Latest News

Wednesday, February 7, 2018

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ဘက်ပေါင်းစုံက ကူညီထောက်ပံ့သွားမယ့် မူဝါဒကို ကိုင်စွဲထား

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ဘက်ပေါင်းစုံက ကူညီထောက်ပံ့သွားမယ့် မူဝါဒကို ကိုင်စွဲထား

မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီ ၇ ရက်မှ ၈ ရက်အထိ ရောက်ရှိနေသည့် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အထူးအကြံပေး Mr.Kentraro SONOURA နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-

မေး။ ။ ဂျပန်နိုင်ငံက မြန်မာနိုင်ငံနဲ့ ဘယ်လိုပူးပေါင်း
ဆောင်ရွက်မှုတွေကို လုပ်ဆောင်နေပါသလဲ။
ဖြေ။ ။ ဂျပန်နိုင်ငံဟာ နှစ်ပေါင်းရှည်ကြာစွာ ချစ်ကြည်
ရင်းနှီးလာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ ဂျပန်အစိုးရနဲ့ ပုဂ္ဂလိကတို့ပူးပေါင်းပြီး ဘက်ပေါင်းစုံကနေ အကူအညီပေး နေတာ ဖြစ်ပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်မတိုင်ခင် မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ လူမှုဘဝအပြောင်းအလဲတွေ လက်တွေ့ ခံစားနိုင်ဖို့အတွက် ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူ ပို့ဆောင်ရေးနဲ့ လျှပ်စစ် စတဲ့ကဏ္ဍသုံးခုကို အထူးအလေး ထားပြီး ထောက်ပံ့ကူညီတဲ့မူဝါဒကို ချမှတ်ထားပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော် ရင်း နိုင်ငံတွင်းနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ ချိတ်ဆက် ဆောင်ရွက်မှု မြှင့်တင်ရေးဟာ အလွန်အရေးပါတဲ့ ကိစ္စရပ် တစ်ခုဖြစ်ပါတယ်။ ပထမဦးဆုံး ရန်ကုန်ပတ်ဝန်းကျင်ရဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ကို ထိထိရောက်ရောက် တိုးတက်ဖို့အတွက် ရန်ကုန်မြို့ပတ် ရထားလမ်းပြုပြင်ရေးကို ရှေ့ဆက်လုပ်ဆောင်နေတဲ့အပြင် မြို့တွင်းရထားလမ်းသစ် ဖောက်လုပ်ရေးဆိုင်ရာ လေ့လာ ဆန်းစစ်မှုတွေကို စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ ကျေးလက်ဒေသနဲ့ မြို့ပြ၊ ပြည်ပနိုင်ငံများနဲ့ ချိတ်ဆက်လုပ် ဆောင်မှုတွေကို တိုးမြှင့်ဖို့အတွက် ရန်ကုန်-မ္တလေး ရထား လမ်းပြုပြင်ရေးနဲ့ ရန်ကုန်-မ္တလေးအကြား ရေကြောင်း သွားလာမှု အဆင့်မြှင့်တင်ရေးကို ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံအပါအဝင် မဲခေါင် ဒေသတစ်ခုလုံးရဲ့ ကုန်စည်စီးဆင်းမှု ပိုမိုအဆင်ပြေချောမွေ့ စေရေးအတွက် အီလက်ထရွန်နစ်အကောက်ခွန်စနစ်ကို အသုံးပြုပြီး ထိုင်းနိုင်ငံနယ်စပ်နဲ့ ရန်ကုန်မြို့ကို ဆက်သွယ် ပေါင်းစည်းနိုင်မယ့် အရှေ့အနောက် စီးပွားရေးစင်္ကြံ (East-West Economic Corridor) ဆောက်လုပ်ရေးစီမံကိန်း များကို ထောက်ပံ့လာခဲ့ပါတယ်။ နှစ်နိုင်ငံအစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းမှုရဲ့ သင်္ကေတဖြစ်တဲ့ သီလဝါအထူးစီးပွားရေးဇုန် ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ခြင်း၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းဖန်တီး ပေးခြင်းများအပြင် မြန်မာနိုင်ငံရဲ့စီးပွားရေးကို က္ဘာ့စီးပွား ရေးအသိုက်အဝန်းနဲ့ ချိတ်ဆက်ပေးပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုရဲ့ ကနဦးလမ်းစအဖြစ်နဲ့ အရေးကြီးတဲ့ အခန်း ကဏ္ဍကနေပါဝင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
နောက်ကဏ္ဍတစ်ခုဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ် မှုဖော်ဆောင်ရေးဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို တည်တည်ငြိမ်ငြိမ်ရှေ့ဆက်ပြီး ဒေသတစ်ခုလုံးရဲ့ အေးချမ်း သာယာရေးကို ဖော်ဆောင်နိုင်ဖို့အတွက် အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ် Mr. Yohei SASAKAWA နဲ့ အတူ သက်ဆိုင်ရာ ငြိမ်းချမ်းရေးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲ တွေကို မြှင့်တင်ရေးနဲ့ ကရင်ပြည်နယ်အပါအဝင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရရှိထားတဲ့ဒေသတွေရဲ့ ပြန်လည် ထူထောင်ရေးဆိုင်ရာ ဖွံ့ဖြိုးရေးထောက်ပံ့မှုကနေတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အားပေးကူညီ လျက်ရှိပါတယ်။
ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာစေရေးအတွက် တပ်မတော်ဟာအရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဂျပန်နိုင်ငံဟာ ဒီမိုကရေစီစနစ်အောက်မှာရှိတဲ့ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အတွေ့အကြုံတွေကို ကိုးကားနိုင်ဖို့ အတွက် ဂျပန်နိုင်ငံသို့ ပညာတော်သင် ကျောင်းသားများကို ခေါ်ယူခြင်း၊ တပ်မတော်ထိပ်တန်းအရာရှိများအချင်းချင်း နှီးနှောဖလှယ်ခြင်း၊ လူသားချင်းစာနာထောက်ထားရေး ဆိုင်ရာ ကူညီမှုနဲ့ သဘာဝဘေးအ္တရာယ်ဆိုင်ရာ ကူညီ ကယ်ဆယ်မှုများအတွက် တုံ့ပြန်စွမ်းရည် မြှင့်တင်ရေးဆိုင်ရာအကူအညီများပေးခြင်း စတဲ့ တပ်မတော်အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုနဲ့ နှီးနှောဖလှယ်မှုများကို လုပ်ဆောင်လျက် ရှိပါတယ်။
ဒီတစ်ခေါက် မြန်မာပြည်ခရီးစဉ်မှာဆိုရင် ဒီနေ့မှာပဲ ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဂျပန်ကိုယ်ပိုင်ကာကွယ် ရေးတပ်ဖွဲ့တို့က မြန်မာ့တပ်မတော်မှာ ကျင်းပမယ့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကူညီမှုနဲ့ သဘာဝဘေးအန္တရာယ် ဆိုင်ရာကူညီကယ်ဆယ်ရေးနှီးနှောဖလှယ်ပွဲ (HA/DR Se-minar) ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။
မေး။ ။ ဂျပန်နိုင်ငံအနေနဲ့ အိန္ဒိယ-ပစိဖိတ်ဒေသတစ်ခုလုံးနဲ့
ပတ်သက်ပြီး ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်နေပါသလဲ။
ဖြေ။ ။ ဂျပန်နိုင်ငံဟာ ယခုအချိန်အထိ တရားဝင် ဖွံ့ဖြိုး
တိုးတက်မှု ထောက်ပံ့ရေးအစီအစဉ် (ODA) တွေ ကိုအသုံးပြုပြီး တည်ငြိမ်အေးချမ်းရေးနဲ့ ကြွယ်ဝချမ်းသာ ရေးအတွက် တက်တက်ကြွကြွကူညီလာခဲ့တာ ဖြစ်ပါတယ်။ အာဆီယံအပါအဝင် အိန္ဒိယ-ပစိဖိတ်ဒေသဟာ လူဦးရေ ထူထပ်ကာ စီးပွားရေးဖြစ်ထွန်းနိုင်စွမ်း များစွာရှိပြီး ကမ္ဘာ့ ပင်မအချက်အချာအကျဆုံးနေရာလို့ ပြောလို့ရပါတယ်။ ဂျပန်နိုင်ငံဟာ တရားဥပဒေစိုးမိုးရေးကိုအခြေခံတဲ့ လွတ်လပ် ပြီး ပွင့်လင်းတဲ့ အိန္ဒိယ-ပစိဖိတ်ဒေသကို ဒေသတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိုဆောင်ကြဉ်းပေး မယ့် “''နိုင်ငံတကာပိုင်ဓန''အဖြစ် အကောင်အထည်ဖော် ရန်အတွက်“''လွတ်လပ်ပြီးပွင့်လင်းတဲ့ အိန္ဒိယ-ပစိဖိတ်မဟာ ဗျူဟာ''ကို အားထည့်လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
အသေးစိတ် တိတိကျကျပြောရမယ်ဆိုရင် (၁) ရေကြောင်း ခရီးကိုလွတ်လပ်အေးချမ်းစွာသွားလာနိုင်ရေး၊ တရားဥပဒေစိုးမိုးမှု ပျံ့နှံ့ရေးနဲ့ အခြေခံခိုင်မာရေး၊ (၂) နိုင်ငံ တကာစံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ''အရည်အသွေးမြင့် အခြေခံ အဆောက်အအုံများ''ကို ဆောက်လုပ်ခြင်းကတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားပြီး စီးပွား ရေးဆိုင်ရာ ကြွယ်ဝချမ်းသာမှုများရရှိစေရေး၊ (၃) ပင်လယ်ပြင် ဥပဒေအာဏာသက်ရောက်ရေးနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကဏ္ဍတွေမှာ စွမ်းဆောင်ရည်တည်ဆောက် ရေး အကူအညီများပေးအပ်ခြင်းဖြင့် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် အေးချမ်းရေးအတွက် လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရေး စတဲ့ မဏ္ဍိုင်သုံးရပ်ပဲ ဖြစ်ပါတယ်။
အထူးသဖြင့် ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံအပါအဝင် အိန္ဒိယ-ပစိဖိတ်ဒေသ နိုင်ငံအသီးသီးနဲ့ ပူးပေါင်းဆောင်ရွက် ပြီး ပင်လယ်ဆိပ်ကမ်းတွေ၊ ရထားလမ်းတွေ၊ ကားလမ်းတွေ စတာတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ချိတ်ဆက်လုပ်ကိုင်မှုများအပြင် လူလူချင်းချိတ်ဆက်ဆောင်ရွက်ခြင်းနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်ခြင်း တိုးတက်လာစေမယ့်လုပ်ငန်း စဉ်များကို တိုးမြှင့်ဆောင်ရွက်လာခဲ့ပါတယ်။ ဂျပန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးမှာ ကနဦး ချိတ်ဆက်ဆောင်ရွက်မှု တွေကတစ်ဆင့် ဦးစားပေးဆောင်ရွက်သင့်တဲ့ စီမံကိန်းတွေ နဲ့ ကိစ္စရပ်တွေကို ဆွေးနွေးညှိနှိုင်းပြီး စီမံကိန်းပုံစံချခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။
အခြေခံအဆောက်အအုံတည်ဆောက်ရေးနဲ့ ပတ်သက် ပြီး အကျိုးအမြတ်ရရှိရေးနဲ့ လုံခြုံစိတ်ချရေး၊ လှူအဖွဲ့အစည်း နဲ့ ပတ်ဝန်းကျင်ပြဿနာများကို ထည့်သွင်းစဉ်းစားပြီး သေချာခိုင်မာစွာ လုပ်ကိုင်ဆောင်ရွက်ကာ စီမံကိန်းက တစ်ဆင့် ပေါ်ပေါက်လာမယ့် အလုပ်အကိုင်အခွင့်အလမ်း တွေနဲ့ စွမ်းရည်ပျိုးထောင်မှုတွေကို အလေးထားဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ စီမံကိန်းလက်ခံ တဲ့ နိုင်ငံရဲ့ ဘဏ္ဍာရေးဟန်ချက်ညီမျှရေး၊ စီးပွားရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးမဟာဗျူဟာများ ညီညွတ်မျှတရေးအပြင် လိုအပ်ချက်အပေါ်မူတည်ပြီး လွတ်လပ်စွာ အသုံးပြုခွင့်ရှိရ မယ့် နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ “အရည်အသွေးမြင့် အခြေခံအဆောက်အအုံများ” တိုးပွားလာရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမှာလည်း စောစောကပြောသွားတဲ့ သီလဝါအထူးစီးပွားရေးဇုန်နဲ့ အရှေ့ အနောက်စီးပွားရေးစင်္ကြံ တိုးတက်ရေးစီမံကိန်းတွေဟာ အဲဒီ့အကျိုးရလဒ်တွေကို ခံစားနိုင်မယ့် စီမံကိန်းတွေဖြစ်မယ် လို့ ထင်ပါတယ်။
ဒါ့အပြင် ပင်လယ်ရပ်ခြား သယ်ယူပို့ဆောင်ရေး လမ်းကြောင်းမှာ ဘေးအန္တရာယ်ကင်းရှင်းစေပြီး တရား ဥပဒေစိုးမိုးရေးကိုအခြေခံတဲ့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ ပင်လယ်ပြင်ဥပဒေကို လိုက်နာစောင့်ထိန်းကာ ပင်လယ်ပြင် ဥပဒေအာဏာ သက်ရောက်ရေးနဲ့၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကူညီမှုနဲ့ သဘာဝဘေးအန္တရာယ် ဆိုင်ရာကူညီကယ်ဆယ်မှုများအတွက် (HA/DR) စွမ်းရည်တည်ဆောက်ရေးအထောက်အပံ့များကို ပေးအပ်လာခဲ့တာ ဖြစ်ပါတယ်။
မေး။ ။ ''လွတ်လပ်ပြီး ပွင့်လင်းတဲ့ အိန္ဒိယ-ပစိဖိတ်မဟာ
ဗျူဟာ''အရ မြန်မာနိုင်ငံကဘယ်လိုအနေအထားက ပါဝင်မှာပါလဲ။
ဖြေ။ ။ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ သမိုင်းစဉ်ဆက်
ရင်းနှီးချစ်ကြည်တဲ့နိုင်ငံဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ် ကျော်လောက်မှာ သမိုင်းဝင်အပြောင်းအလဲကို ကြုံတွေ့ ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ကို ဘက်ပေါင်းစုံက ကူညီထောက်ပံ့သွားမယ့် မူဝါဒကို ကိုင်စွဲ ထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်အမြစ်တွယ် ခိုင်မာပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင် ခြင်းဟာ မဲခေါင်ဒေသနဲ့ အာဆီယံဒေသကို အစပြုလို့ အိန္ဒိယ-ပစိဖိတ်ဒေသတစ်ခုလုံးရဲ့ တည်ငြိမ်အေးချမ်းရေး၊ ကြွယ်ဝချမ်းသာရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ ယူဆ မိပါတယ်။
အရှေ့တောင်အာရှနဲ့ တောင်အာရှဒေသရဲ့ ပေါင်းဆုံ ရာနေရာမှာတည်ရှိတဲ့ မြန်မာနိုင်ငံဟာ ''လွတ်လပ်ပြီး ပွင့်လင်း တဲ့ အိန္ဒိယ-ပစိဖိတ်မဟာဗျူဟာ'' ပေါ်ပေါက်လာဖို့ အဓိက သော့ချက်နိုင်ငံဖြစ်ပြီး ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို အထူး အလေးထားလျက်ရှိပါတယ်။ အဲ့ဒီမဟာဗျူဟာက မြန်မာနိုင်ငံ ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အပြည့်အဝအကျိုးပြုနိုင်ဖို့အတွက် စောစောကတင်ပြခဲ့တဲ့ အချက်သုံးချက်အတိုင်း ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အဲ့ဒီလို လုပ်ဆောင်သွားရင်း အနောက်ဘက်မှာ အိန္ဒိယ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ နောက်ပြီး အရှေ့ဘက်မှာ မဲခေါင်နိုင်ငံအသီးသီး၊ တောင်တရုတ်ပင်လယ်ကိုဖြတ်ပြီး ပစိဖိတ်သမုဒ္ဒရာကို ဆက်စပ်တဲ့ လမ်းကြောင်းတွေမှာ လူ၊ ကုန်ပစ္စည်းသွားလာစီးဆင်းမှုကို ချောမွေ့ပြေပြစ်စေပြီး ဒေသတစ်ခုလုံးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် မျှော်လင့်ချက်အလွန်မြင့်မားနေပြီး နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံနဲ့အတူတကွ တိုးတက်သွားနိုင်ဖို့ မျှော်လင့်လျက် ရှိပါတယ်။
သတင်းအဖွဲ့ပြန်​ကြား​ရေး

No comments:

Post a Comment