ရန်ကုန် ဖေဖော်ဝါရီ ၂ဝ
ရန်ကုန် ရွှေပြည်သာမြို့နယ် လိန်ကုန်းမှစ၍ မြို့လယ်ရှိ ဆူးလေ၊ ရန်ကုန်ဘူတာကြီးအထိ သွားသောYBSယာဉ်လိုင်းအမှတ်(၇၈)ကို ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းမှ စတင်ပြေးဆွဲရာ အဆိုပါယာဉ်လိုင်းသစ်ကြောင့် ခရီးသည်များ ပို၍ အဆင်ပြေလာ ကြကြောင်း သိရသည်။
အဆိုပါယာဉ်လိုင်းသစ်မှာ ရွှေပြည်သာ လိန်ကုန်းမှ ဘုန်းကြီးလမ်း စံပြရုပ်ရှင်ရုံ မှတ်တိုင်အထိ ကားခ ကျပ် ၂ဝဝ ဖြစ်ပြီး စံပြမှ မဟာဗန္ဓုလလမ်းအတိုင်း မြို့လယ် ဆူးလေ၊ ဘူတာကြီးအထိကို တစ်ရာကျပ်ဖြစ်ကာ မြို့တွင်းမှ ပြန်ထွက်ရာတွင် အနော် ရထာလမ်းမအတိုင်း ပြန်ထွက်ပြီး ကားခမှာ စံပြအထိ ၁ဝဝ ကျပ်နှင့် စံပြမှ လိန်ကုန်း အထိ ၂ဝဝ ကျပ်ဖြစ်ကြောင်း သိရသည်။
ယခင်က ရန်ကုန်မြို့လယ်အထိ ဝင်ရောက်သော ခရီးရှည်ယာဉ်လိုင်းမှာ မှော်ဘီ၊ ထောက်ကြံ့မှထွက်သည့် အမှတ် (၃၇) တစ်လိုင်းသာရှိကာ အင်းစိန်ဘက်မှလာသော ယာဉ်လိုင်းများဖြစ်သည့် (၂၁)၊ (၃၅)၊ (၃၉) တို့မှာ ဘုန်းကြီးလမ်းအထိသာရောက်ပြီး ဘုန်းကြီးလမ်းတွင် မြို့တွင်းဆက်မဝင်ဘဲ မော်တင်ဘက်သို့ ကွေ့သွားရာ မြို့တွင်းသို့ သွားမည့် ခရီးသည် အများအပြားမှာ မော်တင်တွင် ကားပြောင်းစီးရသဖြင့် ရုံးတက် ရုံးဆင်းချိန်များတွင် အဆင်မပြေမှုများ ရှိခဲ့သည်။
ယခု ဖေဖော်ဝါရီ ၁၈ ရက်မှစ၍ (၇၈) ယာဉ်လိုင်းသစ်က မဟာဗန္ဓုလလမ်းအတိုင်း ဆူးလေ၊ ဘူတာကြီးအထိ ပြေးဆွဲသဖြင့် မြို့တွင်းသို့ဝင်မည့် ခရီးသည် အများစုအတွက် ကားတစ်ဆင့်တည်းဖြင့် အဆင်ပြေသွားသလို ကားခမှာလည်း နှစ်ဆင့်စီးရသည်ထက် ပိုကုန်ကျခြင်းမရှိကြောင်း ခရီးသည်တစ်ဦးက ပြောသည်။
YBS(၇၈) ယာဉ်လိုင်းသစ်ကို ပြေးဆွဲသည့် လူထုမိတ်ဆွေကုမ္ပဏီ၏ အသိပေး ချက်အရ (၇၈) ယာဉ်လိုင်းကို ကားသစ်အစီးရေ ၅ဝ ဖြင့် ပြေးဆွဲမည်ကြောင်း သိရ သည်။ (မြန်မာ့အလင်း)
No comments:
Post a Comment