Latest News

Monday, February 19, 2018

ဆရာမြသန်းတင့် ကွယ်လွန်ခြင်း အနှစ်(၂ဝ) ပြည့် အထိမ်းအမှတ်အခမ်းအနား ရန်ကုန် စာအုပ်လမ်းတွင် ကျင်းပ

ဆရာမြသန်းတင့် ကွယ်လွန်ခြင်း အနှစ်(၂ဝ) ပြည့်
အထိမ်းအမှတ်အခမ်းအနား ရန်ကုန် စာအုပ်လမ်းတွင် ကျင်းပ

ရန်ကုန်    ဖေဖော်ဝါရီ   ၁၈

ဆရာမြသန်းတင့် ကွယ်လွန်ခြင်း အနှစ် (၂ဝ) ပြည့် အထိမ်းအမှတ်အခမ်းအနား ကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်    သိမ်ဖြူလမ်းရှိ ရန်ကုန်စာအုပ်လမ်း၌      ကျင်းပရာ စာပေနယ်ပယ်အသီးသီးမှ    ပုဂ္ဂိုလ်များ နှင့် စာပေဝါသနာရှင်များ   တက်ရောက် ကြသည်။

အခမ်းအနားတွင်      ဆရာကြီး ဗိုလ်ကလေးတင့်အောင်က       ဆရာ မြသန်းတင့်အတွက်  အမှတ်တရရေးသား ထားသော  ''သတိရပါတယ် မြသန်းရယ်''       အမှတ်တရစာ (ဆောင်းပါး)ကို ပွဲကျင်းပ ရေး ကော်မတီဝင်တစ်ဦးက    ဖတ်ကြားပြီး ကဗျာဆရာ   မောင်သွေးသစ်က   ဆရာ မြသန်းတင့်၏   စိတ်နေသဘောထား၊ စာပေအပေါ် ခံယူချက်များနှင့်ပတ်သက်၍ ပြည်သူများ မသိရှိသေးသော အကြောင်း အရာများကို  အမှတ်တရစကားပြောကြား သည်။
ထို့နောက် ဆရာမောင်ကိုကို (အမရ ပူရ)၊ ဆရာမိုးဇော်၊ ဆရာစိုင်းဝင်းမြင့် တို့က ဆရာမြသန်းတင့် ရေးသားခဲ့သော ကဗျာများကို  အမှတ်တရ  ရွတ်ဆိုကြပြီး ဆရာမ ငယ်မင်းထိုက်က ဆရာမြသန်းတင့် ရေးသားခဲ့သည့်  အက်ဆေးတစ်ပုဒ်ကို ဖတ်ကြားသည်။

ယနေ့ အခမ်းအနားနှင့် ပတ်သက်၍ ကဗျာဆရာ            မောင်သွေးသစ်က   ''ကျွန်တော်တို့    စာပေလောကမှာ အယူအဆနှစ်မျိုးရှိတယ်၊  စာပေဟာ စာပေအတွက်ပဲဖြစ်ရမယ်၊  စာပေဟာ အနုပညာအတွက်     ဖြစ်ရမယ်ဆိုတဲ့ အယူအဆမျိုး    ရှိကြတယ်။   ဆရာ မြသန်းတင့်ကတော့  စာပေဟာ ပြည်သူ့ အတွက်ပဲဖြစ်ရမယ်ဆိုတဲ့ အယူအဆမျိုး ရှိပါတယ်၊   တစ်ဖက်မှာလည်း   သူဟာ နိုင်ငံရေးယုံကြည်ချက်ရှိသူ တစ်ဦးပါ။ အဲဒီလို   ယုံကြည်ချက်ကြောင့်   သူရဲ့ စာမျက်နှာမှာ   ရသလောက် ရေးသွား ပါတယ်၊  ဒါကြောင့်  ဆရာမြသန်းတင့် အပေါ်မှာ ကျွန်တော်ဟာ နိုင်ငံရေးအရ သော်လည်းကောင်း၊   စာရေးဆရာ တစ်ဦးအနေနဲ့သော်    လည်းကောင်း လေးစားမှုအများကြီးရှိပါတယ်''    ဟု ပြောသည်။

အဆိုပါ  အခမ်းအနားကို  ဆရာ မြသန်းတင့်အား ချစ်မြတ်နိုးကြသူများက စုပေါင်းပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနား တွင် အမှတ်တရပစ္စည်းများ ရောင်းချခြင်း၊ ဆရာမြသန်းတင့်    ရေးသားခဲ့သော စာအုပ်များကို ရောင်းချခြင်းနှင့် ဆရာ မြသန်းတင့်၏  ပုံတူပန်းချီကားများကို လေလံစနစ်ဖြင့် ရောင်းချခြင်းတို့အပြင်  တက်ရောက်လာကြသူများအား ဆရာ မြသန်းတင့် ရေးသားခဲ့သော စာအုပ်များ ကို အမှတ်တရ  မဲဖောက်ပေးခဲ့ကြောင်း သိရသည်။  
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး(မြန်​မာ့အလင်း)

No comments:

Post a Comment