေးတွေကတော့ အရင်က အလိုက်တသိဆိုတဲ့ သီချင်းပုံစံမျိုး လေးတွေရယ်၊ အသည်းကွဲသီချင်း လေးတွေ၊ ခွန်အားဖြစ်စေမယ့် သီချင်းလေးတွပါပါတယ်၊ သီချင်းလေးတွေကို ညီမအသံနဲ့ လိုက်ဖက်မယ့် ပုံစံလေးတွေပဲ ရွေးပြီးဆိုထားပါတယ်၊ ပရိသတ်အနေနဲ့ လည်း ညီမသီချင်းလေးတွေ နားထောင်လိုက်တာနဲ့ ပိုးမီဆိုတာကို ပရိသတ် သိနိုင်ပါတယ်'' ဟု ပြောသည်။
သူ့အနေဖြင့် သီချင်းတွေကို ကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်ဖန်တီးရေးသားထားပြီး သီချင်းရေးသားမှုအပိုင်းနှင့်ပတ်သက်ပြီး ''ညီမ ရေးထားတာက ဒီအခွေ မှာ ငါးပုဒ်ပါတယ်၊ အကြောင်းအရာတွေကတော့ အစုံပါတယ်၊ အထူးသဖြင့် ညီမရဲ့ ပတ်ဝန်းကျင်က သူငယ်ချင်းတွေရဲ့ ခံစားချက်တွေကို ညီမက ကိုယ်တိုင်ခံစားပြီး ရေးပေးထားပါတယ်၊ ကိုယ်ကိုယ်တိုင်ခံစားရပြီး ရေးထားတဲ့ သီချင်းလေးတွေ လည်းပါတာပေါ့၊ ညီမက အဆွေးသီချင်းရေး ရတာပိုပြီး အားသန်တဲ့သူမို့ အဆွေး သီချင်းလေးတွေပါတယ်၊ ဘဝမှာ ပျော်ပျော်နေတတ်ဖို့အတွက် ရည်òန်းပြီးရေးထား တဲ့ သီချင်းလေးတွေပါတယ်၊ အမှတ်တရဖြစ်စေမယ့် သီချင်းလေးတစ်ပုဒ်ပါပါတယ်၊ ''အလိုက်တသိ'' ဆိုတဲ့ သီချင်းလေးပြန်ထည့်ထားတယ်၊ ညီမ ပြိုင်ပွဲစပြိုင်ကတည်းက အားလုံး ကြိုက်နှစ်သက်ပြီး အားပေးလက်ခံကြတဲ့ သီချင်းလေးမို့ ဒါလေးကို ပြန်ထည့် ထားပါတယ်''ဟု ပြောသည်။
သီချင်းပုံစံလေးတွေ အားလုံးကိုပုံစံခွဲထွက်ပြီး ရေးသားဖန်တီးထားသလို ကိုယ်တိုင်ရေးထားသော ကိုယ်ပိုင်သံစဉ်သီချင်းများနှင့် ကော်ပီသီချင်းအချို့ ပါဝင်ကြောင်း၊ ပရိသတ်ရင်ဘတ်နှင့် ပိုးမီရင်ဘတ်တိုက်ရိုက်အချိုးကြရန် မျှော်မှန်း ထားပြီး တေးသီချင်းများကို တေးရေးမေသော်နှင့် ပိုးမီးတို့က ရေးသားထားကြောင်း သိရသည်။
အဆိုတော်ပိုးမီအနေဖြင့် ယခုကဲ့သို့ အဆိုတော်တစ်ယောက် အဖြစ်ကို မခံယူခင်ဘဝ၏ လောကဓံရိုက်ခတ်မှုဒဏ်တွေကို ကြံ့ကြံ့ခံခဲ့ရပြီး ဝမ်းရေး အတွက် ကြိုးစားရုန်းကန်းခဲ့ရသည်များကို ယခုလို ဖွင့်ဟပြောကြားခဲ့သည်။ ''ညီမ မိသားစု ပေါ့၊ ညီမက မိသားစုထဲမှာ အကြီးဆုံးသမီးကြီးပါ၊ မိသားစုတာဝန်တွေကို ခဏမေ့ထားပြီး သီချင်းပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ပါတယ်၊ အမေ့ကို ကတိတစ်ခုပေးခဲ့တယ်၊ အမေ သမီးဒီပြိုင်ပွဲကို အကောင်းဆုံးယှဉ် ပြိုင်မယ်၊ သမီးတို့မိသားစုဘဝအတွက် သမီး ရုန်းကန်မယ်၊ အမေက ဘာတစ်ခုမှ မတွေးခိုင်းဘဲ ပြိုင်ပွဲကိုပဲ အာရုံ စိုက်စေခဲ့တယ်၊ ညီမက ငယ်ငယ်က အလွန်ဆိုးခဲ့တယ်၊ ဖေဖေ ဆုံးပါးသွားတဲ့ အခါ အကြီးတစ်ယောက်ဆိုတဲ့စိတ်က အလိုလို ဝင်လာတယ်၊ ကိုယ့်မိဘ မျက်နှာမြင် ရတဲ့အခါ ညီမအလုပ်တွေ ကြိုးစားလုပ်ခဲ့တယ်၊ ပြည်ပမှာလည်း အလုပ်ထွက်လုပ်ခဲ့ တယ်၊ Nplus လောကမှာလည်း သီချင်းတွေဆိုပြီး ရုန်းကန်ခဲ့ရတယ်၊ အဲ့အချိန်မှာ ဘာကို တွေးမိလဲဆို ငါဒီထက်ပိုကြိုးစားပြီး လူသိတဲ့အဆိုရှင်အဖြစ်ခံယူရင်း မိသားစုကို ပိုကြည့်နိုင်မယ်ပေါ့၊ အဲ့စိတ်နဲ့ ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်ခဲ့တာပါ''ဟု ပြောကြားသည်။
အဆိုပါ တေးစီးရီးတွင် တေးသီချင်း ၁ဝ ပုဒ်ပါဝင်ပြီး အခွေထွက်ရှိခြင်း အမှတ် တရအနေဖြင့် ပရိုမိုးရှင်းပွဲပြုလုပ်မည်ဟု သိရသည်။ ကိုလင်း(မြန်မာ့အလင်း)
No comments:
Post a Comment